သစ်ခက်သံလွင်၊ သမိုင်းဖြစ်ရပ်များ- ထွန်းဝင်းငြိမ်း ၏ " သမိုင်းကြွေးကို ရှင်းစေချင်ပါတယ် "


သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်
ထွန်းဝင်းငြိမ်း


အဆောက်အဦးကိုသာ ဖြိုလို့ ရချင်ရမယ်။
အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့
ဘယ်တော့မှ ဖြိုလို့ မရဘူး။

-
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၇၊ ၇၊ ၁၉၆၃ နေ့ကျင်းပတဲ့ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်း နှစ်ပတ်လည်အခမ်းအနား သဝဏ်လွှာမှ...

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီး ခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးအခင်းဟာ အခု ဂျူလိုင်လ ၇ ရက်နေ့မှာ ၅၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီကာလအထိ နိဂုံးမချုပ်ရသေးပါဘူး။ အဲဒီအချိန်ကတည်းက ဗကသ၊ တကသ၊ ရကသ ကျောင်းသားသမဂ္ဂကြီး ၃ ခု စုစည်းပြီး တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းမှုကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ 

ဒါဟာ ကျောင်းသားတွေက စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံကြောင်းပြသခဲ့တဲ့ အစောဆုံးတိုက်ပွဲ လည်း ဖြစ်ပါတယ်။ ကျောင်းသားတွေက ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးစတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းသားထုတောင်းဆိုထားတဲ့အခွင့်အရေးတွေ အခုအချိန်ထိ မရရှိ ကြသေးပါဘူး။ ဒါ့ကြောင့် ဒီနေ့အချိန်အထိ ဗကသ၊ တကသ ကျောင်းသားတွေဟာ စစ်အဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။

သမိုင်းထဲက ဆဲဗင်းဂျူလိုင်

သမိုင်းဖြစ်စဉ်ကို ပြန်ငဲ့ကြည့်ရင် အကျဉ်းအားဖြင့် အခုလို တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အစိုးရဟာ ၁၉၆၂ မေလကစပြီး အဆောင်နေကျောင်းသားများကိုချုပ်ကိုင်တဲ့ ကျောင်း ဆောင်စည်းကမ်း ၂၂ ချက်ကိုထုတ်ပြန်ခဲ့တယ်။ တက္ကသိုလ်ကောင်စီနဲ့ ဗဟိုကျောင်းသားဆောင်ကော်တီ  မှာပါဝင်နေတဲ့ သမဂ္ဂကိုယ်စားလှယ်တွေကို ထုတ်ပစ်လိုက်တယ်။ တက္ကသိုလ်ရုံးက သမဂ္ဂဝင်ကြေးကောက် ခံပေးနေတာကို ရပ်ဆိုင်းပစ်လိုက်ပါတယ်။ စစ်အစိုးရဟာ မေလ ၁ဝ ရက်နေ့မှာ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီး မေလ ၁၇ ရက်နေ့မှာ ဗိုလ်မှူးချုပ်သန်းဖေဦးဆောင် တဲ့ ၅ ဦး ကောင်စီကိုဖွဲ့စည်းခဲ့ တယ်။ 

ဂျူလိုင်လ ၃ ရက်နေ့ သမဂ္ဂအဆောက် အအုံမှာ ကျောင်းသားထုအစည်းအဝေးခေါ်ပါတယ်။ ဒီအစည်းအဝေးက ကမောက်ကမပညာရေးစနစ်ဖျက်သိမ်းရေးနဲ့ မတရားတဲ့ အဆောင်စည်းကမ်းတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဂျူလိုင် ၆ ရက်နေ့မှာ စစ်အစိုးရက တက္ကသိုလ် ဆီးနိတ်အဖွဲ့နဲ့ ကျောင်းဆောင်ကော်မတီတွေကို သူတို့စိတ်ကြိုက် ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ စစ်အုပ်စုရဲ့ အဲဒီလိုလုပ် ရပ်တွေကို ကျောင်းသားသမဂ္ဂတွေက လက်မခံပါဘူး။ ၁၉၆၂ခုနှစ် ဂျူလိုင် ၇ ရက်နေ့လည်ပိုင်းမှာ လုပ်ခဲ့ တဲ့ တကသအစည်းအဝေးက တော်လှန်ရေးအစိုးရဟာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့မလုပ်ဘဲ တင်း ကျပ်တဲ့စည်းကမ်းတွေ တဖက်သတ်ထုတ်ပြန်လာတာကို ဆန့်ကျင်ကြောင်းဆုံးဖြတ်ခဲ့တယ်။

အဲဒီနောက် ကျောင်းသားတွေဟာ ကြွေးကြော်သံတွေနဲ့အတူ နီရဲတဲ့ခွပ်ဒေါင်းအလံတွေလွှင့်ထူပြီး ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြပွဲအပြီး မွန်းလွဲ ၂ နာရီ လောက်မှာ စစ်ထောက်လှမ်းရေးနဲ့ ရဲ ၂ဝဝ ကျော်က ကျောင်းသားခေါင်းဆောင်တွေကို ဝင်ဖမ်းပါတော့တယ်။ ကျောင်းသားထုဘက်က မခံ မရပ်နိုင်ဖြစ်ပြီး တကသမှာ ပြန်လည်စုစည်းလိုက်ကြပါတယ်။
ညနေ ၄ နာရီလောက်မှာ စစ်တပ်နဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး အဆမတန် အင်အားနဲ့လူစုခွဲပါတယ်။ ကျောင်းသားတွေက နောက်ဆုတ်သွားခြင်း မရှိပါဘူး။ ဆက်လက် ဆန္ဒပြ ကြွေး ကြော်နေကြပါတယ်။ ညနေ ၅ နာရီခွဲလောက်မှာ ရဲတွေကို ရုပ်သိမ်းလိုက်ပြီး စစ်ကားကြီး ၂ စီးစာ စစ်သား တွေက ပြောင်းလဲ နေရာယူလိုက်ကြပါတယ်။ နောက်တော့ စစ်တပ်က ဂျီသရီး၊ ဂျီဖိုး မောင်းပြန် သေနတ် တွေနဲ့ ကျောင်းသားထုစုဝေးနေတဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပတိလမ်းတလျှောက် စစ်ပွဲတခု လို တရ ကြမ်းပစ်ခတ်နှိမ်နင်းပါတော့တယ်။ စစ်တပ်ရဲ့ပစ်ခတ်ဖြိုခွင်းမှုကြောင့် မန္တလေးဆောင်တခုတည်း က ၁၇ ယောက် သေတယ်။ ကျောင်းသားတွေ ရာချီပြီး ကျဆုံးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါ တယ်။

ဒဏ်ရာရနေတဲ့ ကျောင်းသားတဦးဖြစ်တဲ့ မြောင်းမြမြို့သား ကိုကျော်ဝင်းဟာ မန္တလေး ဆောင်နံရံမှာ သူ့ ကိုယ်ကထွက်တဲ့သွေးနဲ့ “ ၇ ရက် ဂျူလိုင် မမေ့ကြနဲ့’’ လို့ ရေးခဲ့ပါတယ်။ နောက်နေ့ ဂျူလိုင် ၈ ရက် အရုဏ် ဦး နံနက်လင်းအားကြီး ၄ နာရီလောက်မှာတော့ စစ်တပ်ဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အရေးပါတဲ့ သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။ အဲဒီနေ့ နံနက် ၈ နာရီ ရေဒီယိုကသတင်းကြေညာတဲ့အခါ ဗိုလ်ချုပ်ကြီးနေဝင်းက ‘‘ဓား ဓား ချင်း၊ လှံလှံချင်း ရင် ဆိုင်ဖို့ပဲ’’ ဆိုတဲ့ မိန့်ခွန်းနဲ့ တိုင်းပြည်ကို စိန်ခေါ်ခဲ့တယ်။ 

အရေးတော်ပုံကြီးရဲ့ ထူးခြားမှု

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အမှန်တရားအတွက်၊ ပြည်သူလူထုအတွက်၊ ကျောင်းသားထုရဲ့ တရားမျှတတဲ့ အခွင့်အရေးနဲ့ရပိုင်ခွင့်တွေအတွက် ဖောက်ပြန်တဲ့အုပ်စိုးသူ အဆက်ဆက်ကို ပြန်လည်တွန်း လှန်ဆန့်ကျင်အန်တု တိုက်ပွဲဆင်ခဲ့ကြတဲ့ဂုဏ်ပြောင်တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသားတိုက်ပွဲတွေ၊ အရေးတော်ပုံနဲ့ အရေးအခင်းတွေ ပေါ်ပေါက်ခဲ့ကြပါတယ်။ အားလုံးဟာ သူ့ခေတ် သူ့ကာလအလျောက် မော်ကွန်းတင်ကမ္ပည်းထိုးထားရမယ့် အရေးပါတဲ့တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဗိုလ်နေဝင်းစစ်အာဏာရှင် အုပ် စိုးတဲ့ ကာလတလျှောက်မှာ ကျွန်းဆွယ်အရေးအခင်း၊ တက္ကသိုလ်ရွှေရတု လှုပ်ရှားမှု၊ ၇၄ ဇွန် ၆ အလုပ် သမားသပိတ်၊ ဦးသန့်ဈာပနအရေးအခင်း၊ ၇၅ ဇွန် ၆ နှစ်ပတ်လည် ကျောင်းသား သပိတ်၊ ၁၉၇၆ မှိုင်း ရာပြည့် စသည်ဖြင့် ကျောင်းသား၊ အလုပ်သမားလှုပ်ရှားမှုတွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ 

အဲဒီထဲက ဆဲဗင်းဂျူလိုင် အရေးတော်ပုံကြီးဟာ နိုင်ငံရေးအရ ထူးခြားမှုတွေကို အခုလို တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းတက်လာပြီး လေးလကျော်ကျော်အကြာမှာပဲ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦးစတင် တိုက်ပွဲဆင်ခဲ့တဲ့ အရေးတော်ပုံဖြစ်တယ်။ စစ်အစိုးရရဲ့တရားမျှတမှုလုံးဝမရှိတဲ့ အမိန့် အာဏာတွေကို ရဲရဲရင့်ရင့်ပြန်လည်တုံ့ပြန်ဆန့်ကျင်ကန့်ကွက်ကြရာက စစ်အာဏာရှင်တွေရဲ့ ကြိုတင် အစီအစဉ်ရှိရှိ ရက်စက်မှုတွေကြောင့် ဒီအရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့ရတာဖြစ်တယ်။ စစ်အစိုးရရဲ့ အတုအယောင် မဆလဆိုရှယ်လစ်မျက်နှာဖုံးကို ပထမဆုံးဆွဲချွတ်ပြလိုက်နိုင်တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်။ ဖောက်ပြန်တဲ့ မဆလစစ်အာဏာရှင်တွေကို နောက်ဆုံးထွက်သက်အထိ ချောက်ချားနေအောင် အဆက်မပြတ် အရိုးတွန်သံပေးနေခဲ့တဲ့ အရေးတော်ပုံကြီးလည်းဖြစ်ပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ကျောင်းသားသမဂ္ဂအဆောက်အဦဟာ ၁၉၃၁ ခုနှစ်မှာ သူဌေးကြီးဦးညို လှူဒါန်း တည် ဆောက်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အဓိကဦးဆောင်ခဲ့တဲ့ ကိုအောင်ဆန်း၊ ကို ဗဟိန်း၊ ကိုကြီးနု စတဲ့ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် မြောက်မြားစွာကို မွေးထုတ်ပေးခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးဟာ တော်လှန်တဲ့ကျောင်းသားထုရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းစူးဝင်နေပြီး ‘ဆဲဗင်း ဂျူလိုင်’ ဆိုတဲ့အသံက တိုက်ပွဲခေါ်သံတခုလို ပဲ့တင်ထပ်နေစေခဲ့တာဟာ ကျောင်းသားမျိုးဆက် အဆင့်ဆင့်ကနေ ဒီနေ့ထက်တိုင်အောင် ဖြစ်ပါတယ်။ ၁၉၇၇ ဇူလိုင် ၇ ရက်တုန်းကဆိုရင် တိုးတက်တဲ့ စီးပွားရေးတက္က သိုလ် ကျောင်းသားေ တွဟာ ‘၇-၇-၇၇’ ခွန်လေးလုံးအရေးတော်ပုံအထိ ပေါ်ပေါက်အောင် ဦးတည်လှုပ်ရှားခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက စီးပွားရေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကို အနက်ရောင်အဖုံး ကြီးနဲ့သာ ထုတ်ဝေခဲ့ရတာကိုလည်း သက်ဆိုင်သူအားလုံးက မမေ့ကြသေးပါဘူး။

တင်နေတဲ့သမိုင်းကြွေး

‘ဆဲဗင်းဂျူလိုင်’ ရဲ့ အရိုးတွန်သံ၊ သမဂ္ဂကြီးရဲ့အရိုးတွန်သံတွေက စစ်အာဏာရှင်တွေကို ဘယ်လောက်ထိ ရိုက်ခတ်ထိုးနှက်နေသလဲဆိုရင် မဆလပါတီရဲ့ ဥက္ကဋ္ဌကြီးဦးနေ၀င်းဟာ ၁၉၈၈ ခုနှစ် ဂျူလိုင်လထဲမှာပဲ ရာဇပလ္လင်ပေါ်က ဆင်းပေးကြောင်း ထုတ်ဖော်ကြေညာလိုက်ရတဲ့နောက်ဆုံး နုတ်ထွက်မိန့်ခွန်းထဲမှာအထိ ‘‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပစ်တဲ့ကိစ္စဟာ သူအမိန့်ပေးခဲ့တာ မဟုတ်ပါဘူး’’ လို့ ရှင်းလင်းတင်ပြရင်း ကိုယ်လွတ် ရုန်းနိုင်ဖို့ ကြိုးစားသွားခဲ့တာ တပြည်လုံး ကြားလိုက်ကြပါတယ်။ ‘ဓား ဓားချင်း၊ လှံလှံချင်း’ ဆိုတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ရတာတောင် ‘သူက ခေါင်းဆောင်မို့၊ စုပေါင်းလုပ်တာကိုတာဝန်ယူတဲ့အနေနဲ့ ပြောရတာ’ အဖြစ် ပုံဖော်ရှင်းလင်းသွားခဲ့ပါတယ်။ သမဂ္ဂကြီးကို ဗုံးနဲ့ခွဲ ဖျက်ဆီးခဲ့တဲ့အမှုကြီးမှာ သမိုင်းတရားခံတွေဖြစ် ကြတဲ့ စစ်အာဏာရှင်တွေဟာ နောက်ဆုံးအချိန်အထိ အရေးတော်ပုံကြီးရဲ့ အရိုးတွန်သံတွေကို အထပ် ထပ်ကြားနေရရင်း ချောက်ချားနေတာကို တွေ့ကြရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကာလတုန်းကလည်း မဆလရဲ့နောက်ဆုံးသမ္မတကြီး ဒေါက်တာမောင်မောင် က တိုက်ပွဲဝင်ကျောင်းသားထုကို လေပြည်ထိုးပြတဲ့အနေနဲ့ ‘‘ကျောင်းသား သမဂ္ဂအဆောက်အအုံ’’ကို ပြန် လည်ဆောက်လုပ်ဖို့ အတူလက်တွဲပြီး ပျော်ပျော်ပါးပါးပန္နက်ချကြရအောင်’’ လို့ သွေးတိုးစမ်းကြည့်ခဲ့ဖူး ပါ သေးတယ်။ ကျောင်းသားတွေအပေါ်ကျူးလွန်ခဲ့လို့သွေးစွန်းနေတဲ့သူတွေနဲ့အတူ လက်ရှိလည်း ကျူးလွန်ခံ နေရဆဲဖြစ်တဲ့ ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ပြန်ဆောက်ဖို့ ဘယ်လို လုပ်ပြီး ပျော်ပျော် ပါး ပါး အုတ်မြစ်ချနိုင်ကြမှာပါလဲ။

ဒီစကားက ကျောင်းသားသမဂ္ဂအဆောက်အအုံကိစ္စဟာ စစ်အာဏာရှင်တွေရဲ့ ရင်ထဲမှာ ဖျောက်ဖျက်ပစ် လိုက်လို့မရတဲ့ အတိတ်တစ္ဆေချောက်လှန့်ခြင်းခံနေရတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ သူတို့ဟာ တနေ့ နေ့မှာ မလွှဲမသွေ ပြန်လည်ပေးဆပ် ဖြေရှင်းရမယ့် ‘တင်နေတဲ့ သမိုင်းကြွေး’ကို လက်မခံ အသိအမှတ်မပြု ချင်ပေမယ့် အသိအမှတ်ပြုလိုက်ရတဲ့ အနေအထား ဖြစ်ပါတယ်။

လမ်းဟောင်းကြီး

အခုလည်း သမဂ္ဂရဲ့ဖွဲ့စည်းပုံကို အဆင့်မြင့်ပညာရေးကဏ္ဍမှာ အတည်ပြုထားတာတွေ့ရပါတယ်။ မကြာခင် ကာလတခုမှာ တရားဝင် ဖြစ်လာနိုင်တဲ့အနေအထားပါ။ ဒါတွေဟာ တက္ကသိုလ်ပဋိဥာဉ်တွေမှာ ပါဝင်လာ မယ့်အချက်တွေ ဖြစ်ပါတယ်။ တကယ်တော့ ကျောင်းသားသမဂ္ဂဆိုတာ တစုံတယောက် တစုတဖွဲ့ရဲ့ စီမံမှု အောက်မှာ တည်ရှိနေတာမဟုတ်ပါဘူး။ လွတ်လပ်တဲ့ကျောင်းသားအစုအဖွဲ့အဖြစ် ရပ်တည်နေတာ ဖြစ်ပါ တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသဖွဲ့စည်းပုံကို ပညာရေးဝန်ကြီးဌာနကရေးဆွဲရမှာ မဟုတ်သလို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဗကသဖွဲ့စည်းပုံကိုလည်း အစိုးရက ရေးဆွဲရမှာ မဟုတ်ပါဘူး။ ကျောင်းသားတွေကိုယ်တိုင် အထွေထွေညီလာခံကနေ ရေးဆွဲအတည်ပြုရမှာဖြစ်ပါ တယ်။ ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံကို ကျောင်းသားတွေကပဲ ရေးဆွဲခွင့်ရှိပါတယ်။ ဘယ်အာဏာပိုင်၊ ဘယ်အစိုးရ တွေကမှ ချုပ်ကိုင်ရေးဆွဲခွင့်မရှိပါဘူး။

ဆိုလိုတာက သမဂ္ဂဆိုတာတွေဟာ အခြေခံအားဖြင့် ကျောင်းသား၊ အလုပ်သမား၊ လယ်သမား စတဲ့ သူ ကိုယ်စားပြုတဲ့လူတန်းစား၊ အလွှာအသီးသီးရဲ့အကျိုးစီးပွားကို ဆောင်ရွက်ကြတာပါ။ သမဂ္ဂတွေဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြတယ်။ နိုင်ငံရေးအရလှုပ်ရှားမှုတွေ ရှိကြတယ်။ သက်သာချောင်ချိရေးသက်သက်ဆောင်ရွက်တာမဟုတ်သလို ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြား ခြံစည်းရိုးခွထိုင်ပြီး ဈေးညှိပေးတဲ့ ပွဲစားလည်းမဟုတ်ဘူး။ အဲဒီလိုလုပ်မယ်ဆိုရင်လည်း ဒါဟာသမဂ္ဂမဖြစ်တော့ပါဘူး။ သက်သာချောင်ချိရေးအသင်း ဒါမှမဟုတ် ညှိနှိုင်း ရေး ကော်မတီသာ ဖြစ်ပါလိမ့်မယ်။

အခုအဆင့်မြင့်ပညာရေးကဏ္ဍမှာ တင်သွင်းထားတဲ့စာတမ်း(မူကြမ်း) အလိုအရ ကျောင်းသားသမဂ္ဂအခြေခံ စည်းမျဉ်းဥပဒေများသည် တက္ကသိုလ်ပဋိညာဉ်များ၏စည်းမျဉ်းဥပဒေများနှင့် သဘောထားကွဲလွဲမှုရှိရင် `ဥပဒေအရ ပယ်ဖျက်မည်´ဆိုတာကိုလည်း တွေ့ရပါတယ်။ အရင်က စစ်အာဏာရှင်တွေ ကျင့်သုံးခဲ့သလို အာဏာပိုင်တွေရဲ့လက်ဝေခံသမဂ္ဂတွေဖွဲ့မယ်။ ကျောင်းသားထုထဲမှာ သွေးခွဲမယ်။ ဒီလိုပဲ အရင်လူတွေရဲ့ လမ်းဟောင်းကြီးကို လိုက်ကြဦးမှာလားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်စေပါတယ်။

သင်ပုန်းချေဖို့လား

လက်ရှိအနေအထားမှာ တကသအဆောက်အဦးကို ပြန်လည်တည်ဆောက်ဖို့ အလောသုံးဆယ် ကြိုးစား နေတာကိုတွေ့ရပါတယ်။ တကသအဆောက်အဦးပြန်လည် တည်ဆောက်ရေးကို မူအားဖြင့် ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာထူထောင်ခွင့်၊ စည်းရုံးခွင့် တွေကို ဦးစွာဆောင်ရွက်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ တကသအဆောက်အဦးကို ပြန်လည်တည်ဆောက်တဲ့ အခါ တိုင်းရင်းသားပြည်သူလူထုကထည့်ဝင်တဲ့ အလှူငွေတွေနဲ့သာ တည်ဆောက်စေချင်ပါတယ်။ တကသအဆောက်အဦးရဲ့ ပိုင်ရှင်ဟာ တကသသာ ဖြစ်ရပါမယ်။

တကသ မူလနေရာကို မည်သည့်အဆောက်အဦးမှပြန်မဆောက်ဘဲ ကျဆုံးခဲ့ကြတဲ့ကျောင်းသားတွေရဲ့ အမည်စာရင်းပြုစုပြီး “ရာကျော်ကျောက်တိုင်” မှာ ကဗ္ဗည်းရေးထိုးကာ စစ် အာဏာရှင်ဖိနှိပ်မှုရဲ့ သမိုင်းဝင် အထိမ်းအမှတ်အဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ တကသအဆောက်အဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တကသအဆောက်အဦးကို မူလနေရာမှာ မဟုတ်ဘဲ သင့်တော်တဲ့နေရာ မှာ ပြန်လည်တည်ဆောက်ဖို့အတွက် ဒေသအသီးသီးက တိုင်းရင်းသားများကျောင်းသားသမဂ္ဂမျိုးဆက် များပါဝင်တဲ့ လွတ်လပ်တဲ့ကော်မတီတရပ်ကို စနစ်တကျဖွဲ့စည်းထားရှိသင့်တယ်လို့ မြင်မိပါတယ်။

ရုပ်ဝတ္ထုဖြစ်တဲ့ တကသအဆောက်အဦးကို တည်ဆောက်တာမခက်ပါဘူး။ အချိန်မရွေးတည်ဆောက်လို့ ရပါတယ်။ နစ်နာခဲ့ရသူတွေ အတွက် တရားမျှတမှုကို ဘယ်လို ဆောင်ရွက်ပေး ကြမှာပါလဲ။ ဒီဖြစ်စဉ်ကြီးမှာ ကျူးလွန်ခဲ့သူတွေ ကျူးလွန်ခံရသူတွေ သက်ရှိထင်ရှားရှိနေသေးတာ၊ မရှိတော့တာတွေ ဟာ အဓိက မကျဘူးလို့ မြင်ပါတယ်။ 

အဓိကဆောင်ရွက်ရမှာက နောင်ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ရလေအောင် ကျူးလွန်ခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေ တာဝန်ရှိသူတွေက ကျူးလွန်ခံရသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ ကို သူတို့ကျူးလွန်ခဲ့တဲ့ အမှားတွေကို တရားဝင်ဝန်ခံဖို့၊ စာနာမှုရှိကြောင်းပြသဖို့ အရေးကြီးပါတယ်။ တကသအဆောက်အဦးသက် သက် ပြန်လည်တည်ဆောက်ပေးရုံနဲ့ ရင်ကြားစေ့ရေး မှာ သင်ပုန်းချေနိုင်ခဲ့ပြီလို့မဆိုနိုင်ပါဘူး။ 

မလွှဲမသွေ ဖြေရှင်းရမယ့် ‘တင်နေတဲ့သမိုင်းကြွေး’ ကို ပြေလည်အောင်ဖြေရှင်းနိုင်မှသာ ဒီနေ့ဆောင်ရွက် နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဆိုတာရဲ့ တရားမျှတမှုကို စတင် ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း 
၃၊ ၇၊ ၂၀၁၇

Comments