သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ "ပြည်သူနဲ့အတူ ရွှေပြည်တော်မျှော်တိုင်းဝေးကဗျာများကိုဖတ်နေရခြင်း"

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၈ )

ပြည်သူနဲ့အတူ ရွှေပြည်တော်မျှော်တိုင်းဝေးကဗျာများကိုဖတ်နေရခြင်း

ကျနော်တို့ပြည်သူတွေ၊ ပြည်သူနဲ့အတူမျှော်လင့်ခဲ့ရတာ ခေတ်ပေါင်းများစွာကြာခဲ့ပါပြီ။ ခေတ်တွေလည်း တခေတ်ပြီးတခေတ် ပြောင်းလဲသွားခဲ့ပါပြီ။ ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့ဒုက္ခတွေကတော့ ကြုံမြဲ အတိုင်း ကြုံနေရတုန်းပါ။ ပြည်သူနဲ့အတူဆိုတဲ့စကားကို စဉ်းစားနေမိပါတယ်။ ပြည်သူနဲ့အတူဆင်းရဲ နိမ့်ကျနေတဲ့ဘဝတွေ၊ ပြည်သူနဲ့အတူရင်ဆိုင်ဖို့ပြောခဲ့လေသလား။ ဒီအခက်အခဲတောင်ကြီးကိုပြည်သူနဲ့ အတူလက်တွဲပြီးကျော်ဖြတ်မှာလား။ ပြည်သူနဲ့အတူ ပြည်သူတွေရဲ့အားနဲ့ ဖြိုချမှာလား။ အတွေးစိတ်နဲ့မျှော်လင့်နေမိပါသေးတယ်။ ဒါပေမဲ့ ...

ဇွန်လထုတ် မိုးမခမဂ္ဂဇင်း ထဲမှာ နိုင်မြန်မာရဲ့ ကဗျာကိုဖတ်လိုက်မိတော့။

“နေရစ်ဦး” “နေရစ်ဦး”နဲ့
ခုထိလည်း “ပေ “ ဖြစ်တုန်းပါပဲ
“စောင့်ပါဦး” “စောင့်ပါဦး”နဲ့
တထောင့်တညလုံးပါပဲ
အနီလူ ‘ဗလောင်းဗလဲ’ တွေကြောင့်
ပြည်သူတွေမပြောင်းလဲပုံက
ခုထိလည်း’ မြောင်း’ထဲကျနေတုန်း
လူတစ်စုကတော့ထင်တိုင်းကျဲလို့
လူထုကတော့ အရင်အတိုင်းပဲဗျို့။

         လူထုဆိုတဲ့ ပြည်သူတွေအတွက် လူတစုကို မကျေနပ်နိုင်သေးတဲ့အသံကို ကြားလိုက်ရပါတယ်။ ပြည်သူတွေအတွက်လည်း ဘယ်တော့မှကျေနပ်နိုင်လိမ့်မယ်မထင်ပါဘူး။ အရင်ခေတ်တွေတုန်းက အား မတန်လို့အန်မတုနိုင်ခဲ့ကြပေမယ့်... အခုအချိန်မှာကျတော့လည်း ပြည်သူ့အစိုးရခေတ်ရောက်ခဲ့ပေမယ့်... ပေမယ့်...တွေနဲ့ပဲ နိဂုံးချုပ်နေရပါတယ်။ အခု ပြည်သူတွေမျှော်လင့်တဲ့ ပြည်သူ့အစိုးရစစ်စစ် ဖြစ်ပါစေလို့ အမြဲဆုတောင်းနေရမှာလား။ ဆုတောင်းနေလို့ရော ပြည်သူတွေမျှော်လင့်တဲ့အတိုင်း ရွှေပြည်တော်ကြီးကို မြင်တွေ့ရမှာလား။ ပြည်သူနဲ့အတူဆိုပြီး ပြည်သူနဲ့အတူ လမ်းမတွေပေါ်ဆင်းပြီး ဒုက္ခတွေကို ရင်ဆိုင်နိုင်မှာ လား။ 
နိုင်မြန်မာရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး ကဗျာကိုဖတ်မိတော့ အတွေးတွေထဲကိုသံသယတွေ ဝင်ရောက် လာပါတော့တယ်။ တချိန်တုန်းက Dust in the wind သီချင်းကို နိုင်မြန်မာက ပြန်ရေးခဲ့တဲ့ ကမ္ဘာမကြေဘူး ဆိုတဲ့သီချင်းကိုပြန်အမှတ်ရမိပါတယ်။ အဲဒီသီချင်းထဲက ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ အတုံး အရုံး လဲပြိုကာနေဆိုတဲ့စာသားဟာ အခုမဟုတ်နိုင်တော့ပေမယ့် ပေတရာပေါ်မှာ ပြည်သူတွေရဲ့ဆင်းရဲမှု တွေ အတုံးအရုံးလဲ ပြိုနေကြပါတယ်။
          အဲဒီလို ဆင်းရဲခြင်းတွေ အပုံလိုက်အပုံလိုက်လဲပြိုနေကြတာလည်း ပြည်သူနဲ့အတူဆိုတဲ့ ခေတ်မှာ ပါပဲ။ ဒါဟာ ငါတို့ခေတ်လို့ပြောနေကြတဲ့ ငါတို့ခေတ်ဆိုတဲ့ ဇွန်လ၊ ခေတ်ရနံ့မဂ္ဂဇင်းထဲက ဥသြ(ချယ်ရီမြေ) ရဲ့ ကဗျာကိုဖတ်ကြည့်စေချင်ပါတယ်။ ကဗျာကရှည်တော့ ဖတ်ကြည့်စေချင်တဲ့ အပိုဒ်တွေကိုပဲ ထုတ်ပြချင် ပါတယ်။

ငါတို့ခေတ်
လူတွေအသက်ရှုကျပ်တယ်။
ငါတို့ခေတ်
တက်နေတဲ့ ကုန်ဈေးနှုန်းတွေပြန်မဆင်းဘူး
ငါတို့ခေတ်
အဆင်းရဲဆုံးပြည်သူနဲ့အချမ်းသာဆုံးပြည်သူကြား
တနိုင်ငံတည်းအတူတူ
အလင်းနှစ်တစ်သောင်းလောက်ဝေးတယ်။

         တဖြည်းဖြည်းနဲ့ ပြန်မဆင်းတဲ့ကုန်ဈေးနှုန်းတွေနောက်ကို ဆင်းရဲသားပြည်သူတွေလိုက်ရင်းလိုက် ရင်း မြေပြင်ပေါ် ပုံလဲကျနေရတယ်။ တဖြည်းဖြည်းနဲ့ဝေးကွာသွားတဲ့ဆင်းရဲချမ်းသာမှုကြားမှာ ပျောက်ဆုံး သွားတဲ့အမှန်တရားတွေက မမြင်နိုင်လောက်အောင်ဝေးတယ်။ ပြည်သူတွေရဲ့ခေတ်ဖြစ်ပြီလား။ ဒီခေတ် ကြီးကတော့ အရမ်းကိုတိုးတက်နေတယ်။ ဖေ့ဘုတ်ထဲမှာ တွေ့နိုင်ပါတယ်။

ငါတို့ခေတ်
ဖေ့ဘုတ်ထဲမှာ သူရဲကောင်းပေါတယ် စာရေးဆရာပေါတယ်။
ငါတို့ခေတ်
ပြည်သူပိုင်သိမ်းတဲ့စနစ်မှ
ဈေးကွက်စီးပွားရေးစနစ်ပြောင်းလည်း
အခြေခံလူတန်းစားတွေဘဝမပြောင်းလဲ

ဒီနေရာမှာ အခြေခံလူတန်းစားဆိုတာတောင် ပြောရခက်မယ့်ခေတ်ကြီးကို ရောက်နေပြီလို့ပြောရမှာပါ။ အခြေခံလူတန်းစားဆိုတဲ့စကားလုံး အောက်ကိုရောက်နေပါပြီ။ အခြေခံလူတန်းစားမှာ လူသားတယောက် အနေနဲ့ မိမိကိုယ်ကိုယ်စောက်ရှောက်နိုင်တဲ့အခွင့်အရေးရှိနေ ပါသေးတယ်။ အခုခေတ်ကြီးကိုကြည့်ရင်...

ငါတို့ခေတ်
နှစ်လောင်းပြိုင် သုံးလောင်းပြိုင် လေးလောင်းပြိုင်
ငါးလောင်းပြိုင် ပြိုင်ကြတယ်။
ငါတို့ခေတ်
လောကပါလတရားတွေ
ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်နိုင်စွမ်းနည်းလာတယ်။

ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်နိုင်စွမ်း နည်းလာတယ်တောင် ပြောလို့မရနိုင်အောင်ပါပဲ။ငါတို့ခေတ်မှာ အကြောက်တရားတွေ တိုးသထက်တိုးလာပြီး ရှင်သန်မှုကိုခြိမ်းခြောက်ခံနေရတဲ့ အကြောက် တရားခေတ်ဆီကိုပြန်ရောက်နေပါပြီ။ ဒါ့အပြင်...

ငါတို့ခေတ်
ပြည်တွင်းစစ်က သက်တော်ရှည်တယ်တဲ့။

         ကဲ၊ ဒါဆို ပြည်သူတွေက ဘာမျှော်လင့်ရတော့မှာလဲ။ မြို့ပြမှာနေတဲ့ပြည်သူတွေကလည်း ပေတရာ လမ်းတွေထက်မှာ ဆင်းရဲခြင်းတွေ၊ မျှော်လင့်ခြင်းတွေ အပုံလိုက် အတုံးအရုံးလဲပြိုကျနေသလို ကျေးလက် တောတောင်တွေပေါ်မှာနေတဲ့ပြည်သူတွေအတွက်လည်း ပြည်တွင်းစစ်ဒဏ်နဲ့ မျှော်လင့်ခြင်းတွေ သေဆုံး နေရပါတယ်။ ပြည်တွင်းစစ်ဖြစ်နေကြတဲ့ တောတောင်တွေပေါ်က ပြည်သူတွေအတွက်လည်း မျှော်လင့်နေ ကြတာ ငြိမ်းချမ်းရေးပါပဲ။ ဒါကို မေလ၊ဗြူတီမဂ္ဂဇင်းထဲက ကျော်ခန့်လူ က မှင်မထင်တဲ့တံဆိပ် ဆိုပြီး ရေး ဖွဲ့ထားပါတယ်။ ဒီကဗျာကတော့ စဉ်းစားစရာပါပဲ။

“ငြိမ်းချမ်းရေး”ဟာ
တဖြည်းဖြည်းနဲ့
ပေါတိပေါကြောင် ဖြစ်လာတယ်။
ကားဂိတ်အမည်  ငြိမ်းချမ်းရေး
ဆိုက်ကားဂိတ်အမည်  ငြိမ်းချမ်းရေး
လက်ဖက်ရည်ဆိုင်နာမည် ငြိမ်းချမ်းရေး
အရက်ဆိုင်နာမည်ကလည်း  ငြိမ်းချမ်းရေး
လူနာတင်ယာဉ် နိဗ္ဗာန်ယာဉ် အမည်တွေတောင် ငြိမ်းချမ်းရေး။
တောမြိ့ကလေးမှာအပေါင်ဆိုင်တဆိုင်ရှိတယ်
ငြိမ်းချမ်းရေးတဲ့။
မငြိမ်းချမ်းသေးတဲ့လူတွေဟာ
ငြိမ်းချမ်းရေးအတွက်ဆိုပြီး
ဘဏ်တိုက်ကြီးတွေကို
လဲမှို့အိတ်ထဲ၊ ဓားမြှောင်နဲ့စိုက်ချ
ဆတ်ခနဲဆွဲလိုက်သလို
ပြကွက်က လမ်းဘေးမျက်လှည့်လောက်
ကြည့်ရတာ၊ အရသာမရှိတော့အောင်
ပျော့ ပြဲ စုတ် ဖွာ လန်ထွက်နေလေတယ်
ငါတို့ခေတ်မှာ
ငါတို့အားလုံး
မှန်ကြည့်ရင်း ညံ့ခဲ့ကြပုံ။

ငါတို့ခေတ်မှာ ပြည်သူတွေအတွက်မျှော်လင့်နေခဲ့ကြတဲ့ငြိမ်းချမ်းရေးဟာ ပေါနေပြီလား။ ဒီလိုပေါနေလောက်အောင် ငါတို့ ညံ့ခဲ့လို့လား။ ပြည်သူနဲ့အတူဆိုသူတွေကရော သူတို့ဟာ ပြည်သူတွေ မဟုတ်ဘူး လား။ ပြည်တွင်းစစ်မှာသေနေကြတဲ့ စစ်တိုက်နေကြရတဲ့ လူတွေ ကရော ပြည်သူတွေမဟုတ်ဘူးလား။ ဒီပြည်သူတွေမျှော်လင့်နေ ကြတဲ့ငြိမ်းချမ်းရေးကို ဦးဆောင်ဖော်ထုတ်နေကြတဲ့သူတွေအတွက် လူရီမောစရာဖြစ်နေပြီလား။ စစ်ပွဲမှာသေနေကြတဲ့ စစ်တိုက်နေသူ တွေ၊ စစ်တိုက်နေကြတဲ့ကြားခံပြည်သူတွေ သေကြေပျက်ဆီးနေ ကြရတာ ငြိမ်းချမ်းရေးနာမည်ပေးထားတဲ့ ကဇာတ်ထဲမှာတော့ မဟုတ်ပါဘူး။ ကျနော်တို့ကလည်းပြည်သူတွေပါပဲ။ ပြည်သူနဲ့အတူထဲမှာပါဝင်နေကြတဲ့ပြည်သူတွေ ညံ့ခဲ့တာတော့ဖြစ် နိုင်ပါတယ်။ ကျနော်တို့ညံ့ခဲ့လို့လည်း ပြည်တွင်းစစ်ဟာ ကျနော်တို့ တိုင်းပြည်မှာ နာတာရှည်ရောဂါစွဲကပ်သလို စွဲကပ်ခဲ့ရတာပါပဲ။ ဒီပြည်တွင်းစစ်ကြောင့် ယူကျုံးမရနိုင်တဲ့ဖြစ်ရပ်ပေါင်းများစွာ ရှိခဲ့ပါတယ်။ ရှိနေပါတယ်။

ဒါကို FamilyLife မဂ္ဂဇင်းထဲကကဗျာဆရာ အောင်ကိုကိုလတ်(တမူး)ရဲ့ မိသားစုဓာတ်ပုံ ကဗျာကို ဖတ်ကြည့်စေချင်ပါတယ်။

မီးခိုးလုံးကြီးတွေရဲ့နောက်မှာ
မျက်ရည်တွေအလိပ်လိုက်တက်လာတယ်
သေနတ်သံတွေရဲ့ရှေ့မှာ
မျက်ရည်တွေတဟုန်ထိုးပြေးနေတယ်
တကယ်တော့ ဒုက္ခဆိုတာလည်း
အမြှောက်ဆန်တွေလိုပါပဲ
ပူပူလောင်လောင်ပြေးထွက်လာပြီး
နာနာကျင်ကျင်ဖဲ့ယူသွားတတ်တာမျိုးမဟုတ်လား
မိသားစုဆိုတဲ့အိမ်ကလေးရေ
“ဝုန်း”ခနဲမြည်သံနဲ့အတူ မင်းပြိုလဲသွားတော့
ရှင်ကျန်ခဲ့တဲ့သေကွဲအငွေ့အသက်ကို ငါကောက်ရလိုက်ပါတယ်
ငါ့မျက်စိရှေ့၊ မြေကြီးထဲ ချိမ့်ဝင်နေတဲ့ထမင်းအိုးကလေးက
မနက်ဖြန်ရဲ့အဘိဓမ္မာကိုဖတ်ပြတယ်
သွေးစက်တွေများစွာ
ငါကြည့်ဖူးတဲ့ရုပ်ရှင်ထဲမှာ
ငါဖတ်ဖူးတဲ့သတင်းစာထဲမှာ၊ ငါနားထောင်ဖူးတဲ့ရေဒီယိုထဲမှာ။
မိသားစုအိမ်ကလေးထဲက
ကြေကွဲသွားတဲ့ဘုရားပန်းအိုးကလေးလို
နာကျင်နေတဲ့စိတ်နဲ့
မေမေရေ
မေမေရေ
ညီမလေးရေ
ကမ္ဘာမှာ မိသားစုဟာဖျက်ချလို့မရတဲ့ချစ်ခြင်းမေတ္တာပေါ့
အခု  စစ်ဆိုတဲ့အနိဋ္ဌာရုံကြားထဲကနေ
မိသားစုဓာတ်ပုံကလေးတွေကို
ဒုက္ခသည်စခန်းကလူတိုင်း
မျက်ရည်အပြည့်နဲ့ ထုတ်ထုတ်ကြည့်နေကြတယ်။

ကြေကွဲစရာကောင်းတဲ့ ကဗျာလေးတပုဒ်ပါ။ စစ်ဖြစ်နေကြတဲ့တိုင်းပြည်တွေမှာ၊ ဆင်းရဲဒုက္ခရောက်နေရတဲ့ တိုင်းပြည်တွေမှာဒီလိုကြေကွဲ ဝမ်းနည်းစရာဖြစ်ရပ်တွေကိုရေးဖွဲ့နေကြမှာပါ။ ဒီထက်ကြေကွဲဝမ်းနည်းစရာ ကောင်းတဲ့ကဗျာတွေလည်း ရှိခဲ့ပါတယ်။ ရှိနေပါတယ်။ ရှိနေပါလိမ့်ဦးမယ်။
          ပြည်သူတွေမျှော်လင့်နေတဲ့ ရွှေပြည်တော်ကို မမြင်တွေ့ရမချင်း ရေးဖွဲ့နေကြမှာပါ။

ကိုနိုင်း

သုံးသပ်မိသောကဗျာများ
၁။ နိုင်မြန်မာ(ရွှေပြည်တော်မျှော်တိုင်းဝေး)၊ မိုးမခမဂ္ဂဇင်း၊ဇွန်လ ၂၀၁၇။
၂။ ဥသြ(ချယ်ရီမြေ)(ငါတို့ခေတ်)၊ ခေတ်ရနံ့မဂ္ဂဇင်း၊ဇွန်လ ၂၀၁၇။
၃။ ကျော်ခန့်လူ(မှင်မထင်တဲ့တံဆိပ်)၊ ဗြူတီမဂ္ဂဇင်း၊မေလ ၂၀၁၇။
၎။ အောင်ကိုကိုလတ်(တမူး)၊(မိသားစုဓာတ်ပုံ)၊မေလ ၂၀၁၇။

သူရိယနေဝန်းဂျာနယ်
Vol 1. No 154. 
1 July 2017
 


Comments