ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၂၁ )
ခေတ်ထဲမှ အချစ်ကာရန်များ
ကိုနိုင်း
ခေတ်တွေပြောင်းလဲခဲ့ပါပြီ။ ကျွန်တော်တို့ဒီအချိန်မှာ၂၀ ရာစု ခေတ်ရဲ့နှောင်းကာလကိုဖြတ်သန်းလွန်မြောက်လာနိုင်ခဲ့ပြီး၊
၂၁ ရာစုခေတ်ရဲ့ အစပိုင်းကို တရွေ့ရွေ့ဖြတ်သန်းနေပါပြီ။
ဖြတ်သန်းနေတဲ့ခေတ်ဆိုတဲ့ အထဲမှာ ဘဝတွေ၊ အချစ်တွေ အမြဲပါနေပါလိမ့်မယ်။
ဒီဘဝတွေ၊ အချစ်တွေကိုလည်း အနုပညာပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မှတ်တမ်းတင်နေကြပါတယ်။ မှတ်တမ်းတင်နေတဲ့အထဲမှာ စာပေ၊ ကဗျာတွေဟာ လူသားတွေရဲ့နှလုံးသားထဲအထိ စွဲမြဲ အောင် မှတ်တမ်းတင်နိုင်ပါတယ်။
အခုခေတ်မှာရေးဖွဲ့လာကြတဲ့ကဗျာတွေကလည်း ပုံသဏ္ဍာန် တွေ ပြောင်းလဲလာခဲ့ပါပြီ။ ကျွန်တော်တို့ ကဗျာရေးခါစ အချိန် မှာ (၈၀ ကျော် ကာလ) လေးလုံးစပ်ကဗျာတွေ၊ လေးလုံးစပ်အခြေခံလွတ်လပ်ကာ ရန်တွေကို သုံးခဲ့ကြပါ တယ်။ ဥပမာ ပေဖူးလွှာမဂ္ဂဇင်းက နှလုံးသားမှတ်တမ်းလွှာ၊ သပြေမဂ္ဂဇင်း၊ ရုပ်ရှင် အောင်လံမဂ္ဂဇင်းက ကဗျာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အခုအချိန်မှာတော့ အချစ်ကို ခေတ်ပေါ်ကဗျာပုံစံနဲ့ ဖွဲ့နေကြပါပြီ။ အရေးအသား အသုံးအနှုန်းတွေလည်း ကွာသွားပါတယ်။
များသောအားဖြင့်အချစ်ကဗျာတွေကိုကြည့်ရင် အချစ်သက်သက်လွမ်းနေတဲ့ ချစ်သူကိုတမ်းတခြင်း သက် သက်ရေးဖွဲ့တဲ့ကဗျာတွေ မတွေ့ရတော့ပါဘူး။ အချစ်တွေထဲမှာခေတ်ကိုဖြတ်သန်းမှုအရိပ်အယောင်တွေ ပါဝင်နေပါတယ်။ အချစ်ကဗျာတွေဟာ ခေတ်ကိုပါ ထင်ဟတ်နေပါတယ်။
အချစ်သက်သက်မဟုတ်တော့ပဲ ခေတ်ပေါ်အာရုံခံစားမှု(Modrensensibility)ဖြစ်နေသလို၊ ခေတ်ပေါ် လူ့ အဖွဲ့အစည်း (moderncivilizatiom) ကိုပါ ထည့်သွင်းရေးဖွဲ့လာကြပါတယ်။ ဒီနေရာမှာ ခေတ်ပေါ် ကဗျာ ရဲ့ပင်မရေစီးသဘော (Main Stream) ဖြစ်တဲ့ အချစ်ခံစားမှုကို အနုပညာအနေနဲ့ ဖော်ထုတ်ခဲ့ကြပါတယ်။ ခေတ်ပေါ်အချစ်ကဗျာလို့ပြောနိုင်ပါတယ်။
ဒီခေတ်ပေါ်ကဗျာတွေထဲမှာလည်းပကတိယုတ္တိကနေကင်းလွတ်တဲ့ကဗျာတွေလည်းတွေ့နေရပါတယ်။ ဥပမာပြောရရင် လိင်ဆက်ဆံမှု အသားပေးဖော်ပြချက်ကို ခေတ်ပေါ်ကဗျာ(သို့မဟုတ်) ခေတ်ပေါ်အချစ် ကဗျာတွေဆိုပြီး တွေ့နေရတာတွေဟာ ဆင်ခြင်တုံတရားရဲ့ ထိမ်းချုပ်မှုကိုဖောက်ထွက်ရေးသားတာမျိုး ဖြဖစ်ပါတယ်။ ဒါကလည်း ဆူရီရယ်လစ်ဇင်(surrealism) ကဗျာအမျိုးအစားတွေအဖြစ်ရေးဖွဲ့လာကြပါ တယ်။ ကျွန်တော့်အနေနဲ့ပြောရရင်တော့လက်ခံနိုင်စရာမရှိပါဘူး။
ခေတ်ပေါ်အချစ်ကဗျာတွေအနေနဲ့ လှပတဲ့ကဗျာတွေလည်း ရှိနေပါတယ်။ ဇူလိုင်လ Look မဂ္ဂဇင်းထဲက ပြည့်ဘုဏ်းပိုင်ရဲ့ နှစ်ကိုယ်တူကဗျာကိုဖတ်မိပါတယ်။
ကုသိုလ်ကောင်းမှုဆိုလည်း
ဘုရားအတူတူသွားမယ်
အကုသိုလ်ဆိုလည်း
ငါးအတူမျှားမယ်
ရေထဲက ငါးနဲ့
လေထဲက ငှက်
ကစဥ့်ကလျားတွေ့ဆုံကြတော့
ဇာတ်သိမ်းပိုင်းဟာ မိုးတွေစွေခဲ့တယ်
ငါ့မှာ ထီးလည်းမပါ။
ခေတ်ထဲမှာ မမျှော်လင့်ပဲဆုံခဲ့ကြတဲ့ချစ်သူတွေရဲ့ဘဝကို လှပစွာရေးဖွဲ့ပြလိုက်တာပါ။ ဒီခေတ်ကြီးထဲမှာ မမျှော်လင့်ပဲချစ်သူဖြစ်ခဲ့ကြသူတွေများပါတယ်။ မမျှော်လင့်ပဲ ပြန်ပြီး လမ်းခွဲခဲ့ရတဲ့သူတွေလည်း များပါတယ်။
မမျှော်လင့်ပဲ ချစ်သူတွေဖြစ်ခဲ့ရတာလည်း ဒီခေတ်မှာပါပဲ။ မမျှော်လင့်ပဲ
လမ်းခွဲလိုက်ရတာလည်း ဒီခေတ်ကြီးကြောင့်ပါပဲ။ ပြောမယ်ဆိုရင် မမျှော်လင့်ပဲ
ချစ်သူတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာ အချစ်ရေး၊ လွမ်း ရေးထက် အဆင်မပြေတာတွေများလာပါတယ်။ ဘဝတွေက မွန်းကြပ်နေတဲ့အခြေအနေမှာ အချစ်ရက် တွေ အေးချမ်းစွာမကျော်ဖြတ်နိုင်ကြပါဘူး။ အခက်အခဲပေါင်းများစွာနဲ့ ကျော်ဖြတ်နေရပါတယ်။
ဒီအခက်အခဲပေါင်းများစွာကို ခက်ခက်ခဲခဲကျော်ဖြတ်နိုင်ပြီးတဲ့နောက်မှာလည်း ဒုက္ခတွေကိုရင်ဆိုင်နေရ တာတွေက များပါတယ်။
ဒီလိုဘဝတွေများစွာရှိနေရင် ရသစာတွေ၊ ကဗျာတွေ ဖတ်နိုင် ကြပါ့မလား။ ရသစာပေတွေမပြောနဲ့ဦး။ သတင်းစာတောင်မှန်မှန်မဖတ်နိုင်ကြတဲ့ဘဝတွေများနေပါပြီ။
ဒါကြောင့်လည်း ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၄၀ ကျော်မှာ
စာတတ်ပြီး၊ စာဖတ်နိုင်သူက တဝက်ပဲထားဦး။ သတင်းစာစောင်ရေနဲ့၊ သတင်းဂျာနယ်စောင်ရေနဲ့တိုင်းတာ ကြည့်လိုက်ရင် အလွန်ကွာခြားနေပါတယ်။ ရသစာပေအနေနဲ့ ဝတ္ထုတွေ၊ ကဗျာစာအုပ်တွေကပိုဆိုးပါသေးတယ်။ လူဦးရေသန်း ၄၀ ကျော်ရှိတဲ့နိုင်ငံမှာ ရသဝတ္ထု၊ ကဗျာစာအုပ် က တစ်ထောင်ရောင်းရဖို့တောင် မလွယ်ပါဘူး။
ဒီလိုအခြေအနေဖြစ်နေတဲ့တိုင်းပြည်မှာ ချစ်သူတွေအတွက် အခက်အခဲတွေတွေ့ကြရမှာပါပဲ။ အချစ်သက်သက်ရေးဖွဲ့ထား တဲ့ အချစ် ကဗျာတွေ ပျောက်ဆုံးကုန်တာအပြစ်ပြောလို့မရပါဘူး။ ခေတ်ကြီးက အချစ်နဲ့ ဘဝကိုယှဉ်တွဲ ထားသလိုဖြစ်နေရပါတယ်။ ဇူလိုင်လထုတ် Family Life မဂ္ဂဇင်းထဲက အချစ်ကဗျာကဏ္ဍ ကဗျာဖြစ်တဲ့ လွတ်လပ်မိုးရဲ့ အချစ်ထံ Message ပေးပို့ခြင်း ကဗျာကို ဖတ်ကြည့်မိပါတယ်။
တယောက်ထဲနေ တစိတ်ထဲထားလို့ဖြစ်မလား
ဟေမန်ချိုတယောက်တနယ်စီအဝေးမှာ
တယောက် တစုံ တခု ကျကွဲရင်
တယောက်က တနေရာမှာ အစိတ်စိတ်အမွှာမွှာကွဲရတာပဲ
နံနက်ခင်းတွေကို ချစ်ပါ
သဘာဝပတ်ဝန်းကျင်ကိုမျက်နှာမလွဲပါနဲ့
ချစ်ခြင်းမေတ္တာဆီကို
ရုပ်နဲ့ထုံကူးပြီး နာမ်နဲ့အရောက်သွားကြပါစို့
ညတွေရဲ့တိတ်တဆိတ်ပေါက်ကွဲသံတွေကိုကိုနားထောင်ပါ
ကမ္ဘာမဆိုထားနဲ့ ကိုယ့်ပြည်တွင်းမှာတောင် ကိုယ့်ပံ့သကူမြေက ဘယ်မှာ
အမေး ဘုရားလောင်း ခအဖြေ နွားကျောင်းသားခေတ်ကြီးထဲမှာ
မင်းလွဲရင် ငါချော်မယ်၊ ငါကြေရင် မင်းကွဲမယ်
ငါတို့ခံရရင်တော့ စားမယ့်ဒိုင်တွေက ပေါလှပါဘိသနဲ့
ပေါ့ပေါ့ပါးပါးနေပါ မလိုတဲ့အတွေးအခေါ်
ဘေးထွက်ဆိုးကျိုးတွေကို လှီးထုတ်ပစ်ပါ
လိုအပ်မယ်ဆိုရင်တော့ ငါ့စိတ်နဲ့မင်းရှင်သန်ပြီး
မင်းစိတ်နဲ့ ငါရော
ကမ္ဘာကြီးကျန်းမာလာပါလိမ့်မယ်။
လက်တွေ့ဘဝထက် စိတ်နဲ့ရှင်သန်နေကြရပါတယ်။ မနီးနိုင်သေးတဲ့ ချစ်သူတွေဟာ တယောက်စိတ်ကို တယောက်စိတ်ထဲမှာ ထည့်ထားတဲ့ အလွမ်းတွေ ပွင့်လာခဲ့ရပါတယ်။ ဒီ Family Life မဂ္ဂဇင်း ထဲမှာပဲ နောက်ထပ်ဖတ်မိတဲ့အချစ်ကဗျာက ပြည့်သူရ ရဲ့ ခေါင်းစဉ်မဲ့အလွမ်း ပါပဲ။
နေဝင်ချိန်တွေက
အလွမ်းတွေကို အိုစာစေတယ်
မွတတရေရွတ်မိတဲ့ နာမည်လေး
ညနေလေညင်းလေးထဲ လူးလူးလွန့်လွန့်ပါလာ
ငါထိုင်နေတဲ့ တည်နေရာ
မှောင်ရိပ်က ခပ်သန်းသန်းနဲ့
သက်ပြင်းတွေ တထွေးကြီးချလို့
ရင်ဘတ်ကြီးက ဖြစ်တည်လာသမျှတွေ
မချိတင်ကဲပြုံးရင်း
မျှော်လင့်ချက်တွေ လေညင်းထဲရှာတော့
သေချာတယ်
နေ့စွဲတိုင်းမှာ
အလွမ်းတွေဗိုလ်စွဲနေမယ်။
တရက်ကုန်ခါနီးလို့ နေညိုချိန်တိုင်းမှာ အလွမ်းတွေအိုစာကုန်တယ်ဆိုတဲ့အတွေးမျိုးကိုတွေးမိကြပါ လိမ့်မယ်။ နေ့ရှိသမျှ ချစ်သူတွေ အတွက် ချစ်ခြင်းနဲ့ကြည်နူးမှုမရနိုင်ခဲ့ပါဘူး။
တယောက်ရဲ့အမည်နာမကိုတယောက် တဖွဖွမြည်တမ်း တမ်းတရင်း ကုန်လွန်ခဲ့ရတာတွေ
များပါတယ်။ ဒီခေတ်ကြီးထဲမှာ ချစ်သူကို ချစ်ဖို့တောင်တဝက်ပဲချစ်နိုင်တဲ့ဘဝပါ။ ချစ်သူတွေအနေနဲ့ တဦးကိုတဦး စိတ်ပူနေကြရတဲ့ခေတ်ပါ။ ဒါကို ဇူလိုင်လထုတ် မဟေသီမဂ္ဂဇင်းထဲက ရင်နီ ရဲ့ ခရေ ကဗျာကို ဖတ် ကြည့်ရင်တွေ့မြင်နိုင်ပါတယ်။
ဘယ်သူကပဲ ဝေဖန်ပါစေ
ရင်ထဲစူးနစ်အောင်
မေတ္တာရှိမိတာ ဝန်ခံရတော့မယ်။
မိုးရွာကြီးထဲ
ခရေပင်အောက်က ခုံတန်းလေးပေါ်
ထိုင်တွေးရင်း
ချောင်းတဟွတ်ဟွတ်ဆိုးရင်း
ငေးမောရင်း
လွင့်ကြွေရမယ့် အချိန်ကာလအတွက်
ရနံ့လေးကို တမ်းတနေချင်မိတယ်။
ဘဝမှာ
ဘုရားသခင်ပေးတဲ့နောက်ဆုံးလက်ဆောင်အဖြစ်
မင်းအမည်နာမကို ရေးထိုးဖို့
ငါလက်မတွန့်ပါဘူး။
ဒါဟာ
တိုက်ဆိုင်မှုတခုဆို
နံရံကို တိုက်ခဲ့တဲ့ငါ့ရဲ့ဦးခေါင်း
သွေးချင်းချင်းနီသွားပါစေ။
တုန်ယင်လှိုက်မောမှုဟာ
တွန်းအားတခုအဖြစ်
နေ့သစ်တွေအတွက်
မင်းကိုစိုးရိမ်စွာ။
ဘဝတွေကတော့ပြီးဆုံးသွားမှာပါ။
ပြီးဆုံးသွားတဲ့အချိန်မှာ လောကအတွက် မှတ်မိစရာတွေကျန်ခဲ့ မယ်ဆိုရင်
လူ့ဘဝဆိုတာ နေပျော်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။ ဒီလိုပါပဲ။
လူတိုင်းမှာလည်းအချစ်ရက်တွေရှိနေပါတယ်။ အနည်းဆုံးတော့
ကိုယ့်မှာကြုံတွေ့ရမယ့် ဒုက္ခထက် ကိုယ် ချစ်တဲ့သူအတွက် စိုးရိမ်တတ်တာ
သဘာဝကျတယ်ဆိုပေမယ့်၊ လူသားအချင်းချင်း အချစ်စိတ်နဲ့ ရှင်သန် ရတာ
အကျိုးရှိပါတယ်။
နောက်ဆုံးအနေနဲ့ Closer မဂ္ဂဇင်းထဲက အောင်မျိုးသက် ရဲ့ စိန်ပန်းနီနီ ကဗျာလေးလို ဝေတဲ့အခါ ရဲရဲ ရင့်ရင့်ဝေပြီး ကြွေတဲ့အခါလည်း ရဲရဲဝံ့ဝံ့ကြွေပြနိုင်ပါစေ။
သူပွင့်ပုံက လှိုက်လှိုက်လှဲလှဲ
သူကြွေကျတော့လည်း မိုက်မိုက်ရဲရဲ
ဘာကိုမျှော်ကိုးပြီး အားနဲ့မာန်နဲ့ ပွင့်ပွင့်ပြနေပါလိမ့်ဆိုတော့
မြင်သူတိုင်းကတော့
သူ့ကိုလှတယ်လို့ပြောကြပါရဲ့
ဒါပေမဲ့ ခေါင်းထက်မှာလည်းအလှမပန်
ဧည့်ခန်းစားပွဲမှာလည်း အလှမဆင်
ဘုရားမှာလည်း မကပ်လှူကြ
သူ့ခမျာ ရနံ့ကမသင်းလေတော့
အနမ်းပေးသူကမရှိ
သူကလည်း ဘာဆုကိုမှမခြွေ၊ဘာဆုကိုမှ မတောင်း
ပွင့်မြဲသာပွင့်နေ၊ ကြွေမြဲသာကြွေနေ
ကမ္ဘာကြီးကတော့ဖြင့်
သူ့ကို တစ်ပင်လုံးပန်ထားလေရဲ့
စိန်ပန်းနီနီတွေ၊ ရဲရဲပွင့်ပြီး ရဲရဲကြွေ။
ဒါပါပဲ၊ လောကကြီးမှာ ရဲရဲပွင့်ပြီး ရဲရဲကြွေတတ်ကြပါစေ။
ကိုနိုင်း
ခံစားသုံးသပ်သောကဗျာများ။
၁။ ပြည့်ဘုဏ်းပိုင်(နှစ်ကိုယ်တူကဗျာ)၊ Look မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၇။
၂။ လွတ်လပ်အိမ်( အချစ်ထံ Message ပေးပို့ခြင်း)၊ Family Life မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၇။
၃။ ပြည့်သူရ( ခေါင်းစဉ်မဲ့အလွမ်း)၊ Family Life မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၇။
၎။ ရင်နီ( ခရေ )၊မဟေသီမဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၇။
၅။ အောင်မျိုးသက် ( စိန်ပန်းနီနီ )၊ Closer မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၇။
- The Sun Rays Journal - Vol 1.No 157. 22 July 2017
Comments
Post a Comment