သစ်ခက်သံလွင်- သမိုင်းနှင့်မျက်မှောက်ကွင်းဆက်- မြတ်လှိုင်း ၏ "နှောင်ကြိုးမဲ့ သမဂ္ဂအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ "

နှောင်ကြိုးမဲ့ သမဂ္ဂအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ

မြတ်လှိုင်း
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၇ 

ကျနော်တို့မြန်မာနိုင်ငံသမိုင်းမှာ ပထမကျောင်းသား သပိတ်ဟာ ၁၉၂၀ မှာပေါ်ပေါက်လာခဲ့ပါတယ်၊

အဲဒီ့ ၁၉၂၀ ကျောင်းသားပထမသပိတ်ကစပြီး ၁၉၃၁ ခုနှစ် မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုစပြီး တည်ထောင်နိုင်ခဲ့ပါတယ်။ တကသကိုတည်ထောင်ပြီး နှစ်အနည်းငယ်ကြာ အပြီးမှာတော့ ဒုတိယကျောင်းသားသပိတ်ကို ၁၉၃၆ ခုနှစ်မှာ တိုက်ပွဲဝင်ဆင်နွဲနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူတာက ကိုနုပါ။ ကိုနုကိုတက္ကသိုလ်ကောင်စီနဲ့အာဏာပိုင်အဖွဲ့ကိုဝေဖန်တဲ့မိန့် ခွန်းပြောတာကြောင့် ကျောင်းထုတ်လိုက်တဲ့အပြင် မကြာမီ မှာပဲ သမဂ္ဂကထုတ်တဲ့ အိုးဝေမဂ္ဂဇင်းပါHellHoundatlarge ဆောင်းပါးကိုရေးသူရဲ့နာမယ်ကိုမပြောခဲ့တာကြောင့် အယ် ဒီတာ ကိုအောင်ဆန်းကိုကျောင်းထုတ် လိုက်ပါတယ်။ အဲဒီလိုကျောင်းထုတ်လို့ဖြစ်ပေါ်ခဲ့တဲ့ကျာင်းသား သပိတ်ပါ။

အဲဒီ ကျောင်းသားသမဂ္ဂကနေ တို့ဗမာအစည်းအရုံးခေါင်းဆောင် တွေအဖြစ် သခင်အောင်ဆန်း၊ သခင်နုတို့ ဖြစ်လာခဲ့ကြပါတယ်။
ဒုတိယကျောင်းသားသပိတ်ကြီးမှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့စည်းရုံးဦးဆောင်မှုနဲ့ ၁၉၃၈ ခုနှစ် ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ဖြစ်တဲ့နယ်ချဲ့ဆန့်ကျင်ရေးလူထုတိုက်ပွဲ မှာ ပါဝင်ဆင်နွှဲနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနဲ့ အတွင်းရေးမှူး ကိုဗဆွေ တို့ဟာလည်း နယ်ချဲ့အစိုးရရဲ့အဖမ်းအဆီးခံခဲ့ရပါတယ်။ ဗသက ဒုဥက္ကဋ္ဌ ကိုလှရွှေကအတွင်းဝန်ရုံးကို ချီတက်တဲ့ကျောင်းသား သမဂ္ဂ ချီတက်ဆန္ဒပြပွဲကိုဦးဆောင်ခဲ့သလို၊ အဲဒီနေ့မှာ ကျောင်း သားအာဇာနည် ကိုအောင်ကျော် ကျဆုံးခဲ့ရပါတယ်။
အဲဒီနေ့ဆန္ဒပြချီတက်ပွဲကို ဦးဆောင်တဲ့နေရာမှာ ကိုကြည်မောင်(ဗိုလ်မှူးကြီးကြည်မောင်၊ NLD ခေါင်း ဆောင်)၊ ကိုဌေးမြိုင်(ဒဂုန်တာရာ)တို့လည်းပါဝင်ပါတယ်။ ကိုကြည်မောင်က ဗကသအမှုဆောင်အဖွဲ့ဝင်ပါ။

နောက် ဗိုလ်နေဝင်းက နိုင်ငံကိုအာဏာသိမ်းလိုက်တဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)တို့ရဲ့အခြေခံအဆောက်အဦကို ဖြိုဖျက်လိုက် တာခံခဲ့ရပါတယ်။ အဲဒီအချိန်က ဗကသဥက္ကဋ္ဌက ကိုလှရွှေပါ။ အတွင်းရေးမှူးက ကိုတင်ထွန်းပါ၊ ၁၉၆၂ ဇူ လိုင် ၇ ရက်နေ့ တကသအဆောက်အဦကို ဗိုလ်နေဝင်းရဲ့အာဏာသိမ်းအစိုးရက မိုင်းခွဲပြီး ဖျက်ဆီးဖြိုချတဲ့ အချိန်မှာ ၇ ဇူလိုင်အရေးအခင်းကို ဦးဆောင်ခဲ့သူတွေက ကိုစိုးသိန်း(မောင်ဝံသ)နဲ့ ကိုတင်မောင်ဝင်း (ခရမ်း) တို့ဖြစ်ပါ တယ်။
ဗိုလ်နေဝင်းဟာ တကသကိုဖြိုချဖျက်ဆီးပစ်ခဲ့တာက တကသအဆောက်အဦကို မဟုတ်ပါဘူး။ ဒီ တကသ ဆိုတဲ့အဆောက်အဦထဲက သမဂ္ဂစိတ်ဓာတ်ကိုဖြိလှဲလိုက်ဖို့ရည်ရွယ်ခဲ့တာပါ။ ကျောင်းသားသမဂ္ဂစိတ်ဓာတ် တွေက ခေတ်အဆက်ဆက်မှာ အထင်ကရအရေးတော်ပုံကြီးတွေကို စတင်နိုင်ခဲ့တယ်။ ဒီလိုပဲဦးဆောင်နိုင် တဲ့အရည်အချင်းတွေရှိခဲ့ကြတယ်။ ဒါကိုဗိုလ်နေဝင်းသိလို့ သူ့ရဲ့အာဏာသိမ်းအစိုးရကိုဆန့်ကျင်မယ့် သမဂ္ဂ စိတ်ကိုဖြိုလှဲနိုင်ဖို့ ကြိုးစားခဲ့တာပါ။ အာဏာသိမ်းပြီး အာဏာရှင်စနစ်နဲ့ရေရှည်အုပ်ချုပ်နိုင်ဖို့ တကသ အဆောက်အဦကို ဖြိုချလိုက်သလို၊ သမဂ္ဂစိတ်တွေကိုမြေမြှုပ်ပစ်ခဲ့ပါတယ်။

ဒါပေမဲ့ သမဂ္ဂစိတ်တွေက မြေကြီးထဲကနေ အညွှန့်တွေပြန်ပေါက်လာခဲ့ပါတယ်။

ဗိုလ်နေဝင်းရဲ့အာဏာရှင်စစ်အစိုးရကို ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်တို့က လည်း ကျောင်းသားသမဂ္ဂ စိတ်ဓာတ်နဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။
နောက်ဆုံး ဗိုလ်နေဝင်းရဲ့မဆလလို့ခေါ်တဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတော်လှန်ပြီး ပြန်ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ ရှစ်လေးလုံးလူထု အရေးတော်ပုံမှာလည်း ကိုမင်းကိုနိုင်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ ဦးဆောင်ခဲ့ကြပါတယ်။ ရှစ်လေးလုံး မတိုင်ခင်မတ်လမှာ ကိုမင်းဇေယျာ၊ ကိုဌေး ကြွယ်၊ ညိုထွန်း၊ တင်အေးတို့၊ ဇွန်လကျောင်းသားလှုပ်ရှားမှုမှာ ကိုမောင်မောင်ကျော်၊ မိုးသီးဇွန်တို့ဟာ လည်း သမဂ္ဂစိတ်ဓာတ်နဲ့အာဏာရှင်ကို တော်လှန်ခဲ့ကြပါတယ်။
ကျောင်းသားသမဂ္ဂဆိုတာ ခေတ်အဆက်ဆက်မြန်မာပြည်သမိုင်းမှာ ရှေ့တန်းကတိုက်စစ်ဆင်ခဲ့ပြီး သမိုင်း ကိုရေးထိုးနိုင်ခဲ့သူတွေပါ။
ဗိုလ်နေဝန်းရဲ့စစ်အာဏာရှင်အစိုးရက မိုင်းဗုံးထောင်ပြီးဖြိုဖျက်ခဲ့တဲ့ တကသအဆောက်အဦကို ၈၈ ခုနှစ်မှာ ခဏတာတက်လာခဲတဲ့ ဒေါက်တာမောင်မောင်အစိုးရလက်ထက်မှာ ပြန်ဆောက်ပေးဖို့စကားစခေါ်ခဲ့ပါတယ်။
ဒါကို ကျောင်းသားသမဂ္ဂဝင်ကျောင်းသားခေါင်းဆောင်တွေက လက်မခံခဲ့ပါဘူ။
အခုပြည်သူတွေကိုယ်တိုင်ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ဒီမိုကရေစီအစိုးရတက်နေပါပြီ။ အရပ်သားဒီမိုကရေစီအစိုးရဆိုတာလည်း စစ်တပ်အာဏာရှိသူတွေနဲ့ ပူးတွဲအုပ်ချုပ်နေရတဲ့အစိုးရပါ။

ဘယ်လိုပဲဖြစ်ဖြစ်၊ လက်ရှိအစိုးရရဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ တကသအဆောက်အဦကို ပြန်တည်ဆောက်ဖို့ကြိုးပမ်းနေပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ကလည်း ၈၈ ကာလမှာ ဗကသ အဖွဲ့ချုပ်ကခွဲထွက်လိုက်တဲ့ အောက်ဗမာပြည်ကျောင်းသားသမဂ္ဂ (အောက်ဗ)ရဲ့အတွင်းရေးမှူးတယောက် ပါ။ သမဂ္ဂစိတ်ဓာတ်အနေနဲ့ ရှိခဲ့သူတယောက်လို့ ပြောရမှာပါ။ အောက်ဗ ဆိုပြီးဖွဲ့တဲ့အချိန်မှာ အတွင်းရေး မှူးအဖွဲ့ထဲမှာ ကိုအောင်ထွန်းနဲ့ ဗသက်အောင်တို့လည်း ပါခဲ့ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က အခုအရပ်သားအစိုးရရဲ့တာဝန်ရှိသူ တယောက်ပါ၊ ခေတ်အဆက်ဆက်က ကျောင်းသားသမဂ္ဂဆိုတာ အစိုးရတွေကိုဆန့်ကျင်တိုက်ခိုက်လာခဲ့ပါတယ်။ ဘယ်အစိုးရတက်တက်၊ပြည် သူတွေရဲ့အကျိုးစီးပွားကို၊ ကျောင်းသားတွေရဲ့ အကျိုးစီးပွား၊ အခွင့်ရေးကိုဆန့်ကျင်ပြီး လုပ်ဆောင်လာ မယ်ဆိုရင်၊ သမဂ္ဂစိတ်ဓာတ်နဲ့ သမဂ္ဂအလံတော်ကိုဆွဲကိုင်ပြီး ပြည်သူတွေရဲ့ရှေ့ဆုံးကနေ လမ်းမပေါ် ထွက်လာမယ့်သူတွေပါ။ ဘယ်အစိုးရဖြစ်ဖြစ် ပြည်သူရဲ့အကျိုးကိုထိခိုက်တဲ့လုပ်ရပ်ကို လုပ်ဆောင်လာ မယ်ဆိုရင် ခွပ်ဒေါင်းတွေအနေနဲ့ သေမကြောက်၊ ကျည်မကြောက်၊ ထောင်မကြောက်ပဲ ဇွဲနဲ့ခွပ်နေမယ့် ခွပ်ဒေါင်းတွေဖြစ်နေမှာပါ။ အစိုးရက တည် ငြိမ် ငြိမ်းချမ်းတဲ့အခြေအနေကိုလုပ်ဆောင်ပေးနေမယ်ဆိုရင် ကျောင်းပရဝုဏ်အတွင်းမှ စည်းလုံးစွာ ကနေတဲ့ ကဒေါင်းတွေဖြစ်နေပါ လိမ့်မယ်။

ဒါကြောင့် တကသအဆောက်အဦကိုပြန်တည်ဆောက်ဖို့ ဘယ်အစိုးရရဲ့ပူးပေါင်းကူညီမှုကိုမှမယူပဲ တည် ဆောက်စေချင်ပါတယ်။ တည်ဆောက်သင့်ပါတယ်။
နောက်တချက်က၊ ဗိုလ်နေဝင်းရဲ့စစ်အာဏာရှင်အစိုးရကဖျက်ဆီးဖြိုဖျက်ခဲ့တဲ့ တကသအဆောက်အဦကို ပြန်တည်ဆောက်ဖို့ထက်၊ သမဂ္ဂစိတ်ဓာတ်တွေကိုမြဲမြံအောင်တည်ဆောင်နိုင်ဖို့ ပိုအရေးကြီးပါတယ်။ အခုဆိုရင် ကျောင်းသားသမဂ္ဂတွေက အကွဲကွဲအပြားပြား ဖြစ်နေကြပါတယ်။ 

ကိုယ်နဲ့နီးစပ်ရာအသိုင်းအဝိုင်းလေးကိုစုဖွဲ့ပြီး သမဂ္ဂအမည်ခံနေကြပါတယ်။ အခုသမဂ္ဂဆိုပြီးဖွဲ့ထားကြတဲ့ သမဂ္ဂခေါင်းဆောင်လုပ်နေသူတွေကို ကျောင်းသားအများစုကလက်ခံဖို့ လိုအပ်ပါတယ်။
၈၈ ခုနှစ်စစ်အာဏာရှင်စနစ်ကိုတော်လှန်ဖို့အတွက် နီးစပ်ရာ၊ တူညီသူတွေဆက်စပ်ဆက်သွယ်ပြီးဖွဲ့ခဲ့ရတဲအခြေအနေမျိုးလည်း မဟုတ်တော့ပါဘူး။ ကျောင်းသားသမဂ္ဂဆိုတဲ့အသံကြားရင်ကို အလွန်အန္တရာယ်များ တဲ့အချိန်လည်း ကျော်လွန်ခဲ့ပါပြီ။ အခုအချိန်မှာ ကျောင်းသားတွေအနေနဲ့ သမဂ္ဂစိတ်ဓာတ်ရှိနေအောင် စည်းရုံးဟောပြောနေဖို့လိုနေပါပြီ။ သမဂ္ဂစိတ်ဓာတ်ဖြစ်တဲ့ အောင်ဆန်းစိတ်ဓာတ်၊ ဗဟိန်း စိတ်ဓာတ်တွေ၊ အောင်ဆန်းရဲ့သမဂ္ဂဝိညာဉ်၊ ဗဟိန်းရဲ့သမဂ္ဂဝိညာဉ်တွေအစဉ်အမြဲပူးကပ်နေအောင်လည်း အမြဲလှုပ်ရှား ဆောင်ရွက်နေနိုင်ဖို့ အရေးကြီးပါတယ်။

ပြည်သူတွေရဲ့အခက်အခဲကို အမြဲကူညီပေးနိုင်ဖို့ ကြိုးစားနေရပါမယ်။ ကျောင်းသားများရဲ့အခွင့်အရေးကို လည်း လိုအပ်လာရင် အမြဲတောင်းဆိုနိုင်ရပါလိမ့်မယ်။
ပြောမယ်ဆိုရင် ဥပမာအနေနဲ့ စစ်အာဏာရှင်လက်အောက်ကရုန်းကန်ထိုးဖောက်ထွက်လာပြီး ဒီမိုကရေစီခေတ်ကိုတည်ဆောက်နိုင်ဖို့ အတွက်လည်း၊ ကျောင်းသားသမဂ္ဂစိတ်ဓာတ်နဲ့ဝိုင်းကူညီဖို့လိုအပ်နေပါတယ်။ စစ်အာဏာရှင်ခေတ်မှာ အမြစ်စွဲခဲ့တဲ့ အာဏာရှင်ဆန်တဲ့ ဇာတ်ပျက်ဗျူရိုကရက်တွေရဲ့အကျင့်ပျက် ခြစားမှု တွေကို တိုက်ဖျက်နိုင်ဖို့ကလည်း သမဂ္ဂအဖွဲ့ဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ ဒီဇာတ်ပျက် ဗျူရိုကရက်တွေရဲ့ အတ္တတွေကို အမြစ်ပါမကျန် ဆွဲနှုတ်ပေးရပါလိမ့်မယ်။
အခြားအခြားသောအလုပ်များဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေအတွက်ဆောင်ရွက်ရမယ့်တာဝန် အများအပြားရှိနေပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ဖို့မလိုပါဘူး၊ နောက်ဆုံး ကျောင်းအုပ်ချုပ်ရေးအပိုင်းမှာတောင် မပါဝင် သင့်ပါဘူး။ ကျောင်းသားတွေရဲ့အခွင့်အရေးကိုမထိခိုက်အောင် ကာကွယ်ပေးနိုင်ဖို့ပဲ လိုအပ်ပါတယ်။

ကျနော့်အယူအဆအနေနဲ့တော့၊ အထက်တန်းကျောင်းအဆင့်သမဂ္ဂတွေ၊ တက္ကသိုလ်ကျောင်းသမဂ္ဂတွေ၊ ကောလိပ်ကျောင်းသား သမဂ္ဂတွေကို စည်းရုံးပြီး၊ စည်းလုံးညီညွတ်စွာ အရင်ရွေးချယ်တင်မြှောက်ဖွဲ့စည်းနိုင်ရပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာမှ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို ဖွဲ့စည်းရပါ မယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ အဖွဲ့ချုပ်ပေါ်ပေါက် လာပြီးမှ ဗိုလ်နေဝင်းရဲ့စစ်အာဏာရှင်တွေဖျက်ဆီးခဲ့တဲ့ တကသအဆောက်အဦကို ပြန်တည်ဆောက်စေ ချင်ပါတယ်။

အခု အမျိုးမျိုးပာဆိုကွဲနေတဲ့ တကသကိုစစ်အာဏာရှင်ခေတ်မှာ ဖျက်ဆီးပစ်ခဲ့တာကို သမိုင်းသက်သေ အနေနဲ့ ထားချင်ပြီး၊ ဖျက်ဆီးခံလိုက်ရတဲ့တကသအဆောက်အဦရဲ့အနီးမှာ သမဂ္ဂအဆောက်အဦသစ်ကို ပြန်ဆောက်ချင်တယ်ပြောနေကြသူများ၊ တကသကိုပြန်တည်ဆောက်ချင်သူများအနေနဲ့ အချိန်စောနေပါ သေးတယ်လို့ ထင်ပါတယ်။ သမဂ္ဂအဆင့်ဆင့်ပေါ်ပေါက်လာပြီး၊ ဗကသဖြစ်ပေါ်လာမှ ပေါ်ပေါက်လာတဲ့ ဗကသခေါင်းဆောင်အသစ်များကိုဆုံးဖြတ်နိုင်ခွင့်ပြုစေချင်ပါတယ်။  ဒါပေမဲ့ တကသကိုပြန်တည်ဆောက် တဲ့နေရာမှာ ဘယ်လိုအစိုးရတက်တက်၊ တက်နေတဲ့အစိုးရတွေရဲ့ကူညီပူးပေါင်းမှုတွေကိုတော့ မယူသင့်ပါ။
အနှောင်အဖွဲ့ကင်းတဲ့သမဂ္ဂအလံတော်ကို အမြင့်မားဆုံးလွှင့်တင်နိုင်ပါစေ။

မြတ်လှိုင်း

ရန်ကုန်တိုင်းမ်းဂျာနယ် အတွဲ၁၃။ အမှတ် ၉။ ၁ မတ် ၂၀၁၇



Comments