သစ်ခက်သံလွင် သူ့အမြင်သူ့အတွေး- မြတ်လှိုင်း ၏ "စိတ်အခြေပြု ရုပ်ပြောင်းလဲခြင်း"

စိတ်အခြေပြု ရုပ်ပြောင်းလဲခြင်း
မြတ်လှိုင်း
 
ပြောင်းလဲရမည်ဆိုတဲ့အတိုင်း ပြောင်းလဲသင့်ပါပြီ။ နှစ်ပေါင်းများစွာ အဆိုးဆုံးနေ့ရက်များကို ရင်ဆိုင်ခဲ့ရပြီးပါပြီ။ အခုခေတ်သစ်ကို ဖန်တီးတည်ဆောက်နေတဲ့အချိန်မှာ အဖက်ဖက်မှပြောင်းလဲနိုင်ရပါ လိမ့်မယ်။ အဆိုးဆုံးထက် ပိုမဆိုးနိုင်တော့ပါဘူး။ အဆိုးဆုံးကိုရင်ဆိုင်ပြီးရင် အကောင်းကိုမျှော်လင့်ချင်ကြတာ လူ့ သဘာဝဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့မျှော်လင့်နေကြတာက နေ့စဉ်ကြုံတွေ့ ရင်ဆိုင်ဖြေရှင်းနေရတဲ့ စားဝတ်နေရေးပါပဲ။ နေရေးဆိုတဲ့ကဏ္ဍမှာ အခက် အခဲကြီးစွာနေခဲ့ရတဲ့ နေထိုင်ရေးအပြင် သွားလာရေး ပါဝင်ပါတယ်။ အဓိကကတော့ မဟာရန်ကုန်မြို့တော်ကြီးမှာနေထိုင်တဲ့ပြည်သူတွေ ရဲ့နေ့စဉ်နဲ့အမျှ အလုပ်သွားနေရတဲ့ အခက်အခဲတွေပါ။
နေ့စဉ်အလုပ်သွားနေရတဲ့ပြည်သူတွေဟာ သိန်းပေါင်းများစွာ ရှိပါ တယ်။ ဒီပြည်သူတွေဟာ လိုင်းကားတွေကို တိုးဝှေ့၊ တွယ်ချိတ်ပြီး ဒုက္ခခံ စီးနေကြရပါတယ်။ အရှက်တရားတွေ၊ အသက်အန္တရာယ်တွေကို ဂရုမပြု နိုင်ဖြစ်နေရပါတယ်။ ဒီလိုဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေမှာ စိုးရိမ်သောကစိတ်တွေ ရှိနေခဲ့ရပါတယ်။ အိမ်တွေမှာကျန်ရစ်ခဲ့သူတွေလည်း စိုးရိမ်သောက များစွာနဲ့ ကျန်ခဲ့ရပါတယ်။
လိုင်းကားပေါ်ကိုရောက်ရှိရေးဆိုတဲ့ စိုးရိမ်သောကစိတ်အပြင် အလုပ်နောက်ကျမှာ၊ ညနေအိမ်ပြန်နောက် ကျမှာတွေကလည်း အမြဲစိုးရိမ် သောကရောက်နေရတဲ့စိတ်တွေပါ။

နောက်တခုကလောဘစိတ်တွေနဲ့ယှဉ်ပြီး စားဝတ်နေရေးအတွက်ဖြေရှင်းနေရတဲ့ လိုင်းကားမောင်းသူတွေ၊ ကားနောက်လိုက် စပယ်ယာတွေရဲ့စိတ်တွေပါ။ နေ့စဉ်တွက်ခြေကိုက်ဖို့ လိုင်းကားအချင်းချင်းယှဉ်ပြိုင်ပြီး အလုအယက်မောင်းနေရတာကြောင့် ဒေါသစိတ်တွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။ လောဘစိတ်တွေကြီးထွား လာတဲ့အခါ အရိုင်းစိတ်တွေဖြစ်လာခဲ့ပါတယ်။

ပြောရရင် နေ့စဉ်နဲ့အမျှသောကစိတ်တွေ၊ လောဘနဲ့ဒေါသစိတ်တွေရင်းနှီးနေရတဲ့မြို့တော်ကြီးဖြစ်နေရပါ တယ်။ ရန်ကုန်မြို့တော်ကြီးရဲ့လမ်းမတွေပေါ်မှာ အချိန်တွေ ကုန်ဆုံးနေရပါတယ်။ ပြည်သူတွေအတွက် အချိန်တွေကိုပါပေးခဲ့ရသလို၊ တိုင်းပြည်အတွက်လည်း လုပ်အားတွေ ဆုံးရှုံးခဲ့ရပါတယ်။

အခုပြောချင်တာက ပြောင်းလဲရမည်ဆိုတဲ့ ဒီမိုကရေစီခေတ်အပြောင်းအလဲမှာ ပြည်သူတွေရဲ့စိုးရိမ်ကြောင့်ကြနေရတဲ့သောက စိတ်တွေ၊ အဆိုးရွားဆုံးခေတ်မှာရရှိခဲ့တဲ့လောဘစိတ် ဒေါသစိတ်တွေကို အရင်ပြောင်း လဲရပါလိမ့်မယ်။

အခုရန်ကုန်မြို့တော်ကြီးမှာ ရန်ကုန်တိုင်းအစိုးရက နှစ်ပေါင်းများစွာ သောကစိတ်တွေ လောဘနဲ့ဒေါသ စိတ်တွေကိုဖြစ်ပေါ်စေခဲ့ရတဲ့ မထသယာဉ်လိုင်းတွေပြေးဆွဲနေတဲ့စနစ်ကိုပြောင်းလဲပြီး အစိုးရပိုင်ယာဉ်လိုင်းတွေပြေးဆွဲမယ့်စနစ်ကိုပြောင်းလဲခဲ့ပါပြီ။

ဒီလိုပြောင်းလဲတာကိုအကောင်းဖြစ်မယ်လို့ပြည်သူတွေမြင်နေကြပါတယ်။
ဒီမိုကရေစီစနစ်ကိုဖော်ဆောင်မယ့်အရပ်သားအစိုးရသစ်ရဲ့ပြောင်းလဲဖို့ကြိုးစားတာတွေကို တွေ့မြင်ချင်ကြပါ တယ်။ ခေတ်ဆိုးမှာကြုံတွေ့ရတာထက်တော့ ပိုကောင်းလာလိမ့်မယ်ဆိုပြီး ပြောင်းလဲမှုမှန်သမျှကိုပြည်သူ တွေ အမြဲကြိုဆိုနေကြမှာပါ။ ခေတ်ပြောင်းကိုဖန်တီးရမယ့်အစိုးရတွေမှာ အခက်အခဲတွေတော့ ရှိကြမှာပါ ပဲ။
အခုပြောင်းလဲမှုဟာ ပုံသဏ္ဍာန်ပြောင်းလဲမှုပါ။ ပုံသဏ္ဍာန်ပြောင်းလဲမှုထက်အရေးကြီးတာက စိတ်တွေကို ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။
အဓိကပြောင်းလဲပစ်ရမယ့်စိတ်တွေဟာ လောဘစိတ်တွေအဓိကကျနေပါတယ်။
ဒီပြဿနာကလည်း အကိုင်အတွယ် အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒီလောဘနဲ့မိမိကိုယ်ကျိုးအတွက်ပဲကြည့် နေတတ်တဲ့စိတ်တွေရှိနေသေးရင် ဒီမိုကရေစီခေတ်အပြောင်းအလဲကို ဘယ်လိုမှမရောက်နိုင်ပါဘူး။

တကယ်ဆိုရင် ခေတ်ပြောင်းဖို့လိုလားခဲ့သူတွေထဲမှာလည်း လိုင်းကားပိုင်ရှင်တွေရော၊ ယာဉ်မောင်းသူတွေ ပါဝင်ခဲ့မှာပါ။ ဒီမိုကရေစီအစိုးရသစ်ဖြစ်ဖို့ လက်သန်းမှင်ပြာစွန်းခဲ့သူတွေထဲမှာလည်း မိမိတို့ကိုယ်ကျိုးစီးပွား နဲ့ယှဉ်ရင် လောဘစိတ်ကိုမဖျောက်နိုင်ကြသေးပါဘူး။ ခေတ်ဆိုးထဲကထွက်လာခါစ ခေတ်အသစ်ကိုပြုပြင် တည်ဆောက်နေချိန်မှာ ကိုယ်ကျိုးတခုထဲကိုမကြည့်သင့်တော့ပါဘူး။ အတ္တတွေမကြီး သင့်တော့ပါဘူး။ ပြည်သူလူထုကြီးအတွက် အတ္တနဲ့ပရအကျိုးကိုမျှကြည့်ပြီးခေတ်အသစ်တည်ဆောက်ရေးမှာ ပါဝင်ကြမှ အောင်မြင်ပါလိမ့်မယ်။ အများပြည်သူတွေရဲ့အခက်အခဲကို ဝိုင်းဝန်းကူညီဖြေရှင်းရမယ့်အချိန်ပါ။

ကျနော်တွေးလိုက်မိတာက ကမ္ဘာကြီးမှာ ကွန်မြူနစ်စနစ်တွေထွန်းကားခဲ့တဲ့အချိန်ကို သတိရမိပါတယ်။ အရင်ကွန်မြူနစ် နိုင်ငံတွေကပြည်သူတွေဟာ ဘုံဝါဒနိုင်ငံတော်တည်ဆောက်ရေးမှာ တက်ကြွစွာပါဝင်ခဲ့ကြ ပါတယ်။ ဘုံဝါဒနိုင်ငံတည်ဆောက်ရေးအတွက် အသက်စွန့်လိုသူတွေအမြောက်အမြား ပေါ်ပေါက်ခဲ့ပါ တယ်။ မော်စီတုန်းတည်ဆောက်ခဲ့တဲ့ တရုတ်ပြည်။ ဟိုချီမင်းဦးဆောင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံတွေဟာ ဘုံဝါဒ ရဲ့စံပြနိုင်ငံတွေဖြစ်ခဲ့ပါတယ်။ ကွန်မြူနစ်စနစ်အောင်မြင်ခြင်း မအောင်မြင်ခြင်းကို ပြောချင်လို့မဟုတ်ပါဘူး။ 

တိုင်းပြည်တခုကိုအသစ်ပြန်လည်တည်ဆောက်ရေးမှာ အဲဒီတိုင်းပြည်ကလူကြီးတွေသာမက လူငယ်တွေ ပါ တက်တက်ကြွကြွနဲ့ပါဝင်တည်ဆောက်ခဲ့ကြတယ်။ တိုင်းပြည်အတွက် အတ္တအကျိုးတွေကိုဘေးဖယ်ပြီး ကိုယ်ကျိုးစွန့်ခဲ့ကြပါတယ်ဆိုတာပြောချင်တာပါ။
ပြည်သူတွေရှေ့ကနေ ကွန်မြူနစ်ပါတီဝင်တွေက ဦးဆောင်အနစ်နာခံခဲ့ကြပါတယ်။ ပြည်သူတွေပါဝင် လာ အောင်လည်း စည်းရုံးနိုင်ခဲ့ကြပါတယ်။

ကျနော်တို့နိုင်ငံမှာလည်း ခေတ်ဆိုးစနစ်ဆိုးထဲကထွက်လာပြီး ပြောင်းလဲရမည်ဆိုတဲ့ကြွေးကြော်သံနဲ့ခေတ် ပြောင်းကိုစတင်တည်ဆောက်နေပါပြီ။ အခုရန်ကုန်မြို့တော်ကြီးမှာ နေ့စဉ်နဲ့အမျှပြည်သူတွေသွားလာနေ ကြတဲ့ ယာဉ်လိုင်းတွေကို စတင်စနစ်ပြောင်းလဲလိုက်တဲ့အချိန်ပါ။ နေ့စဉ်အလုပ်ဆင်းအလုပ်ပြန်ပြည်သူတွေအခက်အခဲမရှိအောင် တက္ကသိုလ်တွေကကျောင်းသားလူငယ်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကူညီ ပေးနေကြပါပြီ။ အာဏာရအင်အယ်ဒီပါတီဝင်တွေလည်း ဦးဆောင်ပါဝင်လာကြမှာကို မျှော်လင့်မိပါတယ်။
စိတ်ကြောင့် ရုပ်ပြောင်းလဲနိုင်သလို ရုပ်ကြောင့်စိတ်ပြောင်းလဲမှု လည်းဖြစ်နိုင်ပါတယ်။

အခုယာဉ်လိုင်းစနစ်ပြောင်းလဲမှုဟာ ပုံသဏ္ဍာန်အရရုပ်ပြောင်းလဲမှုပါ။ 
အာဏာရအစိုးရရဲ့ပုံသဏ္ဍန်အပြောင်းအလဲမှာပြည်သူက ပြည်သူကို ကူညီခြင်းဆိုတဲ့စိတ်ကိုပြနေပါတယ်။ ဒီလိုနေ့စဉ်သွားလာနေရတဲ့ပြည်သူတွေအခက်အခဲမရှိအောင် ကူညီလိုတဲ့စိတ်စေတနာတွေ ပါဝင်ကြောင်း ပြနေတာဖြစ်ပါတယ်။ အစိုးရတခုကမှန်ကန်တဲ့မူဝါဒတခုကိုချမှတ်ပေးပြီး ပြည်သူတွေလိုက်ပါဆောင်ရွက် ရင် အောင်မြင်မှာပါ။ မူဝါဒတခုအောင်မြင်လာခဲ့ရင် ပြည်သူတွေမှာလည်း ပါဝင်ကူညီခွင့်ရတဲ့ပျော်ရွှင်စိတ်တွေဖြစ်ပေါ်နိုင်ပါလိမ့်မယ်။ ဒီဖြစ်ပေါ်လာတဲ့ပျော်ရွှင်စိတ်တွေကလည်း စိုးရိမ်သောကစိတ်တွေကို အတန် သင့်ပြေပျောက်နိုင်ပါတယ်။ အတ္တစိတ်တွေကိုလည်း ပျောက်ကင်းစေပါလိမ့်မယ်။ အဓိကကတော့ လူလူ ချင်း ကိုယ်ချင်းစာစိတ်ဖြစ်လာဖို့လိုပါတယ်။ ဒီမိုကရေစီခေတ်တည်ဆောက်နေတဲ့အချိန်မှာ လူလူချင်း တန် ဖိုးထားပြီး လူအခွင့်အရေးကိုအလေးထားဖို့အခြေခံရပါလိမ့်မယ်။ လူ့အခွင့်အရေးကိုအလေးထားမှ လူလူ ချင်းစာနာတတ်တဲ့ လူ့ဝန်းကျင် ပေါ်ပေါက်ကျယ်ပြန့်လာနိုင်မှာပါ။

ကျနော်တို့နိုင်ငံမှာ လူလူချင်းစာနာထောက်ထားတဲ့အမူအကျင့်တွေဟာ ကဏ္ဍဘက်ပေါင်းစုံမှာ ဖျက်ဆီး ခြင်း ခံခဲ့ရပါတယ်။ လူသားဘဝတွေကို အတ္တနဲ့ရှင်သန်နိုင်မှ လူ့အရာရောက်တဲ့ခေတ်ကို ဖန်တီးခံခဲ့ရပါပြီ။ စိတ်တွေကရုပ်ဝတ္တုတွေအောက်မှာ အနင်းချေခံခဲ့ရပါတယ်။

အခုအချိန်မှာ ပြည်သူတွေရဲ့စိတ်တွေကိုစပြီးပြောင်းလဲပစ်ရပါလိမ့်မယ်။ ပြည်သူအများစုရဲ့စိုးရိမ်သောက အမြဲရောက်နေတဲ့အကြောက် တရားစိတ်တွေလျော့ပါးသွားအောင် လုပ်ဆောင်ရပါလိမ့်မယ်။ 

ပြည်သူအများစုကြီးမှာ ကူးစက်ရောဂါကျရောက်သလိုမျိုးအကြောက်တရားဖြစ်စေခဲ့တဲ့ အကြောင်းတရား ကတော့ လောဘစိတ်တွေကြောင့်ပါပဲ။ လောဘတွေဟာမီးတဟုန်းဟုန်းတောက်သလို တိုင်းပြည်တခုလုံး ပြာကျသွားစေတဲ့အထိတောက်လောင်ခဲ့ပါတယ်။ အခုလည်းဒီမီးတောက်က အရှိန်နဲ့တောက်လောင်နေ တုန်းပါ။ ဒီလောဘမီးတွေကိုမငြိမ်းနိုင်သေးရင်တောင် အရှိန်လျှော့သွားအောင်ဆောင်ရွက်နိုင်မှ ပြည်သူ တွေအတွက် သောကစိတ်တွေလျော့ပါးသွားနိုင်မှာပါ။ 

အခုပြောင်းလဲလိုက်တဲ့ရန်ကုန်မြို့တော်ကြီး လိုင်းကားယာဉ်စနစ်အသစ်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ယာဉ်မောင်းသူတွေ၊ ယာဉ်နောက်လိုက်တွေရဲ့လောဘစိတ်တွေကို ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ဥပဒေနဲ့သာမက ဒီမို ကရေစီခေတ်ပြောင်းကာလကို နားလည်ခြင်းဖြင့် လူလူချင်းတန်ဖိုးထားတတ်တဲ့စိတ်မျိုးကိုပြောင်းလဲဖို့ လို အပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကဏ္ဍအသီးသီး မှာ တရားဥပဒေတွေမစိုးမိုးနိုင်သေးတဲ့အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

ပြောရရင်စိတ်ကိုအခြေပြုပြီး ရုပ်ကိုပြောင်းလဲနိုင်မှသာ မျိုးစုံလောင်ကျွမ်းနေတဲ့အပူမီးတွေငြိမ်းသတ်နိုင် ပါလိမ့်မယ်။ အပူမီးတွေလောင်ကျွမ်းနေသမျှ အေးချမ်းမှုကိုမရနိုင်ပါဘူး။

ပြောင်းလဲရမည်ဆိုတဲ့ တကယ်ပြောင်းလဲနိုင်တဲ့ခေတ်ကိုရောက်ဖို့ စိတ်တွေပြောင်းလဲနိုင်အောင် ကြိုးစားနိုင် ကြပါစေ။

မြတ်လှိုင်း

(ပေါ်ပြူလာနယူးဂျာနယ်)
အတွဲ ၉၊ အမှတ် ၄၊ ၂၀၁၇ ဇန်နဝါရီ ၂၆

Comments