သစ်ခက်သံလွင်၊ သမိုင်းရေးရာ၊ ထွန်းဝင်းငြိမ်း ၏ "ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အကြောင်းရင်း "

ထွန်းဝင်းငြိမ်း ● ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အကြောင်းရင်း
(မိုးမခ)(သစ်ခက်သံလွင်) ဇူလိုင် ၁၈၊ ၂ဝ၁၇

● အမျိုးသားညီညွတ်ရေး
၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ပြီးဆုံးသွားတဲ့အခါ စက္ကူဖြူစီမံကိန်းကို ကိုင်ပြီးဝင်လာတဲ့ ဗြိတိသျှနယ်ချဲ့သမားကို ဆက်လက် တော်လှန်ဖို့ရာ ဖဆပလကို မြေပေါ်မှာ ရပ်တည်ခဲ့တယ်။ တကယ်တော့ စက္ကူဖြူစီမံကိန်းဆိုတာ စစ်ပြီးခေတ် မြန်မာနိုင်ငံကို ဆက်လက်ကျွန်ပြုဖို့ စီမံကိန်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က ဖဆပလမှာ ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌ၊ သခင် သန်းထွန်းက အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့ကြပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ဖဆပလ အဖွဲ့ချုပ် ကြီးဟာ ဗြိတိသျှရဲ့ စစ်အုပ်ချုပ်ရေးကာလမှာ ရန်ကုန်မြို့၊ နေသူရိန်ရုံကြီးမှာ ကြီးမားတဲ့ လူထုစည်းဝေးပွဲကြီးနဲ့ ဆန္ဒပြပွဲကြီးကို ကျင်းပခဲ့ပါတယ်။ နေသူရိန် အစည်းအဝေးပွဲကြီးကနေ စစ်အုပ်ချုပ်ရေး အမြန်ဆုံး ရုပ်သိမ်းပေးရန်၊ လွတ်လပ်ရေးနှင့် အမျိုး သားအစိုးရဖွဲ့စည်းရေးနဲ့ မြန်မာ့လက်နက်ကိုင်တပ်များအရေးစတဲ့ အရေးကြီးအဆိုတွေကို ချမှတ်နိုင်ခဲ့ကြတယ်။

၁၉၄၅ စက်တင်ဘာအတွင်းမှာ ဗြိတိသျှ လက်နက်ကိုင်တပ်တွေရဲ့ သေနာပတိ မောင့်ဘက်တန်နဲ့ ဖဆပလခေါင်းဆောင် တွေဟာ သီဟိုနိုင်ငံ ကန္ဒီမြို့မှာ ကန္ဒီစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ ၁၉၄၅ အောက်တိုဘာ ၁၆ မှာတော့ စစ်အုပ်ချုပ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ မြို့ပြ အုပ်ချုပ် ရေးတွေကို ရုပ်သိမ်းပြီး ဗြိတိသျှ ဘုရင်ခံတစ်ဦးတည်း အာဏာပိုင်တဲ့ စက္ကူဖြူအုပ်ချုပ်ရေးကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိသျှကိုလိုနီတွေရဲ့ စစ်ပြီးခေတ် စက္ကူဖြူအုပ်ချုပ်ရေးနဲ့ ဆင်းမလားစီမံကိန်းတွေကို ဗမာတမျိုး သားလုံးက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် ဘုရင်ခံက ဖဆပလအဖွဲ့ချုပ်ကြီးကို အသိအမှတ်ပြုပြီး စက္ကူဖြူစီမံကိန်းမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ကြားဆွေးနွေးခဲ့ရပါတယ်။ အဲဒီနှစ် အောက်တိုဘာ ၁၉ မှာ ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်တွေတောင်းဆိုတဲ့ ဝန်ကြီးလောင်း ၁၁ ဦးကို မပေးနိုင်တဲ့အတွက် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရတယ်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလမှာတော့ လူထုတသိန်းကျော် ပါဝင်တဲ့ စက္ကူဖြူအုပ်ချုပ်ရေး ကန့်ကွက်ဆန္ဒပြပွဲကြီးဟာ ဗမာနိုင်ငံက ဘုရင်ခံကို သာမက ဗြိတိသျှနိုင်ငံရှိ အာဏာရ လေဘာပါတီ အစိုးရကိုပါ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အဲဒီကာလဟာ ဗမာ့နိုင်ငံရေး အမျိုးသား ညီညွတ်ရေး အားအကောင်းဆုံးကာလလို့ ဆိုနိုင်ပါတယ်။

၁၉၄၆ စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ဟာ ဖဆပလအဖွဲ့ချုပ်က တောင်းဆို ခဲ့တဲ့ အတိုင်ပင်ခံ ဝန်ကြီး ၁၁ နေရာ မပေးပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို အတိုင်ပင်ခံအမှုဆောင်အဖွဲ့မှာ သူရဲ့ ဒုဥက္ကဋ္ဌအဖြစ်၊ ကာကွယ်ရေးနဲ့ ပြည်ပ ဆက်သွယ်ရေး ဌာနတွေကို ဦးစီးဖို့ ပေးအပ်ခဲ့ပါတယ်။ အပေးအယူသဘောနဲ့ ဖဆပလ ခေါင်းဆောင်တွေကလည်း ဖဆပလအဖွဲ့ချုပ်ကြီးကို ဆန့်ကျင်နေတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ဂဠုန်ဦးစောနဲ့ သခင်ဗစိန်တို့ကို အမှုဆောင်ကောင်စီမှာ ထည့်သွင်းပေး ခဲ့ရသလို စက္ကူဖြူအုပ်ချုပ်ရေးကို မူအားဖြင့်လက်ခံရကာ အထွေထွေသပိတ်ကြီးကို ပြန်လှန်ပေးဖို့ တာ ဝန်ယူခဲ့ကြရပါတယ်။

● အခြေခံပြဿနာ
ဒိုင်အာခီ အုပ်ချုပ်ရေးကာလက ဗြိတိသျှအာဏာပိုင်တွေပေးတဲ့ အုပ်ချုပ်ရေးကို ပူးပေါင်းဆောင်ရွက်မယ်ဆိုတာနဲ့ ဆန့်ကျင် ဆောင်ရွက် မယ်ဆိုတဲ့ အခြေခံပြဿနာပေါ်မှာ ၂၁ ဦး ဂိုဏ်းသာတွေနဲ့ ဝံသာနုအသင်းချုပ်ကြီးကွဲခဲ့ရသလို၊ ၁၉၄၆ ခု စက်တင်ဘာလမှာပေးအပ်ခဲ့တဲ့ စက္ကူဖြူအုပ်ချုပ်ရေးကို အခြေခံပြီး ဖဆပလအဖွဲ့ချုပ်ကြီးကို လက်ခံလိုသူများနဲ့ လက်မခံ လိုသူများဆိုပြီး ကွဲပြားခဲ့ကြပါတယ်။ ဖဆပလအဖွဲ့ချုပ်ကြီးအတွင်းက တိုင်းရင်းသားဓနရှင်တွေက သူတို့လူတန်းစား အကျိုးစီးပွား ကွက်ကွက်ကလေးကိုကြည့်ပြီး လက်ခံဖို့ အားထုတ်ကြပါတယ်။ ဒါပေမဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အလုပ်သမား လူတန်းစားတွေကတော့ အဖိနှိပ်ခံ လူတန်းစားအားလုံးရဲ့ အကျိုးစီးပွား ရှုဒေါင့်ကနေကြည့်ပြီး လက်ခံခြင်း မပြုသင့် ဘဲ ဆက်လက်ဆန့််ကျင်ကာ တိုက်ပွဲဝင်သင့်တယ်လို့ သဘောထားကြပါတယ်။

ဖဆပလ အဖွဲ့ချုပ်ကြီးဟာ ဆာဟူးဘတ် (စ်) ရန့််စ် ရဲ့အတိုင်ပင်ခံ အမှုဆောင်အဖွဲ့အတွင်းကို ပူးပေါင်းဝင်ရောက်သွားပြီး တလခန့်အကြာ မှာ တိုင်းရင်းသား ဓနရှင်ခေါင်းဆောင်တွေနဲ့ အလုပ်သမားလူတန်းစားေ ခါင်းဆောင်တွေဟာ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ အမျိုးသားရေးနှင့် ဒီမိုကရေစီရေး အထွေထွေလှုပ်ရှားမှုဆိုင်ရာ နိုင်ငံရေးလမ်းစဉ်ပေါ်မှာ အခြေခံပြီးကွဲခဲ့ကြပါ တယ်။ အဲဒီအခြေအနေရဲ့ အကျိုးဆက်အနေနဲ့ ၁၉၄၆ ခု နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ ဖဆပလအဖွဲ့ချုပ်ထဲကနေ ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်တာကြောင့် ကိုလိုနီနယ်ချဲ့သမားတွေအကြိုက် နိုင်ငံရေးအခင်းအကျင်းကို စတင်ရရှိသွားပါတော့တယ်။

● ကြားဖြတ်အစိုးရ
၁၉၄၇ ခုဇန်နဝါရီမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အောင်ဆန်း၊ အက်တလီ သဘောတူညီချက်အရ စစ်ပြီးခေတ် မြန်မာ နိုင်ငံရဲ့အတိုင်ပင်ခံ အမှုဆောင်အဖွဲ့ဟာ ကြားဖြတ်အစိုးရအဖွဲ့အဆင့်ကို တိုးတက်ပြောင်းလဲ ရရှိခဲ့တယ်။ ဒါပေမဲ့ လွတ်လပ် ရေးနဲ့ပတ်သက်လို့ တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ဆို ဆုံးဖြတ်နိုင်ဖို့ နည်းလမ်းကိုရရှိခဲ့ပေမဲ့ နောက်ဆုံးမှာ ဗြိတိသျှ ပါလီမန် ကသာ ဆုံးဖြတ်အတည်ပြုနိုင်တဲ့ အခြေအနေကို ရရှိခဲ့တာဖြစ်ပါတယ်။ အောင်ဆန်း အက်တလီ သဘောတူညီချက်နဲ့ ပြဌာန်းချက်တွေအရ စစ်ပြီးခေတ်မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြု လွှတ် တော်ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလမှာ ကျင်းပခဲ့ပါ တယ်။ ဖဆပလအဖွဲ့နဲ့ ကွန်မြူနစ်ပါတီတို့က ဝင်ရောက်အရွေးခံခဲ့ကြပါတယ်။ အမတ်အများစုကို ဖဆပလ ကရရှိပြီး ကွန်မြူနစ်ပါတီက အမတ် ၇ နေရာရွေးကောက် တင်မြှောက်ခံရပါတယ်။ အဲဒီရွေးကောက်ပွဲကြီးကို စော၊ စိန်၊ မော် ဂိုဏ်း လို့ခေါ်တဲ့ ဂဠုန်ဦးစော ၊ သခင်ဗစိန်နဲ့ဒေါက်တာဗမော်တို့ က သပိတ်မှောက်ကန့်ကွက်ခဲ့ကြပါတယ်။

တိုင်းပြုပြည်ပြုလွတ်တော်မှာ ရွေးကောက်ပွဲ အနိုင်ရလိုက်တဲ့ ဖဆပလ ယာယီအစိုးရဟာ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ တွေရဲ့အန္တရာယ်ကို ပြည်သူနဲ့အတူ ပူးပေါင်းလက်တွဲပြီး ခုခံတိုက်ဖျက်ဖို့ အရေးမထားတော့ပါဘူး။ ကိုလိုနီစီးပွားရေးဘဝရဲ့ ဖိစီးမှုကို နေ့တဓူဝ ခံစားနေကြရ တဲ့ တောင်သူ လယ်သမား၊ အလုပ်သမားတွေရဲ့လှုပ်ရှားမှုတွေကို ယာယီအစိုးရက အကြမ်းဖက်နှိပ်ကွပ်ခြင်းတွေအထိ ပြုလုပ်လာခဲ့ပါ တယ်။ ၁၉၄၇ ခု မေလ ၃ဝ ရက် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် “အုပ်ချုပ်ရေးဟာ အင်္ဂလိပ်ဥပဒေ ဖြစ်ပေမယ့် အုပ်ချုပ်တဲ့လူက ကျုပ်တို့ဖြစ်နေပြီ။ ဥပမာ ပေးရရင် အင်္ဂလိပ်တွေက ကျုပ်တို့ကို မော်တော်ကား အပျက်ကြီးအမောင်းခိုင်းနေတာဘဲ။ ဒါပေမဲ့ တကယ့် အာဏာက သူတို့လက်ထဲမှာပဲ ရှိနေသေးတော့ ကျုပ်တို့လည်း ဘာမှ မပြင်နိုင်ဘူး” ဆိုပြီးဝန်ခံပြောဆိုခဲ့ပါတယ်။

● အကြောင်းရင်း ၃ ရပ်
နိုင်ငံရေးဆိုတာ စီးပွားရေးရဲ့ အဆက်လို့ဆိုကြပါတယ်။ ဗြိတိသျှတွေဟာ ဗမာနိုင်ငံထဲပြန်ဝင်လာ ကတည်းက သူတို့ရဲ့ စီးပွားရေး လုပ် ငန်းတွေ ကို ပြန်လည်ထူတောင်ပြီး ဗမာပြည်ကို ကျွန်နိုင်ငံအဖြစ် ဆက်လက် အုပ်ချုပ်ဖို့ပါပဲ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် တဲ့မျိုးချစ်တွေက သူတို့ရဲ့ စီးပွားရေးဘဝတခုလုံးကို ဖျက်သိမ်းဖို့ ကြိုးစားလာတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရတဖွဲ့လုံးကို မဖြစ်မနေ ရှင်းပစ်ဖို့ ကြံစည် ခဲ့ကြပါတော့တယ်။ အဲဒီလိုကြံစည်ရတဲ့ အဓိက အကြောင်းရင်း ၃ ရပ်ရှိ တယ်လို့ မြင်ပါတယ်။

● ဓနသဟာယ ပြင်ပ
ပထမအကြောင်းက အောင်ဆန်းအက်တလီ အရ ခေါ်ယူခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံမှာ ၁၉၄၇ခု ဇွန်လ ၁၈ရက် မှာ ကိုလိုနီ ခေတ် ဗမာနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို ဖဆပလ က တညီတညွတ် တည်း ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒီဆုံးဖြတ်ချက်က ကိုလိုနီခေတ် ဗမာနိုင်ငံအား အချုပ်အခြာ အာဏာပိုင်သော၊ လွတ်လပ်သော သမ္မတနိုင်ငံတော်အဖြစ် ဖွဲ့စည်းထူထောင်၍ ဗြိတိသျှ ဓနသဟာယ အုပ်စု ပြင်ပတွင် သီးခြားကင်းလွတ်စွာ နေထိုင်ခြင်းပြုမည်ဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

● ပြည်သူပိုင်သိမ်းရန်
ဒုတိယဆုံးဖြတ်ချက်ကတော့ ကိုလိုနီစီးပွားရေးဘဝကို အပြီးတိုင်ဖျက်သိမ်းမယ့် မိန့်ခွန်းဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် မေလ ၁ ၇က်နေ့မှာ ကျင်းပခဲ့တဲ့ ဗမာနိုင်ငံ ဗြိတိသျှ ကုန်သည်ကြီးများ အသင်းနှစ်ပတ်လည် အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက “ဗမာနိုင်ငံ၌ လုပ်ကိုင်နေကြသော ပရိုဂျက်လုပ်ငန်းများကို မကျေနပ်ကြောင်း၊ အရေးကြီးသောလုပ်ငန်းများ မှန်သမျှကို ပြည်သူပိုင်သိမ်းရန် ကြံရွယ်ထား ကြောင်း၊ ၄င်းပရိုဂျက် လုပ်ငန်းများသည် တိုင်းရင်းသားလုပ်ငန်းများကို အသေသတ်နေပုံရကြောင်း၊ ထိုအမှုကို ကျွန်ုပ်၏ အစိုးရအနေနှင့် ဘယ်နည်းနှင့်မျှ ကြည့်မနေနိုင်ကြောင်း ယခုအခါတွင် အလုပ်သမား မငြိမ်သက်မှုများ ရှိလျှက် သပိတ်များ လည်း မှောက်နေကြောင်း၊ သပိတ်သည် အရင်းရှင်းဝါဒ၏ ရလဒ်မျှ သာဖြစ်ကြောင်း၊ အလုပ်သမားများ၏ တောင်းဆိုချက် အများအပြားပင် တရားမျှတကြောင်း၊ ၄င်း တို့တွင် အမှားအယွင်းများလည်း မည်ကဲ့သို့ပင်ဖြစ်စေ၊ အလုပ်သမားများကို မရှုံ့ချသင့်ဟုထင်ကြောင်း” ဟုဆိုပြီး အတိအလင်းပင် ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

● ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး

တတိယအကြောင်းအရင်းကတော့ ၁၉၄၇ ဇန်နဝါရီလမှာ ဗမာပြည် ကွန်မြူနစ်ပါတီဟာ လွတ်လပ်ရေးအရ ယူဖို့ နောက်ဆုံး တိုက်ပွဲ လမ်းစဉ်ချမှတ်ပြီး ဖဆပလ ကွန်မြူနစ်ညီညွတ်ရေး တည်ဆောက် ရန်ဆုံးဖြတ် ခဲ့တယ်။ ဖဆပလအဖွဲ့ချုပ်ကြီးကနေ ထုတ်ပြန်တဲ့ “တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်” “တောင်းတာကို အေးအေးရရင်ရ၊ မရရင်ချမယ်” ဆိုတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြွေးကြော်သံကို ဆိုရှယ်လစ်ပါတီ၊ ပြည်သူ့ ရဲဘော်နဲ့ ကွန်မြူနစ်ပါတီတို့က ပူးတွဲဆန္ဒပြ ထောက်ခံခဲ့ကြပါတယ်။ ကွန်မြူနစ်ပါတီရဲ့ “အဆုံးသတ် အာဏာသိမ်းပွဲအတွက် ဖဆပလ ကွန်မြူနစ် ညီညွတ်ကြ” ဆိုတဲ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ စိုင်းပြင်းလာတာ ဗမာ့လွတ်လပ်ရေးအင်အားစုတွေ ကွဲပြားနေရာက ပြန်ပြီးရင်ကြားစေ့လာတဲ့အသွင်ကို ဆောင်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တောင်သူလယ်သမားတွေ၊ လူမျိုးစုအခွင့်အရေးတွေ၊ လုံးဝ လွတ်လပ်ရေး အစရှိတဲ့ မိန့်ခွန်းတွေနဲ့ ဖဆပလဆောင်ရွက်ချက်တွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပိုမိုနီး စပ်လာခဲ့ပါတယ်။

၁၉၄၇ ဇူလှိုင်လ ၁၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နောက်ဆုံး မိန့်ခွန်းမှာ လူမျိုးစုံညီညွတ်ရေးနဲ့ လက်ဝဲညီညွတ်ရေး ဆောင်ရွက်ဖို့ သတိပေးပြောကြားခဲ့တာကို တွေ့ရပါတယ်။ “ လွတ်လပ်ရေးရတဲ့အခါ ယိုးဒယားလိုဖြစ်ချင်လား ဆိုဗီယက် ရုရှားလိုဖြစ်ချင်လား။ ဗမာပြည်လွတ်လပ်ရေးရတဲ့အခါမှာ ပြန်လည် ထူထောင်ရေးစီမံကိန်းများကို အမျိုးမျိုးသောနည်းများဖြင့်လုပ်မှ ခပ်ရိုင်းရိုင်းစကားနဲ့ပြောရရင် အတော့်ကို ပြဲအောင် ကြိုးစားလုပ်ကိုင်မှ အနှစ်နှစ်ဆယ်လောက်ကြာမှ ဗမာပြည် တော်ရုံရောက်မယ်။ မလုပ်လို့ရှိရင် ယိုးဒယားတောင် မီမှာမဟုတ်ဘူး၊ အခြားတိုင်းပြည်က ခြေတလှမ်းလှမ်းရင် ဗမာပြည်က ခြေလေးငါးလှမ်း လှမ်းနိုင်မှ တော်ရုံရောက်မယ်။ အဲဒီလိုမလုပ်ရင် ဟိုလူလာလည်း မျက်နှာချိုသွေးရ ဒီလူလာလည်း မျက်နှာချိုသွေးရ၊ ဖာသည်နိုင်ငံဖြစ်မှာပဲ။ တိတိလင်းလင်း သတိပေးခဲ့မယ်။ ဗမာပြည်မှာ လူမျိုးအချင်းချင်း မကွဲဖို့ လူငယ် ပိုင်းဖြစ်တဲ့ လက်ဝဲသမားအချင်းချင်းမကွဲဖို့ သတိပေးလိုတယ်ဆိုပြီး ထည့်သွင်းပြောကြားခဲ့ တဲ့အတွက် ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး အလားအလာကောင်းတွေ တွေ့လာရပါတယ်။

● နည်းလမ်းရှာကြ
ဗြိတိန်၊ ဗမာ အနာဂတ်ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဆက်လက်ခွင့်ပြုထားရင် နယ်ချဲ့တွေရဲ့ အကျိုးစီးပွားအခွင့်မသာတော့တဲ့အဖြစ်ကို ကောင်းစွာတွက်ချက်မိတဲ့ ဗြတိသျှ ကိုလိုနီတွေဟာ လုပ်ကြံ သတ်ဖြတ်ဖို့ နည်းလမ်းတွေကို ရှာကြံခဲ့ကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင် ဆန်းလို ခေါင်းဆောင်ကြီးတစ်ဦးကို ရှင်းပြစ်တဲ့အခါမှာ သူတို့ပယောဂ မပါရှိကြောင်း ဖုံးကွယ်ထားဖို့ အရေးကြီး တာကိုလည်း စနစ်တကျ တွက်ချက်ပြင်ဆင်ခဲ့ကြပါတယ်။ တချိန်မှာ သူတို့ရဲ့အကျိုးစီးပွားကို ဆက်လက်ထိန်းသိမ်းနိင်မယ့် ကိုယ်စား လှယ်လောင်းတဦးကိုလည်း ရွေးချယ်ထားခဲ့ကြပါတယ်။

ဒါကြောင့် ဗမာ့လွတ်လပ်ရေးအင်အားစုတွေ ပြန်လည်ညီညွတ်စည်းလုံး လာတော့မှာကို အစိုးရိမ်ကြီး စိုးရိမ်ကြောက်လန့်လာတဲ့ နယ်ချဲ့သမားတွေဟာ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ အတိုက်အခံခေါင်းဆောင် နယ်ချဲ့လက်ကိုင်တုတ် ဂဠုန်ဦး စောကို အသုံးပြုပြီး ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ဗမာပြည် ယာယီအစိုးရအဖွဲ့ခေါင်းဆောင်ကြီးတွေကို အတွင်းဝန်ရုံးမှာ ပစ်ခတ်သတ်ဖြတ်လုပ်ကြံလိုက်ကြပါတယ်။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေထဲမှာ သခင်မြ၊ စောစံထွန်း၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်နဲ့ ဦးဘဝင်းတို့အပြင် အတွင်းဝန် ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေးတို့ ပါဝင်ခဲ့ကြပါတယ်။

● လက်ဦးမှု မခံရရင်
တကယ်လို့သာ နယ်ချဲ့တွေရဲ့လက်ဦးမှုကို မခံလိုက်ရရင် တိုင်းပြည်ရဲ့ကံကြမ္မာဟာ တစ်မျိုးတဖုံပြောင်းလဲ သွားနိုင်ပါတယ်။ ဗိုလ်ချုပ်က မကြာခဏ တိုင်းပြည်ကို တင်ပြခဲ့တဲ့အတိုင်း “တိုင်းပြုပြည်ပြု လွတ်တော်ကို တကယ့်သူပုန်လွတ်တော်အဖြစ်ပြောင်းပစ်လိုက်ပြီး အသံလွှင့်ဋ္ဌာနကိုသိမ်းပိုက်ကာ လုံးဝလွတ်လပ်တဲ့ သမ္မတနိုင်ငံအဖြစ် ကမ္ဘာကို အတိအလင်းကြေညာပြီး တော်လှန်ရေးနည်းနဲ့အာဏာသိမ်းဖို့ လျှို့ဝှက်စီမံ ကိန်းတရပ်ကိုပင် လျာထားပြီး ဖြစ်ကြောင်း၊ ဖဆပလ ကွန်မြူနစ်ပါတီ ညီညွတ်ရေးလုပ်ပြီးရင် အကောင် အထည်ဖော်ရန် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချက်ကို ဗိုလ်ချုပ်ရဲ့အတွင်းဝန်ဖြစ်ခဲ့ဖူးသူ ဗိုလ်ထွန်းလင်း ပြောကြားချက်နဲ့ သခင်သန်းထွန်းရဲ့ တောတွင်း သုံးပါတီ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မိန့်ခွန်းတွေအရ သိရတာဖြစ်ပါတယ်။

● အစောဆုံး ကျေညာချက်
ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေလုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ရက် ညနေပိုင်းမှာ ပိရိ သေသပ်လှတဲ့ ဗြိတိသျှ နယ်ချဲ့တွေဟာ ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဋ္ဌသခင်နုကို ဘုရင်ခံအိမ်တော်ကို ဖိတ်ကြားပြီး ဗမာနိုင်ငံယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ပါ တယ်။ သောကမီးတောက်လောင်ပြီး လုပ်ကြံမှု ရဲ့တရားခံကိုဖော်ထုတ်ချင်နေတဲ့ တိုင်းသူပြည်သားတွေကို ဗမာပြည်ကွန်မြူနစ်ပါတီက နယ်ချဲ့တွေရဲ့ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးတွေကျဆုံးရတာဖြစ်ကြောင်း တိုင်းပြည် ကို အစောဆုံး ကျေညာ ချက်ထုတ်ပြန် တင်ပြခဲ့ပါတယ်။

အဲဒီကျေညာချက်မှာ “ဦးနုခေါင်းဆောင်ပြီး ဖွဲ့စည်းလိုက်သော ဖဆပလအဖွဲ့နှင့် ဖဆပလအစိုးရကမူ ဗိုလ်ချုပ်အောင်ဆန်းတို့အားလုပ်ကြံသူမှာ ဂဠုန်ဦးစောတစ်ဦးတည်းပင်ဖြစ်သည်ဟူသော သဘောဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့်ကိစ္စတွင် တကယ်တရားခံမှာ နယ်ချဲ့လက်ကိုင် တုတ် ဦးစောမဟုတ်ဘဲ နယ်ချဲ့သမားပင်ဖြစ်သည်ဟူသောအချက်ကို တိုင်းပြည်သို့ အတိအလင်း ကြေညာ ပြီး ပြည်သူတို့အား လှုံ့ဆော်စည်းရုံးကာ လွတ်လပ်ရေးအတွက် တခါတည်း အာဏာလွှဲအပ်ပေးရန် ဗြိတိသျှ နယ်ချဲ့သမားထံမှ ခပ်တင်းတင်းတောင်းဆိုရမည်ဖြစ်သော်လည်း ဖဆပလအဖွဲ့သည် ပြည်သူလူထု၏ ဒေါသကို ချွေးသိပ်ပေးခဲ့လေသည်။ ခေါင်းဆောင် ကြီးများ ကျဆုံးသွားရသည့်အတွက် ပြည်သူတို့အား ဝမ်းနည်းစေရုံ ဝမ်းနည်းစေရန် ဖန်တီးပေးခဲ့လေသည်။” ဆိုပြီး ဖော်ပြခဲ့တာကို တွေ့ရကြောင်း တင်ပြလိုက် ရပါတယ်။

ထွန်းဝင်းငြိမ်း ၁၇၊ ၇၊၂ဝ၁၇

ကိုးကား
၁။ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း - ဗန်းမော်တင်အောင်
၂။ ဖဆပလ ခြေလှမ်း၊ လက်ရွေးစင် (၅) - လမ်းစဉ်သတင်းစာ အယ်ဒီတာ အဖွဲ့
၃။ ဖဆပလနှင့် ကွန်မြူနစ်ပါတီတို့၏ အပြန်အလှန်ပေးစာများ၊ လက်ရွေးစင် (၆) - လမ်းစဉ်သတင်းအယ်ဒီတာ

Comments