သစ်ခက်သံလွင် ကဗျာသုံးသပ်ချက် "ခေတ်ပြိုင်အမျိုးသမီးကဗျာများရဲ့အသံ"



ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၄ )

ခေတ်ပြိုင်အမျိုးသမီးကဗျာများရဲ့အသံ

ကိုနိုင်း

ကျနော်တို့ကဗျာစရေးစဉ်အချိန်ကိုပြန်ကြည့်ရင် အမျိုးသမီးကဗျာဆရာမတွေဟာ လက်ချိုးရေတွက် လို့ရပါတယ်။ ကဗျာဆရာမကြီးကြည်အေး၊ မအိ၊ မစိမ်းပင်၊ ခင်မြဇင်၊ စမ်းစမ်းတင် စတဲ့ အမျိုးသမီးကဗျာ ဆရာမတွေလောက်သာ ခေတ်ပေါ်ကဗျာများရေးသားနေတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ လစဉ်ထုတ်မဂ္ဂဇင်း၊ ဂျာနယ်တွေများသလောက် အမျိုးသမီးကဗျာဆရာမတွေ အလွန်ရှားခဲ့ပါတယ်။
အခုအချိန်မှာခေတ်ပေါ်ကဗျာများကိုရေးနေကြတဲ့လစဉ်ထုတ် မဂ္ဂဇင်း၊ ဂျာနယ်တွေရှားသလောက် အမျိုး သမီးကဗျာဆရာတွေ ကများ ပိုများနေတယ်လို့တောင်ထင်မိပါတယ်။ ခေတ်ပေါ်ကဗျာတွေကိုရေးနေကြတဲ့ သူတွေကလည်း ခေတ်နဲ့အပြိုင်ဖြစ်လာတဲ့ အင်တာနက်ခေတ်မှာ မိမိတို့ရဲ့ဖေ့ဘုတ်ပေါ်တင်ပြီး ရေးနေကြ သူတွေပိုများလာပါတယ်။ တချို့သောကဗျာရေးသူများ အနေနဲ့လည်း ပုံနှိပ်မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ကဗျာပါ ဖို့ အာရုံမထားပဲ ဖေ့ဘုတ်ပေါ်ရေးနေရရင် ကျေနပ်နေကြပါတယ်။ တချို့လည်း ဖေ့ဘုတ်ပေါ် ကဗျာတင်ပြီး ကိုယ့်ကိုယ်ကိုယ်ကဗျာရေးတတ်ပြီလို့ ထင်သူတွေ လည်း ရှိပါတယ်။ ကဗျာဆရာဖြစ်ပြီလို့ ကိုယ်ကိုယ်ကိုယ် အထင်ကြီးနေသူတွေလည်း ရှိပါတယ်။ ကဗျာဆရာတယောက်၊ စာပေသမားတယောက်ဖြစ်ဖို့ ဘယ် လောက်ခက်ခဲမှုတွေ ဖြတ်သန်းခဲ့ရသလဲ ဆိုတာကို မသိနိုင်တော့ပဲ ဖေ့ဘုတ်ပေါ် နီးစပ်ရာအုပ်စုဖွဲ့ပြီး ကဗျာဆရာဖြစ်နေတဲ့သူတွေကလည်း အများကြီး ပါ။
ဘာပဲဖြစ်ဖြစ်ဖေ့ဘုတ်ပေါ်မှာ ကဗျာရေးသူတွေအများအပြားပေါ်လာတာကလည်း ဝမ်းသာစရာကောင်းပါ တယ်။ ကဗျာစာပေနယ်ပယ်ဆိုတာ အင်မတန်မှသိမ်မွေ့လေးနက်ပြီး ကျယ်ပြန့်ပါတယ်။ လေ့လာမှု၊ အား ထုတ်မှု၊ ဖန်တီးမှုအစဉ်အမြဲရှိနေရမယ့် နယ်ပယ်တခုပါ။ အဲဒီနယ်ပယ်ထဲမှာမှ ကဗျာဆိုတာအင်မတန်မှ သိမ်မွေ့လေးနက်ပြီး အမြဲရူးသွပ်မှုရှိနေရပါတယ်။
          ထားပါတော့၊ အခု ကျနော်ရဲ့ကဗျာသုံးသပ်မှုက အခုခေတ်နဲ့အပြိုင်ပေါ်ထွက်လာတဲ့ ခေတ်  ပေါ်ကဗျာတွေကို ခေတ်ပေါ်ကဗျာထဲက ခေတ်ကိုဆွဲထုတ်ယူပြီး ခံစားမှုအဓိကထား သုံးသပ်ခြင်းပါ။ ခေတ် ပေါ်ကဗျာဆိုတာကို အတတ်ပညာသက်သက်နဲ့ ချဉ်းကပ်သုံးသပ်မှုကို ကျနော်တယာက်ထဲအနေနဲ့ လက်မခံချင်ပါဘူး။ ခေတ်ပေါ်ကဗျာအနေနဲ့လည်း စိတ်ခံစားမှုမပါပဲ အတတ်ပညာတခုထဲသက်သက်နဲ့ဖြစ် မလာ နိုင်ပါဘူး။ အခုခေတ်ပေါ်ကဗျာတွေထဲကမှ အမျိုးသမီးကဗျာများဆီကအသံတွေကို ခံစားပြီးသုံးသပ်ပြမှာ ပါ။
          အခုလောလောဆယ် ရွှေအမြုတေကဗျာဆုရရှိသွားတဲ့ မိကုဋေ ရဲ့ ပုန်းခိုစရာ အခွံပါမလာတဲ့ ဒဏ်ရာ ကခေတ်ကို ထိထိရောက်ရောက်ပြသွားတယ်လို့ ဆိုချင်ပါတယ်။

ရေအိုင်ထဲမှာ ခရုလေးတွေသွားနေကြတာ
အုပ်စုလိုက်၊ တရွေ့ရွေ့
ခရုလေးတကောင်ကို လက်နဲ့ကောက်ယူမိတော့
အခွံလေးထဲကိုကြောက်အားလန့်အားနဲ့ဝင်သွားရှာတယ်
ကိုယ်လည်း အလန့်တကြားနဲ့လွှတ်ချမိလိုက်တယ်။
ရေအိုင်ကလေးကို ငေးပြီး
စိတ်လွတ်လက်လွတ်တွေးနေမိတယ်
အကြောက်တရားရဲ့အကြောင်း
အကြောက်တရားနဲ့အကာအကွယ်အကြောင်း
အကြောက်တရား၊ အကာအကွယ်နဲ့မလုံခြုံမှုတွေအကြောင်း။
အဲဒီခရုလေးဟာ သူ့အခွံထဲမှာ ဘယ်လောက်ထိ ကြောက်ရွံ့နေခဲ့ရှာမလဲ
ခရုလေးတွေမှာရှိတဲ့ အခွံတွေဟာ
သူတို့ကြောက်ရွံ့ကြတဲ့အခါ ပုန်းခိုစရာနေရာတခုလား
သဘာဝတရားအားဖြင့်ရှိနေတဲ့အခွံလေးတွေဟာ ခရုလေးတွေကို ဘယ်လောက်ထိ
လုံခြုံမှုပေးနိုင်မှာလဲ။

  ဒီကဗျာရဲ့အစဟာ စကားပြေကိုဖြန့်ချထားသလို ဖြစ်နေပါတယ်။ ခေတ်ပေါ်ကဗျာတွေဟာ ဒီလိုစကားပြေ ကိုဖြန့်ချထားတဲ့ပုံသဏ္ဍာန်တွေဟာ ကဗျာရဲ့ရသကို ပျက်စီးစေပါတယ်။ ဒီလောက်အထိဆိုရင် ကဗျာလို့ တောင် ပြောရခက်ပါလိမ့်မယ်။ ခေတ်ပေါ်ကဗျာဆိုတာကလည်း ခေတ်တွေကိုဖြတ်သန်းလာရပြီး ဖြစ်ပေါ် လာရပေမယ့်ကာရန်တွေ လွတ်လပ်ချင်လွတ်လပ်လာခဲ့ပေမယ့် ကာရန်ကို လုံးဝလွှတ်ချပစ်ခဲ့တာ မဟုတ်ပါ ဘူ။ ကဗျာရဲ့အလှဟာကာရန် (သို့မဟုတ်) ရစ်သမ်ခေါ်တဲ့အသံပါမှလှတာပါ။ နိုင်ငံခြားဘာသာပြန် ကဗျာ တွေမှာလည်း သူ့နိုင်ငံသူ့လူမျိုးဘာသာဗေဒနဲ့ ရစ်သမ်ခေါ်တဲ့ကာရန်ပါနေတာကို ဘာသာဗေဒလဲလှယ်ပြီး ကိုယ့်လူမျိုးကိုယ့် ဘာသာဗေဒနဲ့ကာရန်၊ ရစ်သမ်တွေ ထည့်သွင်းနိုင်ရပါတယ်။
နောက်ခေတ်ပေါ်ကဗျာတွေဟာ အကြောင်းအရာနဲ့ပုံသဏ္ဍာန်မျှတစွာရေးမှ ကဗျာရေးသူပြောချင်ပြချင်တဲ့ အကြောင်းကို လှပစွာစီးဝင်ပြီး ဖတ်သူရဲ့ရင်ထဲကို စီးမျောလာနိုင်မှာပါ။ ဆက်ပြီးကြည့်ရအောင်။

အတွေးဟာ အတိတ်ကိုကဆုန်ပေါက်ပြေးသွားခဲ့တယ်
အတွေးဇက်ကြိုးတွေဟာ ရပ်တန့်ဖို့မစွမ်းသာအောင်လွတ်ထွက်လို့
ဟုတ်တယ်
ကျနော် သိပ်ကြောက်ခဲ့တဲ့အတိတ်တွေ
အဲ့ဒီအတိတ်ဆီကို ပြေးနေတဲ့အလိုက်ကန်းဆိုးမသိတဲ့အတွေးတွေက
ဆယ်နှစ်ဆိုသော အချိန်အတိုင်းအတာမှာရပ်တန့်လို့….၊
အချိန်အားဖြင့် ညရှစ်နာရီ
အိပ်မောကျနေတဲ့အသက်ဆယ့်သုံးနှစ်အရွယ်
မိန်းကလေးတယောက်ရဲ့ပေါင်ပေါ်မှ
လက်ဖဝါးခပ်ကြီးကြီးတခု
အထက်အောက်ပွတ်သင်နေတယ်
တဖြည်းဖြည်းနဲ့ မိန်းကလေးရဲ့ လိင်အင်္ဂါပေါ်ရောက်လာ
ဆတ်ခနဲဝင်လာတဲ့အသိနဲ့အတူ
ထိတ်ခနဲဖြစ်သွားတဲ့ကြောက်လန့်စိတ်
ကိုယ့်လိင်အင်္ဂါကို ပွတ်သပ်ချေမွနေသည့်တိုင်အောင်
နိုးထဖို့မရဲတဲ့ကြောက်လန့်စိတ်
ခရုလေးတွေလိုတောင်
ကြောက်ရွံ့တဲ့အခါ ပုန်းခိုစရာအခွံမရှိခဲ့ဘူး။

ဒီနေရာကိုရေးဖွဲ့အထိကဗျာမဆန်သေးပါဘူး။ အကြောင်းအရာကိုသာ အဓိကထား ပြောပြနေတာပါ။ အကြောင်းအရာအရပြောရမယ်ဆိုရင် ခပ်ရဲရဲတွေးပြီး ခပ်ရဲရဲရေးရဲတယ်လို့ ပြောနိုင်ပါတယ်။ စကားပြေကို ကဗျာအဖြစ်(မဖြစ်ဖြစ်အောင်) ဖြန့်ချထားသလိုဖြစ်နေပါတယ်

အန်တုရမယ် ဟုတ်လား
ဘယ်လိုအန်တုရမလဲ
မျက်လုံးတွေကို ဖွင့်ပြလိုက်ရမလား
နိုးနေတဲ့အကြောင်း သိနေတဲ့အကြောင်း
အဲ့ဒီမိန်းကလေးက ဖွင့်ပြောလိုက်ရမတဲ့လား။
အောက်နှုတ်ခမ်းအတွင်းသားတွေကို ကိုက်ခဲထားမိတယ်
လက်ဖဝါးတွေကို မုန်းတီးခဲ့တယ်
တူဝရီးဆိုတဲ့အသုံးအနှုန်းကိုနာကျင်တယ်။

      ဒီနေရာမှာ လက်ရှိခေတ်ကိုပြလိုက်ပါတယ်။ ဒီခေတ်မှာမှ မကြားဖူးတာတွေကြားနေရပါတယ်။ လူတွေ က လူ့စိတ်တွေ ပျောက်ကွယ်နေပါပြီ။ တဏှာ၊ လောဘရမ္မက်တွေ ကြီးထွားရှင်သန်လာနေတာက ခေတ်မီ နေပါတယ်ဆိုတဲ့ခေတ်ကို ဖျက်ဆီးပစ်နေပါပြီ။ အင်တာနက်တွေကတဆင့် အပြာဗီဒီယိုကားတွေ၊ အပြာ ပုံတွေ၊ အပြာစာအုပ်တွေ အလွယ်တကူရနေတာက လူတွေကိုပျက်စီးအောင်ဖျက်ဆီးနေတာပါ။ စောင့် ထိန်းသင့်တဲ့သိက္ခာတရားတွေ၊ ရှောင်ကျဉ်သင့်တဲ့အရှက်တရားတွေက သွေးသားအရင်းတွေတောင်မှ လွန်ကျူးမှုတွေဖြစ်နေကြပါတယ်။ ဒုစရိုက်တွေပိုပြီး ထွန်းကားရှင်သန်နေတဲ့ခေတ်ဖြစ်သွားပါပြီ။


မျက်ရည်ဆိုတာ 
မျက်ဝန်းထဲမှာရှိနေရတာ ပိုနာကျင်စရာကောင်းမှန်း
အသံဆိုတာ ရင်ဘတ်ထဲမှာ အော်ဟစ်ပေါက်ကွဲလိုက်ရတာ
ပိုပြီးဝမ်းနည်းစရာ
ငိုကြွေးခြင်းဆိုတာ နှလုံးသားထဲ့မှာ ပိုပြီးလုံခြုံမှန်း
အရှက်တရားဆိုတာ တူမတယောက်ရဲ့ပေါင်ပေါ်က
ဦးလေးတယောက်ရဲ့လက်ဖဝါးထဲမှာ မတည်ရှိမှန်း
အဲ့ ဆယ်သုံးနှစ်အရွယ်မိန်းကလေး ကောင်းကောင်းသိခဲ့ရတာပေါ့။

အဟက်

ဒါနဲ့ ရှင်တို့ကရော ဘယ်လိုခေါင်းစဉ်တပ်ကြမှာတဲ့လဲ
သက်ငယ်မုဒိန်းလား
လိင်အင်္ဂါနဲ့ဆက်ဆံမှမုဒိန်းမှုလို့သတ်မှတ်ကြမလား
အဲ့ဒီစိတ်ဒဏ်ရာကို ဘယ်လိုဆေးပညာနဲ့ကုသပေးကြမှာတဲ့လဲ
အဲံဒီနာကြည်းမှုကို ဘယ်လိုအဖွဲ့အစည်းတွေက ဘယ်လိုနည်းလမ်းတွေနဲ့
ကူညီဖြေဖျောက်ပေးကြမတဲ့လဲ။
ငါးနှစ်ကြာ၊ ဆယ်နှစ်ကြာ
နှစ်ပေါင်းနှစ်ဆယ်ကြာ
အဟား
မသေမချင်း၊ ဘယ်တော့မှမေ့လို့မရမယ့်အနာ
ချေမွပွတ်သပ်ခံလိုက်ရတာ လိင်အင်္ဂါတခုတည်းမဟုတ်ဘူး
ဖြူစင်ပါတယ်ဆိုတဲ့နှလုံးသား
အဲ့ဒီနှလုံးသားဟာ သွေးစိမ်းရှင်ရှင်ထွက်လို့
ပြည်ပုပ်တွေဗရပွနဲ့ အဲ့ဒီအနာဟာ
ဘယ်သူမှ ဆေးမထည့်ပေးခဲ့ပဲ ကိုယ့်ဘာသာကျက်ပစ်လိုက်ရတယ်။
အဲ့ဒီလက်ဖဝါးကိုမြင်တိုင်း ခပ်စူးစူးကြည့်တယ်
အဲ့ဒီလက်ဖဝါးနဲ့အနီးတဝိုက်မှာ တံထွေးခပ်ကြမ်းကြမ်းထွေးတယ်
ဒီလောက်ပဲ တတ်နိုင်တဲ့ကိုယ့်ကိုယ်ကိုယ်လည်
မုန်းတယ်။   ။

  နောက်ဆုံးအဆုံးသတ်ကတော့ ကဗျာအတွေးနဲ့လှလာပါတယ်။ နိမိတ်ပုံအနည်းငယ်ထည့်ပြီး ဒီဖြစ်နေတဲ့ ခေတ်ကို ထိထိရောက်ရောက်ပြောနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့၊ ခေတ်ပေါ်ကဗျာတပုဒ်အရဆိုရင် စကားပြေဘက် ပိုရောက်နေပါတယ်။ ကဗျာရေးသူရဲ့စိတ်ခံစားမှုကိုခေတ်နဲ့ညီအောင် စကားပြေသဘောနဲ့ပြောနိုင်ခဲ့တယ်လို့ပြောရမှာပါ
ရွှေအမြုတေကပေးတဲ့တစ်နှစ်တာကဗျာဆုအနေနဲ့ ဘယ်လိုနားလည်သတ်မှတ်ပြီး ပေးလည်းဆိုတာတော့ အငြင်းပွားရမှာပါပဲ။ ဒီတစ်နှစ်တာအတွင်းမှာ ထွက်ခဲ့ကြတဲ့ပုံနှိပ်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေထဲကခေတ်ပေါ် ကဗျာတွေကို နားမလည်တာလား။ မခံစား တတ်တာလားဆိုတာတော့။

ကိုနိုင်း

သုံးသပ်မိသောကဗျာ။

၁။ မိကုဋေ၊(ပုန်းခိုစရာ အခွံပါမလာတဲ့ဒဏ်ရာ)၊ နှင်းဆီဖြူမဂ္ဂဇင်း၊ ဇန်နဝါရီ၊၂၀၁၇
   (ရွှေအမြုတေ ရွှေရင်ထိုးကဗျာဆု၊ မေလ ၂၀၁၇)
- သူရိယနေဝန်း ဂျာနယ်
Vol 1. No 150. 3 June 2017

Comments