သစ်ခက်သံလွင်ကဗျာ၊ မိုးညဖြူ(တွံတေး)၊ ထက်လူအောင် နှင့် စည်သူဦးတို့၏ ကဗျာများ

ဗြောင်
Le Nadja Ladja Perspective - blogger
ခေတ်ကြီးကို ထမ်းပိုးထားဆဲ
လောကဓံဟာ လွယ်အိတ်တလုံးလား ။

တချပ်ချပ်မြည်သံထဲက ဘဝတွေဟာ
လိုရာလျှောက်ကြ လိုရာတွေးကြ
ဖီလင်တမျိုးဆီမှာ အရောင်းအဝယ်ဆန်ဆန် ။

အပြုံးယဲ့ယဲ့ နှုတ်ခမ်းသားတွေဟာ မဲပြာနေတယ်
ဆေးလိပ်တဖွာထဲက ဦးနှောက်မှာ
ဘဝဟာ မီးခိုးတွေလို အူလို့ ။

မြင်းရိုင်းတကောင်လို ယင်း,ထ
ခပ်ပြင်းပြင်းဖွာလိုက်တယ်
ကြယ်တွေစုံပြီး ခေါင်ရိပ်မလုံတဲ့ ဘဝဟာ
အမှောင်ထဲက သားကောင်ကိုဖြစ်ရော ။


မိုးညဖြူ ( တွံတေး )
အဆင်မပြေလို့ အိမ်မပြန်တဲ့တိမ်တွေ - ၅ 
Catherine Jeltes Fine Art
ရထားဟာ အိမ်ကိုမသွား
အလုပ်ရုံဆီသာသွားတယ်
အစာအိမ်အပွန်းအပဲ့တွေဆက်ထားတဲ့လမ်းပေါ်
မနားတမ်းသွားတဲ့ ရထားတွေ
ခေါင်းတိုင်ကထွက်လာတဲ့အိမ်ပြန်ချင်စိတ်တလူလူနဲ့။

မနက်ခင်းမှာ ဘယ်အစိုးရမင်းအကြောင်းမှမပြော
ထမင်းအိုးထဲက ဆန်အကြောင်းသာပြောတယ်
သတိရတယ်ဆိုတဲ့စကားတွေနဲ့မီးထိုးရင်း
ထမင်းအိုးဟာ ဆူပွက်လာ
လစာစာအိတ်ပေါ်က မျက်ရည်စမခြောက်ခင်
အထဲက ပိုက်ဆံဟာပျောက်ပျောက်သွားပေါ့ ။

အမေနေကောင်း
သားနေကောင်း
ငွေတစ်သောင်းလည်းမပို့နိုင်ပါ
ငွေတစ်သိန်းလည်း မပို့နိုင်ပါ
နောက်နှစ်ခါ အိမ်ပြန်လာမယ်
လာချင်မှလည်းလာမယ်အမေ
အခြားအကြောင်းတော့မရှိ
ဆင်းရဲခြင်းမှာ ဖျားနာနေတဲ့ကျနော့်အကြောင်း
ဘယ်သူများကောင်းကောင်းသိမလဲ ။ ။

                              
   
ထက်လူအောင်
ရုပ်ရှင်ကြည့်ခြင်း

Philosophy Now
 ညဟာ နက်ပြီးရင်း နက်လာမှာ
စိတ္တဇအခန်းထဲ
သံစုံတေးသွားနဲ့
စိတ်ဟာ ၃၁ဘုံ အနှံ့ ရောက်နိုင်ရဲ့
တခါတရံ လူသတ်သမားက
ဇာတ်လိုက်ဖြစ်နိုင်တာမျိုး
ဇာတ်လမ်းရဲ့သွားက
ဦးနှောက်နဲ့ နှလုံးသားကို ဝါးတယ်
မမြင်နိုင်တဲ့ စိတ်ကူးတွေနဲ့
ဘဝကို မှန်လိုမြင်နိုင်ရဲ့
အလှအပကို လှိုက်ဖိုခံစားနိုင်ရဲ့
နူးညံ့မှု ကြုံးဝါးသံကို
နားနဲ့ဆတ်ဆတ် ကြားနိုင်ရဲ့
ဘဝတခုက ဘဝများစွာမြင်ပြီး
အနည်တွေစုပုံကျလာရဲ့
ရုပ်ရှင်ထဲကလို ဆက်တင်မပါတဲ့
ဘဝဟာ ရောင်စုံစူးနစ်နိုင်ရဲ့
စိတ်ဟာ အနားယူဖို့လိုအပ်တယ် ။ 

စည်သူဦး

Comments