သစ်ခက်သံလွင် ကဗျာ၊ ဟာရှိန်း(မင်းတပ်) နှင့် ရာမညမင်းငြိမ်းချမ်းတို့၏ ကဗျာများ


KT#
ငါတို့မျိုးချစ်စိတ်ဟာ တကယ့်ဟာသ ရေပေါ်ဆီ
 ပေါက်ပင်ဘာလို့ကိုင်းရတဲ့အကြောင်းမှာ
အကျိုးတရားဟာ လေကုန် နေပန်းတဲ့ကိစ္စပေါ့။

ပေါ်ပင်တွေနောက်ကို လိုက်သွားတဲ့
တအုပ်တမ နွားသားပေါက်တွေဟာ
အချိန်တန်ရင် အသားခုံရောက်မလား
ဘာလား ညာလား တခုခုပဲ။

ထစ်ခနဲရှိ
လေကြောင်းတိုက်ပွဲ ဆင်နွှဲနိုင်ပါသည်။

သင့်ကိုယ်ရေးအချက်အလက်များ
ထုံးစံအတိုင်း ဖျောက်ဖျက်ထားခဲ့ပါပေါ့
သတင်းက အတင်းအဖျင်းဖြစ်လာတဲ့အခါ
ထန်းသီးတွေ တဖြုတ်ဖြုတ်ကြွေတယ်
ကျီးအာသံ ခဏခဏကြားတယ်။

ဟိုအကြောင်း ဒီအကြောင်း
ခြေရာကောက်ကြရတဲ့အခါ
မရယ်ရတဲ့ ပြက်လုံးများ ပျက်လုံးများနဲ့
စင်ပေါ်ရောက်တဲ့သူဟာ လူရွှင်တော်ဖြစ်လို့
အဲဒီလိုပဲ ငါတို့ဟာ စောင်းကန်း စောင်းကန်း ရွေ့တယ်ဆိုရုံမျှ။

ဟာရှိန်း(မင်းတပ်)
၂၅ ဒီဇင်ဘာ ၂၀၁၆
 .....
KT#
 ရေနစ်သေသွားတဲ့သက်ပြင်းများ

အကောင်ပေါက်စ
ပိုးတုံးလုံးဘဝမှာ
ပင်စည်ခိုင်မာဖို့
မြေသြဇာတွေလှိုင်လှိုင်သုံးခဲ့။

တရိပ်ရိပ်တိုးလာတဲ့ဒီဂရီ
အဆိပ်အတောက်အစွယ်ပွား
ပုခုံးထက်မှဖိအားအောက်
မဖြစ်စလောက်ကွက်သစ်မှာ
အရင်းအမြစ်တွေမတန်မဆ
အသုံးတော်ခံနေရ။

မှောက်ပစ်လိုက်ချင်
ရေနစ်နေတဲ့ကိုယ်ထည်
ဆန်တက်ခွင့်မရှိတဲ့
အထက်အောက်အသက်ရှူသံ
တိုးတိုးတိတ်တိတ်နဲ့
အိပ်ဆေးတွေကအဖော်။

ညဟာ
ညကိုခြောက်လှန့်
ငါက ငါ့ကကြောက်လှန့်
နာရီလက်တံနောက်
ရေနစ်သေသွားတဲ့သက်ပြင်းတွေ
ငါ့ကိုယ်ထဲ ပြန်ရှာမိ ။ ။

ရာမညမင်းငြိမ်းချမ်း

Comments