သစ်ခက်သံလွင်၊ အမှတ်တရ ပုံရိပ်လွှာအပိုင်းအစများ၊ မြတ်လှိုင်း၏ "ကြက်တူရွေးတွေကို စတိုင်ရာကျွေးတဲ့ ဘိုင်အိုကြီး"

ကြက်တူရွေးတွေကို စတိုင်ရာကျွေးတဲ့ ဘိုင်အိုကြီး

(စီးဆင်းနေသောမြစ်များနှင့်ပြန်မစီးနိုင်တော့သောမြစ်များ)
မြတ်လှိုင်း
 
 “ဟေ့ကောင်နေဝင်း၊ မင်းကမိန်းမတွေတယောက်ပြီး တယောက် ယူနေတဲ့အချိန်၊ အင်းလျားကန်ကို နန်းတော်ကြီးပေါ်ကနေ ဇိမ်ခံ ကြည့်ပြီး စည်းစိမ်ယစ်နေတဲ့အချိန်မှာ ငါတို့ပြည်သူတွေ ထမင်းရည် သောက် နေရတယ်ကွ၊ ငါတို့ပြည်သူတွေ ဆင်းရဲတွင်းနွံထဲမှာ လူးလှိမ့် နေရတယ်ကွ”
         “ဟေ့ကောင် နေဝင်း…. …” အာဏာရှင်ရဲ့နာမယ်ကိုဒေါသတကြီးခေါ်ပြီး မကျေနပ်ချက်တွေ ပြောနေတဲ့ စာရေးဆရာ၊ တေးရေးဆရာ၊ အယ်ဒီတာ၊ ကျူရှင် ဆရာ(ရုပ်ရှင်ကားကို မရိုက်ဖြစ်လိုက်လို့၊ မဟုတ်ရင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာလို့တောင် အမည်တပ်ရမယ့်သူ) အစ်ကိုကြီးမင်းသစ် ရဲ့ပေါက်ကွဲနေသံလား၊ ဖောက်ခွဲနေသံလားအမှတ်ရစွာ ပြန်ကြားနေ မိပါတယ်။ ဒီလိုအားရပါးရပြောနေတဲ့အသံက မအူပင်မြို့၊ မဟာ ဗောဓိ တန်ဆောင်းထဲမှာ ၈၈ လူထုအရေးတော်ပုံကြီးအစပိုင်းမှာ ဟောပြောနေတဲ့ အသံပါ။ သူ့ခေါ်လိုက် တဲ့ "ဟေ့ကောင် နေဝင်း "ဆိုတဲ့အသံဟာ ၁၉၆၂ ကတည်းက ၁၉၈၈ အထိ မြိုသိပ်ထားခဲ့ရတဲ့ မကျေမနပ်ခံစားမှုထဲက ပေါက်ကွဲထွက်လာတဲ့နှလုံးသားထဲက ပျို့အန်ထွက်လာတဲ့အသံပါ။

အစ်ကိုကြီး မင်းသစ်က ၁၉၆၂ ခုနှစ် စစ်အာဏာရှင်တွေအာဏာသိမ်းလိုက်တဲ့အချိန်မှာ ကျောင်းသား တယောက်အနေနဲ့အဖမ်းခံရပြီး နာမည်ကြီးထောက်လှမ်းရေးစခန်းရေကြည်အိုင်မှာ ဒုက္ခတွေခံခဲ့ရသူပါ။
အဲဒီ့သူ့ရင်ထဲကမကျေနပ်ချက်တွေကို ဖောက်ခွဲပြလိုက်တဲ့အချိန်ကစပြီး အစိမ်းရောင်ကြက်တူရွေးတွေကို စတိုင်ရာ အစာတွေကျွေးနေခဲ့ပါတယ်။
”အိပ်မက်ကွန်ဖရင့်””တစ္ဆေရင်ကွဲ””မဟာနန္ဒာ Ph10” တို့ဟာ အကိုမင်းသစ်ရေးတဲ့ စတိုင်ရာခေါ် သရော်စာ ဝတ္ထုတွေပါ။ အဲဒီအချိန်မှာ သရော်စာဝတ္ထုတိုတွေရေးတဲ့သူတွေ အတော်ရှားပါတယ်။ ဆရာမောင်သစ်တို့နောက်မှာ သရော်စာဝတ္ထုရေးတဲ့ စာရေးဆရာတွေက ဆရာဝင်းဖေ၊ ဆရာဖေမြင့်၊ ဆရာမင်းလူ၊ လူရွှင်တော်စာရေးဆရာ ချစ်စရာတို့ပါပဲ။ ကျနော်မှတ်မိသလောက်ပြောပြတာပါ။
         ကျနော်နဲ့အစ်ကိုကြီးမင်းသစ်အကြောင်းပြန်ပြောရင် ပြောစရာများပါလိမ့်မယ်။ ဒီမှတ်မိနေတဲ့အထဲ က စိတ်ထဲစွဲထင်နေတဲ့ တချို့အကြောင်းအရာ(အဖြစ်အပျက်)တွေကို ပြန်ပြောပြချင်ပါတယ်။ အစ်ကိုကြီး မင်းသစ်လည်း ဒီအကြောင်းလေးကို ဝတ္ထုပြန်ရေးပြီး ဖြစ်ပါလိမ့်မယ်။

အစ်ကိုကြီးသူငယ်ချင်းကို မင်္ဂလာဒုံလေယာဉ်ဆိပ်လိုက်ပို့ပြီးတော့ ပြန်မယ်အလုပ်မှာ မန္တလေးကိုထွက်မယ့် လေယာဉ်ကြီးက ပန်ကစလည်ပတ်နေပြီလို့ ပြောပါတယ်။ အဲဒီပန်ကာလည်ပတ်သံက သူ့နှာခေါင်းထဲမှာ မန္တလေးမုန့်တီနဲ့သင်းပျံ့နေတယ်တဲ့။ အဲဒါနဲ့ မန္တလေး မုန့်တီစားချင်စိတ် မထိမ်းနိုင်လို့ထွက်မယ့်ဆဲဆဲ လေ ယာဉ်လက်မှတ်ကို ကမန်းကတမ်းဝယ်ပြီး မန္တလေးကို လေယာဉ်ပျံစီးသွား မုန့်တီစားပြန်လာတယ်တဲ့။ အဲဒီအချိန်က ရန်ကုန်မှာမုန့်တီမရသေးပါဘူး။ အဲဒီလိုလူ။
         နောက်ပြောချင်ပါသေးတယ်။ အဲဒီအချိန်က အစ်ကိုကြီးမင်းသစ်နေတာက လှိုင်၊ သုခလမ်းထဲက ခြံအကျယ်ကြီးထဲမှာ တဲအိမ်လေးနဲ့နေတာ။ အဲဒီခြံကြီးက အခုနေရောင်းမယ်ဆိုရင် သိန်းထောင်နဲ့ချီပြီးတန်ပါတယ်။ ဒီခြံကြီးထဲမှ တဲအိမ်အစုတ်လေးနဲ့ နေတာကို ပြောချင်တာပါ။ အိမ်မှာနေတော့ တဲအိမ်အစုတ်၊ အပြင်ထွက်ရင်တော့ တက်စီငှားပြီးထွက်တတ်တဲ့လူ။ အခုအချိန်ထိ လိုင်းကားတခါဖူးမှမစီးဖူးသေးတဲ့  လူပါ။
         အဲဒီအချိန်တညမှာ အင်းလျားလိပ်ဟိုတယ်မှာ အရက်သွားသောက်မယ်ဆိုပြီး တက်စီငှားပြီး သွား ကြတယ်။ ကဗျာဆရာ ဇောင်းထက်လည်း ပါတာပေါ့။ ကျန်တာတော့ဘယ်သူပါလဲဆိုတာ သေသေချာ ချာမမှတ်မိတော့ဘူး။ အင်းလျားလိပ်ဟိုတယ်ကဘလက်လေဘယ်၊ ချိစ်ကိုမှာပြီး ပိုလန်ရေတဲ့။ အဲဒီအချိန်ကတော်ရုံလူဆိုရင်ကြားတောင်ကြားဖူးမှာမဟုတ်ဘူး။ ပိုလန်ကလာတဲ့ရေက Ph7 တဲ့။ 

အခုအချိန်မှာတော့ လမ်းဘေးမှာတောင်ဝယ်လို့ရနေပါပြီ။ အဲဒီ ၈၀/၉၀ ကာလက ပိုလန်ရေကိုဈေးကြီး ပေးပြီး ဝယ်သောက်ရတယ်။ ရေသန့်နဲ့သောက်မှ ဘလက်လေဘယ်က အရသာရှိတာလို့ အစ်ကိုကြီး မင်သစ်ကခပ်ကြွားကြွားပြောပါတော့တယ်။ ပိုက်ဆံအတော်များများရှင်းလိုက်ရတယ်။ အစ်ကိုကြီးပါသမျှကုန်ရောဆိုပါတော့။ ရန်ကုန်ဆူးလေလမ်းမှာ ဘိုင်အိုမင်းသစ်ဆိုပြီး ကျူရှင်ခန်းမကြီး ထဲမှာ သင်ရတဲ့ ကျူရှင်ဆရာပဲလေ။ ငွေတွေရတာမှမနည်းသလို ရတဲ့ငွေကိုလည်း ကုန်အောင် ဖြုန်းပစ် တတ်တယ်။ ထားတော့။ 

အဲဒီညက အင်လျားလိပ်ဟိုတည်ကတက်စီငှားပြန်လာခဲ့ကြတယ်။ သုခလမ်းထဲကTHEMNNTHIT ခြံ အဝရောက်တော့ တက်စီပေါ်ကဆင်းကြတယ်။ 

အစ်ကိုကြီးမင်းသစ်က ခြံထဲမဝင်သေးပဲ “ဟေ့ကောင်တွေ၊ ငါအရက်မဝသေးဘူးကွ” ဆိုပြီး ပြောတဲ့အခါ၊ ကဗျာဆရာဇောင်းထက်က” အရက်အကောင်းစားဆိုပြီး သောက်ရေးမပါတာ၊ မူးလည်း မမူးဘူး” ဆိုပြီး ထောက်ခံပါလေရော။ ပိုက်ဆံကလည်း ပါတာကုန်နေပြီဆိုတော့ လမ်းထိပ်တောအရက်ဆိုင်ကို ရောက်ပါ လေရော။ လမ်းထိပ်တောအရက်ဆိုင်မှာအကြွေးယူပြီး တောအရက်ကို သံပုရာသီးနဲ့ အုန်းမုတ်ခွက်နဲ့ ရေခပ်ပြီးသောက်ကြတော့မှ မူးသွားတယ်။ အစ်ကိုကြီးမင်းသစ်က အခုမှ မူးတာတဲ့။ အဲဒီလိုလိုလူ။
         အဲဒီလိုမူးတော့မှ ခြံထဲပြန်ဝင်လာခဲ့ကြတယ်။ အဲဒီအချိန်က ကျနော်လည်း အစ်ကိုကြီး မင်းသစ်ခြံ ထဲမှနေတဲ့အချိန်။ တဲစုတ်စုတ်လေးရဲ့အရှေ့ကွပ်ပျစ်လေးမှာ ကျနော်နဲ့ဦးဖိုးထူး(ကဗျာဆရာမောင်သင်းခိုင် က ခြင်ထောင်ကျဉ်းလေးထောင်ပြီးအတူအိပ်တယ်။
         အပြင်မထွက်တဲ့နေ့တွေဆို ခြံထဲမှာလူတွေစုံတယ်။ မောင်ခိုင်မာ၊ မောင်ရန်ပိုင်၊ မောင်တင်ဆင့်၊ ဇောင်းထက်၊ မောင်အောင် ပွင့်တို့က အမြဲလိုလာကြတဲ့သူတွေ။ ခံစားသူကြီးလည်း ပင်တိုင်ပါပဲ။ 

တခါတရံမှာဆရာတင်မိုးလည်း ရောက်လာတတ်တယ်။ ခံထဲမှာနေတဲ့ ကိုချစ်ဇော်က ချက်ပြုတ်ရေးတာဝန်ခံပေါ့။ ဘယ်သူလာလာအစ်ကိုကြီးမင်းသစ်နဲ့ အစ်မကြီးရှယ်လီ(ရှယ်လီထွား၊ အင်္ဂလိပ်ပိုင်းအဆိုတော်) က တာဝန်မကျေဘူးဆိုတာ မရှိစေရဘူး။ ခြံထဲလာသူဖြစ်စေ၊ ၃၃ လမ်းစာပေလောကထဲမှာ လိုအပ်လို့ အကူအညီတောင်းသူဖြစ်စေ ကူညီနိုင်သလောက် ကူညီလိုက်တာပါ။ စာပေနယ်ကဒုက္ခသည်တွေကို ထမ်း နိုင်သမျှ ထမ်းထားသူ တယောက်အဖြစ် သိခဲ့ကြတယ်။
         နောက် ခြံထဲမှာ ဘော်ဒါဆောင်တွေဆောက်ပြီးဖွင့်တယ်။ ရန်ကုန်မှာ အမြဲနေ ဘော်ဒါဆောင် ဖွင့်တာ အစ်ကိုကြီးမင်းသစ်က အရင်ဆုံးထဲမှာပါတယ်လို့ ပြောနိုင် ပါတယ်။ ဆယ်တန်းကျောင်းသားတွေကို တစ်နှစ်စာ ဘယ်လောက်ဆိုပြီး လက်ခံလိုက်တာ ဆောက်ထားတဲ့အဆောင်တွေ ပြည့်သွားပါတယ်။ လူနေအဆောင်တွေ၊ စာသင်ခန်းမ၊ စားသောက်ဆောင်၊ စားဖိုဆောင်တွေ အဆင့်အတန်းမြင့်သလောက် အစ်ကိုကြီးမင်းသစ်တို့နေတာကတော့ တဲစုတ်လေးပါပဲ။ ဘာသာစုံသင်တဲ့ဆရာတွေက ကျူရှင်လောက မှာ နာမယ်အကြီးဆုံးတွေပါပဲ။ ဆရာတင်မိုးက မြန်မာစာသင်တယ်။ ကိုဟိန်းလတ်က အင်္ဂလိပ်စာ၊ ကိုသန်းနိုင်က သင်္ချာ စသဖြင့်။
         ဒီအချိန်မှာကြီးကြီးကျယ်ကျယ်နေချင်တဲ့စိတ်က အစ်ကိုကြီးမင်းသစ်မှာပေါ်လာပါလေရော။ ငွေတွေရတဲ့ အချိန်မှာ ကားဝယ် မယ်ပေါ့။ ကားဝယ်မယ်ဆိုတော့ အဲဒီအချိန်ကခေတ်စားနေတဲ့ ဂျပန်က ထုတ်တဲ့ SE လိုကားမျိုးပဲလို့ထင်ခဲ့တာ။ အစ်ကိုကြီးမင်းသစ်ဝယ်ချလာတာက ဂျာမန်ကား။ ဂျာမန်ကားတောင် သံရုံးကလေလံဆွဲပြီးဝယ်တာ။ ကားကြီးက အဟန့်ကြီးတယ်။ ခန့်ညားတယ်ပေါ့။

”ဒီကားမျိုးက ဂျင်တဲလ်မင်းတွေစီးတာ”တဲ့။ ကျနော်တို့လည်း အစ်ကိုကြီးမင်းသစ်ကိုအထင်ကြီးသွားတယ်။ သူဝယ်လာတဲ့ကားက တော်ရုံတန်ရုံလူတွေမစီးနိုင်ဘူး။ မစီးကြဘူးလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ နောက်မှ ဒီဂျာမန်ကားက ဆီအရမ်းစားတယ်တဲ့။ သံရုံးကလူတွေမို့စီးနိုင်တာ၊ အပြင်လူဆိုရင် ဆီဖိုးနဲ့မွဲလိမ့်မယ်တဲ့။ နောက်ကားရပ်ဖို့နေရာကလည်း အရမ်းရှားတယ်။ ကားကအကြီးကြီးဆိုတော့ နေရာရှားတာပေါ့။ ကြာတော့ပြန်ရောင်းမယ်ဆိုတော့ ယယ်မယ့်လူကမရှိဘူး။ မင်းသစ်ဆိုတာ အဲလိုလူ။

         တနေ့ ဆရာမင်းသစ်နဲ့ ဆရာမရှယ်လီထွားဆိုတာ သူစာသင်ခဲ့ရတဲ့ဆရာနဲ့ ဆရာမဆိုပြီး ကိုဗဟိန်း  အောင်(ဗန်းမော်တင်အောင်သား)က ပြောပြီး ခြံထဲကို ကျနော်နဲ့လိုက်လာတယ်။ ဆရာတပည့်သုံးယောက် ပြောလိုက်ကြတာ မရပ်နိုင်ကြဘူး။ ကိုဗဟိန်းအောင်ပြောတဲ့စကားထဲမှာ အခုထိမှတ်မိနေတာက ”ဆရာ မင်းသစ်က တွံ့တေးသိန်းတန်ကို သီချင်းတွေရေးပေးနေတဲ့ တေးရေးဆရာပေါ့။ သူရေးတဲ့သီချင်းတွေထဲမှာ အောင်သွယ်တော်ဖိုးရွှေလမင်းတို့ဆို အရမ်းနာမယ်ကြီးတဲ့သီချင်းတွေပေါ့။ ဗမာအသံသီချင်းတွေကို ပိုင် ပိုင်နိုင်နိုင်ရေးတတ်သူ၊ ဇာတိကလည်း စစ်ကိုင်းသားဆိုတော့ ဗမာအရမ်းဆန်လိမ့်မယ်ပေါ့၊ မရှယ်လီထွား က အင်္ဂလိပ်သီချင်းတွေကို မြန်မာ့အသံမှာဆိုနေတဲ့သူ၊ ခရစ်ယာန်လည်းဖြစ်တော့ ဘိုဆန်လိမ့်မယ်ပေါ့၊ ဒါကကိုဗဟိန်းအောင်ကခန့်မှန်းခဲ့တာ။

တကယ်တမ်းကျတော့ ကိုမင်းသစ်က ဂျင်းဘောင်းဘီကိုမချွတ်တမ်းဝတ်ပြီး တကယ့် ဘိုဆန်ဆန်နေချင် သူ၊ မရှယ်လီက ထမီကို ဖြစ်သလိုဝတ်ပြီး ငပိရည်နဲ့ထမင်းကို လုံထဲထည့်နယ်ပြီး စားတတ်သူ။ ဗမာအရမ်းဆန်တဲ့ကရင်မကြီးဆိုတော့ ခန့်မှန်းထားသမျှ တက်တက်စင်အောင်လွဲနေတဲ့အကြာင်း ပြန် ပြောကြတော့ ရီလို့မဆုံးနိုင်အောင်ဖြစ်ခဲ့တာ မှတ်မိပါသေးတယ်။ အဲဒီနေ့က ကိုဗဟိန်းအောင်က အင်္ဂလိပ် စာကျူရှင်ဆရာပြန်လုပ်ခဲ့ရတာလည်း ဆရာနဲ့ဆရာမတို့ရဲ့ကျေးဇူးပါတဲ့။

ကျနော်က ဒါဆို အစ်ကိုကြီးနဲ့အစ်မကြီးတို့ဆီက အင်္ဂလိပ်စကားပြောသင်မယ်ဆိုတော့” ဟဲ့ အကောင် မြတ်လှိုင်း၊ နင်က ငါတို့အိမ်မှာ နေပြီး ထူးသင်စရာမလိုဘူး၊ ငါတို့လင်မယား ည ညရန်ဖြစ်နေတဲ့အသံတွေ နားထောင် အလိုလို တတ်သွားလိမ့်မယ်”လို့ အစ်မကြီး မရှယ်လီ ပြောတယ်။ ဟုတ်ပါရဲ့ဗျာလို့ ကျနော် လည်း တွေးမိပါလေရော။ သူတို့လင်မယားနှစ်ယောက်က ဘိုလိုရန်ဖြစ်တာ ညတိုင်းပါပဲ။ ညည့်နက်သန်း ခေါင်ပါပဲ။ ကျနော်နဲ့ ဦးဖိုးထူး(မောင်သင်းခိုင်)က အရှေ့ကွပ်ပျစ်ပေါ်ကနေ အတိုင်းသားကြားနေရတာပေါ့။ ဦးဖိုးထူးကတော့ လုံးဝမကြားနိုင်ပါဘူး။ သူက ပြောတာ ကျုပ်က ဇင်ဆိုပဲ၊ အိပ်ရင်ခေါင်းအုံးပေါ်ခေါင်းကျ တာနဲ့ တခေါခေါ ခေါတော့ တာပဲ။ အဲဒီ ဇင်ကိုခေါင်းရိုက်ခွဲပစ်ချင်တယ်လို့ ကျနော်နောက်ပြီး ပြောခဲ့ပါသေးတယ်။

ဦးဖိုးထူးက ဇင်ဘာသာဖြစ်တာမဖြစ်တာ တော့ မသိ၊ အစ်ကိုကြီးမင်းသစ်ကတော့ ကွန်မြူနစ်စစ်စစ်။ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကိုမထောက်ခံတဲ့နိုင်ငံတကာ ကွန်မြူနစ်ဝါဒီတယောက်ဆိုတော့ ဘာသာမဲ့ ဖြစ်နေတယ်လေ။
         နောက်အမှတ်ရနေတာက အစ်ကိုကြီးမင်းသစ်နဲ့ ကျနော်ရုပ်ရှင်လောကဆရာပါပါကြီး (ဒါရိုက်တာ မောင်တင်ဦး) တို့နှစ်ယောက်ဆုံကြတယ်။ ကျနော်နဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်ဆုံပြီး ယမကာမှီဝဲ ဖြစ်ကြတယ်ဆိုပါတော့။ အစ်ကိုကြီးမင်းသစ်ကလည်း ပါပါကြီးကိုအထင်ကြီးနေသူ၊ ပါပါကြီးကလည်း အစ်ကိုကြီးမင်းသစ်ကိုအထင်ကြီးနေသူ။ ဒီလိုလူနှစ်ယောက်ဆုံဖြစ်ကြတော့ စကားတွေပြောရင်း ရုပ်ရှင် တကားရိုက်ကြမယ်ပေါ့။ နှစ်ယောက်စလုံးက ကြီးကြီးကျယ်ကျယ် လုပ်တတ်သူ။ ရုပ်ရှင်ကားကလည်း နှယ်နှယ်ရရရိုက်မယ့်ကားမဟုတ်တော့ဘူး။ နိုင်ငံတကာကို နယ်ချဲ့မယ်လို့ပြောနိုင်တဲ့ကား။

ပြောရင်းနဲ့ ဒီရုပ်ရှင်ကားကြီးကို မြစ်ဝကျွန်းပေါ်က တံငါလုပ်စားနေတဲ့လူတွေကို အခြေတည်မယ်။ အစ်ကိုကြီးမင်းသစ်က သူစိတ်ကူးနဲ့ရေးထားတဲ့ဇာတ်လမ်းကိုပြောပြပါလေရော။ ပါပါကြီးက ဇာတ်လမ်းကို နားထောင်ပြီးဒါရိုက်တာပညာ ကုန်ထုတ်သုံးပြီး ရိုက်မယ်ပေါ့။ ဇာတ်ညွှန်းက ကျနော်ရေးပေါ့။ သူတို့နှစ်ယောက်ပြောနေတာကို ကျနော်ပြုံးပြီးနားထောင်နေလိုက်တယ်။ သူတို့ပြောနေတာတွေက အရမ်းကြီးကြီးကျယ်ကျယ်ရိုက်မယ့်ပုံ။ ဒါကိုလည်း မဖြစ်လာနိုင်ပါဘူးလို့လည်း မပြောရဲဘူး။ သူတို့လိုလူတွေက သူများတွေက မဖြစ်နိုင်ပါဘူးထင်တာတွေကို အံ့သြသွားလုပ်ပြတတ်တဲ့လူတွေဆိုတာလည်း ကျနော်သိနေတယ်လေ။

ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။ သိပ်မကြာခင်မှာ ပါပါကြီးလည်းဆုံးသွားတယ်။ သူမဆုံးခင်လေးမှာ အစ်ကိုကြီးမင်းသစ်နဲ့ ဆုံတွေ့သွားပါတယ်။ ဒီတွေ့ဆုံမှုဟာ မြန်မာပြည်မှာထူးခြားတဲ့ပုဂ္ဂိုလ်နှစ်ယောက် တွေ့ဆုံသွား ခဲ့တာလို့ မှတ်မိနေပါတယ်။

အခုဆိုအစ်ကိုကြီးမင်းသစ်လည်း အသက်အရွယ်ရနေပါပြီ။ စိတ်ထဲကြံစည်ထားခဲ့သမျှတွေကို အကောင် အထည်မဖော်နိုင်တော့ပါဘူး။ သူသာစိတ်ထဲရှိသမျှအကောင်အထည်ဖော်နိုင်ဦးမယ်၊ အကောင်အထည် ဖော်ခွင့်ရနေမယ်ဆိုရင် သူရေးနေတဲ့ ပညာရေး ဝေး ဝေး ဆိုတာကို မဝေးအောင်လမ်းညွှန်ပြနိုင်မယ်လို့ ထင်နေမိပါတယ်။

(အစ်ကိုကြီးမင်းသစ် အားဂါဝရပြုအမှတ်တရ)

မြတ်လှိုင်း


First News -No 542.13 june.2017

Comments