သစ်ခက်သံလွင်၊ ကဗျာဆရာအောင်ဘညိုကွယ်လွန်ခြင်း ၂ နှစ်ပြည့်အလွမ်း၊ ခင်လွန်း ရဲ့ " အောင်ဘညိုဆိုတဲ့ ကလောင်နံမည် "



" အောင်ဘညိုဆိုတဲ့ ကလောင်နံမည် "
ခင်လွန်း

ဇွန် ၁၀၊ ၂၀၁၆


ဒီနေ့ကတော့ အောင်ဘညိုနေ့ပေါ့။
သူ့အကြောင်းပဲပြောရအုံးမယ်။
တခါသား လေထန်ကုန်းမှာထဲက အခိုင်ချိတ်လာခဲ့တဲ့ ကျနော်ရယ်၊ အောင်ဘညိုရယ် ကိုခိုင်အေးရယ်ဟာ အမြည်းကောင်းကောင်းလေးတွေရှိတဲ့ အဖြူဆိုင်တဆိုင်ကို သွားကြပါရောဗျာ။ တခြားသူမပါဘဲ ကျနော်တို့သုံးယောက်ထဲသပ်သပ်။

ဆိုင်တော့အသေအချာမမှတ်မိတော့ဘူး။ စားပွဲပုပု ခုံပုပုလေးတွေနဲ့ထိုင်ရတဲ့ဆိုင်။ ပန်းဆိုးတန်း ဘားလမ်းတ၀ိုက်ဝိုက်က ဆိုင်ပါပဲ။ အမြည်းလေးတွေတော်တော်စုံတဲ့ဆိုင်။ လူကလဲ စည်သလားမမေးနဲ့၊ ကျွက်ကျွက်ကို ညံနေတဲ့ဆိုင်။ ထုံးစံအတိုင်း ထိုင်တယ်ပွားတယ် ၀ိုင်းတိုင်းလူတိုင်း သောက်သောက်ပွားပွား။ ကျနော်တို့လဲ အများနည်းတူ ပွားကြပေါ့။ စကားပြေသမား ရွှေဘိုသား ခိုင်အေးက သူ့ဝတ္ထုတွေ အကြောင်းပြော။ ကိုယ်တွေက ကဗျာအကြောင်းပြော။
ပြောရင်းသောက်ရင်း လူတွေက မြောက်လာ၊ အသံတွေက ကျယ်လာ။ ကိုယ်မှမဟုတ်ဘူး ၀ိုင်းတိုင်း အားလုံးဖြစ်နေတာ။ ၀ိုင်းတိုင်းဝုန်းဒိုင်းကျဲ ပေါက်ကွဲထွက်နေတာ။

ဒီမှာ မထင်မှတ်ဘဲ ပြဿာနာက စတယ်။ ကျနော်တို့ဝိုင်းနဲ့ကပ်ရက် ၀ိုင်းက မောင်တွေထဲက တယောက်က စလာတာ။
ကျနော်တို့စကားဝိုင်းဟာ အလွန်နားဆူသတဲ့၊ မခံရပ်နိုင်ဘူးတဲ့။ ဒီလောက်ပြောချင်နေရင် ဆိုင်အပြင်ထွက်သွားလို့ နှင်တော့တာဗျ။
ပြောပုံကလဲကြည့်အုံး။ သူ့လက်သီးနဲ့စားပွဲခုံကိုထုရင်း ပြောတာ။ သေသချာချာကြည့်လိုက်တော့ ဘရုစ်စ်လီကားထဲက ကျွဲကြီးဆိုတဲ့ လူဆိုးဖိုက်တင်သမားရုပ်မျိုးနဲ့ ဗလကြီးကြီးလူတယောက်။ ကျွဲကြီးလိုပဲဗလကြီးသလို ဟောင်ကောင်ရုပ်လဲ ပေါက်တဲ့လူတယောက်။
ဟေ့ မင်းတို့ဒီလောက်တောင် ဆူညံချင်ရင် ဆိုင်ပြင်ထွက်သွားတဲ့။
သူ့လက်သီးကိုသူ့လက်ဝါးထဲမှာ ကြိတ်ချေနေသလို လုပ်ရင်းထပ်ပြောလာတာ။ ကျနော်တို့အသံတွေက သူ့ကို တော်တော်အူယားလက်ယားဖြစ်နေစေတယ် ဆိုတဲ့ပုံပေါ့။ သူ့ပခုံးကြီးနှစ်ဖက်ကိုလဲ လှုပ်ပြီး (ကြွက်သားတွေကြီးအောင်ကစားထားတော့ လှုပ်ပြတာပါ) တော်တော်ကို မခံစားနိုင်ဖြစ်နေလို့ အသေခံပြီးတိုက်ပွဲတောင်ဝင်မယ့်ပုံနဲ့ ပြောနေတော့တာ။

ဒီတော့ ခိုင်အေးက သူတို့ကို တချက်ပြန်ကြည့်ရင်း ကျနော်တို့နှစ်ယောက်ကို ဟေ့ ဆက်ပြောကြကွလို့ ပြောပြီး ကိုယ့်စကားဝိုင်း ကိုယ်ဆက်ကြတာပေါ့။ အဲဒီမှာ ခုနလူဆိုးကျားကြီးနဲ့တူတဲ့လူက ဟေ့ မင်းတို့ ဆိုင်ပြင်ထွက်သွားရင်ကောင်းမယ်။ ငါ့နံမယ် ပန်းဆိုးတန်းကျားကြီးတဲ့မကြားဘူးရင် မှတ်ထားကြလို့ ဆိုလိုက်သဗျ။
အလဲ့ သူကလဲ ကျားကြီးဆိုပါပေါ့လား။ …အဲ ကျားကြီးမှ ပန်းဆိုးတန်းကျားကြီးတဲ့။

ဆိုတော့ အခင်းအကျင်းအရ လိုတာလေး ပြောထားရအုံးမယ်။ ကျနော်တို့ ၃ ယောက်ထဲမှာ ကာယအားဖြင့် ပြောပလောက်အောင် လူစဉ်မီတာဆိုလို့ တကယ်က ခိုင်အေးတယောက်ထဲပါ။ ကျနော်နဲ့အောင်ဘညိုက သိကြတဲ့အတိုင်း လူပုံခပ်ညှက်ညှက်လေးတွေရယ်…။
ဒီတော့ ခိုင်အေးက ဒယ်ဒယ်ချင်းအနေနဲ့ ပန်းဆိုးတန်းကျားကြီးကို မျက်နှာချင်းဆိုင်တော့တာပေါ့ဗျာ။ …စကားတွေအချေအတင်ပေါ့။ ဘာတွေလဲဆိုတာတော့ ဘယ်သိတော့မလဲ။
အခြေအနေအားလုံးဟာ ဗုံးတလုံးလို ပေါက်ကွဲတော့မယ့်အနေအထား။
ဒီမှာတင် သောက်လက်စ ဖန်ခွက်ကိုမြိုက်ခနဲမော့ချလိုက်ပြီး သူ့ဆံပင်ရှည်ရှည်ကြီးကို လေမှာလွှဲရင်းနဲ့ အောင်ဘညိုက ၀ုန်းဆို ထရပ်လိုက်ရောဗျ။

“ သြ …မင်းက ပန်းဆိုးတန်းကျားကြီးဆိုတာလား …အေး မန်းတလေးက အောင်ဘညိုဆိုတာက ငါပဲကွ၊ မြန်မာ့လက်ဝှေ့အကြောင်းပြမယ်လာ၊ မင်းနဲ့ငါ နှစ်ယောက်ထဲဆိုင်အပြင်ထွက်မယ် …တခြားလူတွေအနှောင့်အယှက်ဖြစ်မယ် အခုထွက်” ဆိုပြီး အဲဒီ့ကျားကြီးဆိုသူရဲ့လက်ကို ဆွဲပြီး အပြင်ခေါ်ထုတ်တော့တာပဲဗျား။
ဗြုန်းခနဲထရပ်လိုက်ပြီး မထင်မှတ်ဘဲ လက်ကိုအတင်းဆွဲထုတ်တာကိုခံလိုက်ရတဲ့ ကျားကြီးလဲ အဲ့ဒီကျမှ ကျားအဖြစ်ကနေ ကြောင်သူငယ်လေးဖြစ်သွားတာမှ ချက်ချင်းကြီးပါဗျာ။
အဲဒီ့လောက်အပြောင်းအလဲမြန်သွားအောင်ဖြစ်လိုက်တဲ့မြင်ကွင်းမှာ ကျနော်အောင်ဘညိုကို ကြည့်လိုက်တော့ အားပါး.. သူ့မျက်လုံးအစုံက တကယ့် ခြင်္သေ့ကြီးတကောင်ရဲ့မျက်လုံးလို ၀င်းဝင်းထလို့ဗျ။ မီးထတောက်လောက်တယ်။

ပန်းဆိုးတန်းကျားကြီးဟာ အဆိုတော်နံမယ်ကြီးတယောက်ရဲ့ ညီအကိုသွေးသားတော်စပ်ပါသတဲ့။ အဲဒီ့ညမှာပဲစပြီး သူဟာ အောင်ဘညိုကို ဆရာ ဆရာနဲ့ တကယ်ပဲ ကဗျာဆရာအကျော်အမော် တယောက်အဖြစ် အမြဲပဲတလေးတစားဆက်ဆံ ခင်မင်သူဖြစ်သွားပါတယ်။
“အောင်ဘညို”ဆိုတဲ့ကလောင်အမည်ဟာ သူ ကျနော့်ကိုပြောဖူးသလို လက်ဝှေ့လောကသား တယောက်ဆီက တကယ်ပဲရလာသလား သူကိုယ်တိုင်ပဲ လက်ဝှေ့ကြိုးဝိုင်းထဲကနေ စာပေအနုပညာနဲ့တိုက်ပွဲဝင်ဖို့ ထလာခဲ့လေသူလား ၊
ဘာပဲပြောပြော အာဏာရှင်စနစ်ကြီးတခုလုံးကိုတော့ သူဟာ သေသည့်တိုင် ထိုးနှက်တိုက်ခိုက် သွားသူပဲမဟုတ်လားဗျာ။ 


ခင်လွန်း
ဇွန် ၁၀၊ ၂၀၁၆

(ကိုခိုင်အေးရေ… လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်ကျော်လောက်က ကျနော်တို့သုံးယောက်ရဲ့ညတညကို မှတ်မိသလောက်ရေးတာပါ။ လိုတာရှိရင် ဖြည့်ပြောပေးပါဗျား)


 

Comments