သစ်ခက်သံလွင် ကဗျာဆရာအောင်ဘညိုသို့ အမှတ်တရ လွမ်း၊ အောင်လွန်းမြိုင် ရဲ့ အလွမ်းနှစ်ထပ်

အလွမ်း နှစ်ထပ်  
ကဗျာဆရာ အောင်ဘညို -သို့
{ ၂ }နှစ်ပြည့်အလွမ်း
အောင်လွန်းမြိုင် 
အောင်ဘညို၊ အောင်လွန်းမြိုင်
 ၁၉၉၀ ခုနှစ်က ကျောင်းတံခါးတွေပိတ်ထားချိန် သူငယ်ချင်းမိတ်ဆွေတွေနဲ့ တူရာတူရာ စုမိကြတုန်း "အလင်းသစ် " ဆိုတဲ့စာကြည့်တိုက်ကလေးကိုအားဖွဲ့မိချိန်၊ "အလင်းသစ် " စာကြည့်တိုက်မှာ ကျနော့် ဂျူတီကျချိန်မှာ လွယ်အိတ်အနီစင်းကိုလွယ်ထားသောလူတယောက် ကျနော့်ဆီရောက်လာကာ အမှာပါး ပါတယ်။ သူ့စကားတွေကို နားလည်တချက် နားမလည်တချက်နဲ့ပေါ့ " ကိုဘုန်းမော်လာရင် စိန်တိုက်ကို လိုက်ခဲ့ဖို့" ပြောပေးပါဆိုလား...

ထိုသူပြန်ထွက်သွားပြီးမကြာမီ ' ကေတုဘုန်းမော် ' ရောက်လာ လူတယောက်က" စိန်တိုက်က ဖေး" ကိုလိုက်ခဲ့ပါလို့မှာသွားတယ် ' ကေတုဘုန်းမော် 'က လူပုံပန်းသဏ္ဍာန်မေးလို့ ပြောပြလိုက်တော့... အောင် ဘညို ... အောင်ဘညို ... ဆိုပြီး နှုတ်က ရေရွတ်ကာ လိုက်သွားလေရဲ့ ။ 

ထိုကာလက မန္တ လေးကထုတ်တဲ့ ရွှေဝတ်ရည် မဂ္ဂဇင်းမှာ သူ့ကဗျာကို ပူပူနွေးနွေးဖတ်ထားပြီးကာစ ညီအကိုမသိတသိ နှစ်ကာလများ။ ထိုအောင်ဘညိုဆိုသူက တောင်ငူမှာ နေသတဲ့၊ သူ့အမေကလည်း တောင်ငူမှာ ရှိသတဲ့ ... ။

ထိုထို နှစ်တွေမှအစပြုလို့ ကိုအောင်ဘညိုနဲ့ကျနော် ရဲဘော်ရဲဘက်လို လူချင်းလုံးထွေးသွားခဲ့ကြ။ သူ ရန် ကုန်ရေပြင်မှာ လက်ပစ်ကူးရင်း လက်ပမ်းကျလာရင် တောင်ငူကို မကြာမကြာ ကူးခတ်ရောက်ရှိလာမြဲ။ ရောက်ရင်လည်း ကျနော့် အနောက် မြို့ရိုးဆိုင်လေးမှာ တည်းမြဲ။ သူ့အမေအိမ်ကိုတောင် ဧည့်သွား ဧည့် လာလောက်ပဲသွားတာပါ။ ကျနော့်ဆီမှာတည်းကာ မနက်မိုးလင်းတာနဲ့ နှစ်ယောက်သား ဈေးထဲသွားကာ သူဝယ်ခိုင်းတာတွေ ကျနော်ကဝယ် "အနောက်မြို့ရိုး"ဆိုင်လေးမှာချက်ရင်းပြုတ်ရင်း သူ့လက်ရာ ဟင်းလျာနံ့တွေက သင်းပျံ့လို့။ သူမန္တလေးမှာရှိစဉ်က ထုတ်ခဲ့တဲ့လက်ရေးကဗျာစာအုပ်လေး ၂ အုပ် ကျနော့်ကို လက်ဆောင်ပေးဖူးတာကိုသတိတရရှိနေသေး။

 "ငယ်ငယ်တုန်းက ဒေါင်းဖတ်စာ" "မုသားမဲ့တိတ် ခွေ" သူ့တကိုယ်တော်ပန်းဖလက်ကဗျာစာအုပ်လေး နှစ်အုပ်။ ၁၉၈၉ ခုနှစ်က တောင်ငူမြို့က ကဗျာရေးသူများနဲ့" ရာစုသစ်မုတ်သုန် "ဆိုတဲ့ပန်းဖလက် ကဗျာ စာအုပ်လေးထဲမှာ သူ့ကဗျာတွေက အများစု။ ၁၉၉၀ ခုနှစ် ကနေ သူမဆုံးခင်ကာလအထိ တယောက် ကဗျာတယောက် ငေးကြည့်လို့။ တယောက်အနာကို တယောက် လှမ်းကြည့်လို့။ တယောက်အပူကို တယောက်ဝေမျှလို့။ သူက ရန်ကုန်မြို့ကြီးကို စစ်မျက်နှာပြင်လိုဖွင့်ရင်းလှုပ်ရှားရုန်းကန်လို့....။ သူကိုကြည့်ကာ စိတ်မသက်မသာဖြစ်ရတော့ အောက်ပါကဗျာက သူ့အကြောင်းဖြစ်လာ .....

" ရှာ ဖွေ ခြင်း "

ဦးနှောက်အကန့်ထဲမှာ
စီရေးထားတဲ့ကဗျာ
စာရွက်ပေါ်မတင်ဖြစ်ခဲ့
မိုးလင်းပြီလား
မိုးလင်းပြီလား….
အကြိမ်ကြိမ် မျှော်လင့်ရတဲ့မနက်ဖန်
အလမ္ပာယ်ဆရာလက်ထဲက မြွေတကောင်လို
အစီအစဉ်တကျ ကပြရအခါခါ ။

ကျေးငှက်တို့ အိပ်တန်းတက်
တိမ်ညိုတွေအိမ်ခေါင်မိုးမှာ
ကြယ်လတို့မရှိတဲ့ ည
ငွေစ ကြေးစဆီက
ပြန်ခဲ့တယ် ။

လမ်းကောက်ကွေ့ ခွက်ချိုင့်ပြွမ်းရာရပ်ကွက်
အလင်းရောင် မခိုးမခန့်ဖြာကျနေတဲ့
ပြတင်းပေါက်လေး
ငါ့ကိုကြိုနေတာလား
ပြန်ခဲ့တယ် ။

အနုပညာ ….
အောင်မြင်ကျော်ကြားမှု
ထားတော့
ကိုယ့်ကိုယ်ကို မသေရုံတမယ်မွေးမြူနေရ
ဘဝတွေ ထမ်းပိုးသမျှ
လမ်းမတွေသယ်ဆောင်လာရာ ငါ့ခရီးမှာ
နေထွက်တာ နောက်ကျပြီး
နေဝင်တာစောလှချည့် ။ ။

ကဗျာဆရာ အောင်ဘညို -သို့
{ ၂ }နှစ်ပြည့်အလွမ်း

 အောင်လွန်းမြိုင်

Comments