သစ်ခက်သံလွင်၊ မြတ်လှိုင်း၏ "(စီးဆင်းနေသောမြစ်များ နှင့် ပြန်မစီးနိုင်တော့သောမြစ်များ) "ဦးကြည်မောင်အား ဦးညွှတ်လွမ်းတခြင်း

ခန့်ညားသော ကောင်းကင်

(စီးဆင်းနေသောမြစ်များ နှင့် ပြန်မစီးနိုင်တော့သောမြစ်များ)

(ဦးကြည်မောင်အား ဦးညွှတ်လွမ်းတခြင်းနှင့် သည်ဆောင်းပါးဖြင့် မှတ်တမ်းတင်လိုက်မိပါသည်။)

မြတ်လှိုင်း 



ကျနော်ကျောင်းသားဘဝက ဖတ်ခဲ့ဖူးတဲ့ ဆရာ ဒဂုန်တာရာရဲ့သဇင်သင်းပြန်တော့ ဆောင်းပါး ပေါင်းချုပ် စာအုပ်ထဲမှာ အတွင်းဝန်ရုံးရှေ့မှသွေးစက်များကို မှတ် မိ နေပါတယ်။ 
အဲဒီဆောင်းပါးထဲမှာ ကျောင်းသားသမဂ္ဂက အတွင်းဝန်ရုံးရှေ့ကိုချီတက်ပြီးဆန္ဒပြတဲ့နေ့အကြောင်း ကို ပြန်ရေးထားတာပါ။ မြန်မာပြည်လွတ်လပ်ရေးကြိုးစားမှု သမိုင်းဝင်နေ့ တနေ့လည်း ဖြစ်ခဲ့ပါ တယ်။ ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်ကျဆုံးတဲ့နေ့ပါ။

ဒီဆောင်းပါးထဲမှာ ဆရာဒဂုန်တာရာ(ကိုဌေးမြိုင်)က သမဂ္ဂ အဖွဲ့ဝင်ကျောင်းသားအဖြစ်ပါဝင်ခဲ့ပြီး ကျောင်းသားတွေ ချီတက်ဆန္ဒပြရာမှာ ရှေ့ဆုံးကအလံကိုင်လုပ်ဖို့ တာဝန် ပေးခံရပေမယ့် သူကိုင်တဲ့အလံကို ဗကသအမှုဆောင် ကိုကြည်မောင်(ကာနယ်ကြည်မောင်) လက်ထဲထည့်ခဲ့ပြီး သူကတက်ကြွစွာ အော်ဟစ်နေတယ်လို့ ရေးပြထားပါတယ်။

ဒီဆောင်းပါးကိုဖတ်နေတဲ့အချိန်က ကျနော်လည်းကျောင်းသားသမဂ္ဂကို အရမ်းစိတ်ဝင်စားနေခဲ့ပါတယ်။ ဆရာဒဂုန်တာရာရေးတဲ့ဆောင်းပါးတွေထဲက အဲဒီဆောင်းပါးကို စိတ်ထဲစွဲနေခဲ့မိတယ်။ အဲဒီဆောင်းပါးထဲက ကျောင်းသားခေါင်းဆောင် ကိုကြည်မောင်(ကာနယ်ကြည်မောင်)ကိုလည်း စိတ်ထဲ စွဲနေမိပါတယ်။ လူချင်းတွေ့နိုင်လိမ့်မယ်ဆိုတာ အဲဒီကာလ အဲဒီအခြေအနေအရပြောမယ်ဆို အိပ်မက်တခု ပါပဲ။
လူ့ဘဝဆိုတာ အင်မတန်မှဆန်းကြယ်ပါတယ်။ အိပ်မက်ထဲမှာတောင် ထည့်မမက်ဝံ့တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲထဲက သမိုင်းဝင် ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကြည်မောင် (ကာနယ် ကြည်မောင်)နဲ့ ဆုံတွေ့ခွင့် ရလာခဲ့ပါတယ်။ ၁၉၈၈ အဖြစ်အပျက်တွေဟာ ကျနော့်ဘဝကို တစ်ဆစ်ချိုး ချိုးချလိုက်တာပါ။ စာအုပ်တွေဖတ်ပြီး နိုင်ငံရေးသမားတယောက်ဖြစ်ချင်ခဲ့တဲ့ကျနော်ဟာ စစ်အာဏာရှင် စနစ်ကိုပြည်သူတွေရဲ့ရှေ့က ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ပွဲဝင်မယ့် အင်အယ်ဒီကိုရောက်ရှိခဲ့ပါတယ်။
         ဒီအချိန်မှာတော့ ဦးအောင်ကြီးအဖွဲ့ထဲမှာ အမှုဆောင်တယောက်အနေနဲ့ ကာနယ်ကြည်မောင် ပါ လာပါတယ်။ ဦးကြည်မောင်တွေ့ချင်စိတ်နဲ့ အင်အယ်ဒီဌာနချုပ်ရှေ့က စောင့်ကြည့်နေခဲ့မိတယ်။ လေးဘီး ကားအပြာရောင်လေးကို ကိုယ်တိုင်မောင်းပြီး ရောက်လာတဲ့ ဦးကြည်မောင်ဆိုသူကို ကျနော်ငေးကြည့်နေမိ ပါတယ်။ ဦးကြည်မောင်ရဲ့မျက်နှာမှာ အထူးခြားဆုံးက ထူထဲနေတဲ့မျက်ခုံးပါ။ ကားလေးပေါ်ကဆင်းပြီး ဌာနချုပ်ထဲဝင်လာတဲ့ ဦးကြည်မောင်ရဲ့ဟန်ပန်က စမတ်အရမ်းကျတဲ့ လူကြီးလူကောင်းတယောက်ဆိုတာ ထက် အများကြီးပိုပါတယ်။
         သူနဲ့ကျနော်စတင်ပြီး သိကျွမ်းခဲ့တာက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ်မှာပါ။ အဲဒီခရီးစဉ်မှာ ပိုပြီးရင်းနှီးခင်မင်သွားခဲ့တာက လပွတ္တာမှာပါ။ အဲဒီလပွတ္တာမြို့က လူထုခေါင်းဆောင်ကို မြို့နေပြည်သူတွေ မကြိုနိုင်အောင် ပိတ်ပင်တားဆီးထားပါ တယ်။ မြို့ကအင်အယ်ဒီခေါင်းဆောင်တွေနဲ့ ပါတီဝင်တချို့ကို လူထုခေါင်းဆောင်နဲ့ တွေ့ခွင့် ပေးထားပါ တယ်။ လမ်းမတွေပေါ်မှာ ဘယ်သူမှမထွက်ရအမိန့်ကိုပေးထားပြီး လပွတ္တာအင်အယ်ဒီရုံးရှေ့မှာ စစ်ကား တစီး ရပ်ထားပြီး စစ်သားတွေက သေနတ်တွေကိုင်ပြီး မတ်တပ်ရပ်စောင့်နေကြပါ တယ်။ ဒေါ်အောင်ဆန်း စုကြည်က မြို့နယ်အင်အယ်ဒီ ပါတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးနေတဲ့အချိန်မှာ ကျနော်ကလမ်းမအပေါ် တက်ပြီး ထမင်းလာပို့မယ့်ကားကို စောင့်နေပါတယ်။ ခဏအကြာမှာ ထမင်းပို့မယ့်ကားရောက်လာပြီး ထမင်းတွေဟင်းအိုးတွေကို ကားပေါ်ကသယ်ချနေတာကို စောင့်ကြည့်ပေးနေခဲ့ တယ်။ အဲဒီအချိန်မှာ ခွေးတွေက ဟင်းအိုးထဲကမွှေးကြိုင်နေတဲ့ဟင်းအနံ့ရတော့ အနီးအနားကနေမျှော်နေကြတာပေါ့။ 

ကျနော်ကလည်း ခွေးတွေကိုမောင်းသလိုနဲ့ လမ်းမပေါ်မှာ မတ်တပ်ရပ်နေကြတဲ့စစ်သားတွေကိုပြောလိုက် သလိုဖြစ်သွားခဲ့ပါတယ်။ ကျနော်ပာလိုက်တာကို အနီးမှာရှိနေတဲ့ ကိုမော်(မော်ကြီးလွင်)က တဟားဟားနဲ့ ရီနေပါတယ်။ ဒါကိုစစ်ဗိုလ်တယာက်ကကြားသွားပြီး စက်နဲ့အကြောင်းကြားလိုက်တော့ ဗိုလ်မှူးကြီး တယောက်နဲ့ စစ်သားတွေ ကားနဲ့ရောက်လာပြီး ကျနော့်ကိုဖမ်းဖို့လုပ်ပါလေရော။

ကိုမော်က ရုံးခန်းထဲဆွဲခေါ်ထည့်လာပြီး အပြင်မထွက်လာဖို့ပြောပါတယ်။ အဲဒီမှာ မြို့နယ်အင်အယ်ဒီ ခေါင်းဆောင်တွေနဲ့ ကျနော့်ကိုလာဖမ်းတဲ့ဗိုလ်မှူးကြီးတို့ ပြဿနာတက်ကြ ပါတော့တယ်။ အဲဒီအခြေအနေမှာ ဦးကြည်မောင်က ကျနော့်ဘေးနား လာရပ်ပြီး “ဒေါ်စု နားမှာ သွား ထိုင်နေ” လို့ပြောပြီး ရုံးခန်းရှေ့ကိုထွက်သွားပါတယ်။ အဲဒီမှာ ကျနော့်ကိုဖမ်းဖို့ထုတ်ပေးပါလို့ ပြောနေတဲ့ ဗိုလ်မှူးကြီးကို “မထုတ်ပေးနိုင်ဘူးကွ၊ ဒါ ထမင်းလာပို့တဲ့ကားက ခွေးတွေမောင်းထုတ်တာ” လို့ ဦးကြည်မောင် ပြောလိုက်တော့... လာဖမ်းတဲ့ဗိုလ်မှူးကြီးက”ဟာ ဗိုလ်မှူးကြီး” ဆိုပြီး အလေးပြုလိုက် တယ်။” ကျနော်က ဗိုလ်မှူးကြီး ပါမှန်းမသိလို့ပါ” လို့ပြောပြီးပြန်သွားခဲ့ပါတယ်။
         အဲဒီကစပြီး ကျနော်နဲ့ အဘဦးကြည်မောင် ပိုပြီး ရင်းနှီးခင်မင်သွားခဲ့တာပါ။ နောက် ကျနော် အင်အယ်ဒီ ဗဟိုတတ်သိအဖွဲ့ဝင်၊ ဗဟိုပြန်ကြားရေးရဲ့မှတ်တမ်းလွှာအယ်ဒီတာတာဝန်ယူရတဲ့အချိန်မှာ အဘဦးကြည်မောင်ခေါ်သွားတဲ့ ရန်ကုန်မြို့တွင်း အခမ်းအနားတွေ၊ အဘဦးကြည်မောင်ကိုဖိတ်တဲ့ပွဲတွေ၊ သံရုံးတွေ၊ နယ်ခရီးတွေမှာ ကျနော်လိုက်နေရပါတော့တယ်။ တခါတခါ ခရီးကိုနှစ်ယောက်ထဲသွားရတဲ့အခါ အဘက သူ့ရဲ့ဘဝအတွေ့အကြုံတွေ၊ သူဖြတ်သန်းခဲ့ရတဲ့ တပ်မတော်အရာရှိဘဝတွေကို ပြောပြလေ့ရှိ တယ်။ အဘဆီက အတွေ့အကြုံတွေ၊ဗဟုသုတတွေအများကြီးရခဲ့ပါတယ်။

သူတို့အချိန်က ပြည်တွင်းငြိမ်းချမ်းရေးခေါ်တာ ဘာဖြစ်လို့မအောင်မြင်ခဲ့ရတာလဲလို့မေးတော့ အဘ ဦးကြည်မောင် ပြောပြတာက တခွန်းထဲပါ။ နှစ်ဖက်စလုံး တကယ်ငြိမ်းချမ်းရေးမလိုချင်လို့ပါတဲ့။ ငြိမ်းချမ်းရေးဆိုတာ တကယ်လိုချင်ရင် ရိုးသားရတယ်လို့ သိခဲ့ရတယ်။ နောက်တခုက အဘ တော် လှန်ရေးကောင်စီထဲက ဘာလို့နှုတ်ထွက်လိုက်တာလဲလို့မေးတော့လဲ၊ စစ်သားက စစ်သားအလုပ်မလုပ် ပဲ နိုင်ငံရေးဝင်လုပ်ရင် တိုင်းပြည်ပျက်မယ်ဆိုတာသိလို့ပါတဲ့။

တော်လှန်ရေးကောင်စီက အာဏာသိမ်းတော့ သူကမြန်အောင်ရောက်နေတာ၊ တပ်မတော်က အာဏာ သိမ်းပြီး ဗိုလ်နေဝင်းကတော်လှန်ရေးကောင်စီအဖွဲ့ထဲမှာ သူပါနေတာကို သူ့ကိုယ်ရေးအရာရှိက ရေဒီယို လာဖွင့်ပြမှ သူသိတယ်ဆိုတဲ့အကြောင်းတွေပေါ့။ အဲဒီအချိန်က သူက အနောက်တောင်တိုင်း တိုင်း မှူး ဖြစ်နေချိန်ပါ။

နောက် သူနဲ့ ဒေါ်ကြည်ကြည်သာတို့ချစ်သူဖြစ်နေတဲ့အချိန် မှာ ဒေါ်ကြည်ကြည်သာကို ဦးနေဝင်းက သိမ်းပိုက်မယ်ကြံစည်နေ တာကို သိပြီး ဦးလွင်(ဒေါ်ကြည်ကြည်သာ့မောင်အရင်း) က ခိုးပြေး ခိုင်းတဲ့အကြောင်း၊ အဲဒီအချိန်ကတည်းက အဘ ဦးကြည်မောင်နဲ့ ဗိုလ်နေဝင်းတို့ကြားမှာ ကျောင်းတော်က ရန်စဖြစ်ခဲ့ရတဲ့အကြောင်း၊ ဦးချိုနဲ့ ဦးလွင်တို့ ညီအကိုနှစ်ယောက်ကို သူတပ်ထဲခေါ်ထည့်တဲ့ အကြောင်းတွေလည်း ပြောပြခဲ့တယ်။
         အင်အယ်ဒီက တပ်မှူးဟောင်းတွေကို ဦးနေဝင်းခေါ်တွေ့တဲ့ အချိန်မှာ အဘဦးကြည်မောင်နဲ့ အခု နာယကကြီးသူရ ဦးတင်ဦး တို့ နှစ်ယောက်ပဲ သွားမတွေ့ခဲ့ကြတာပါ။ သူရဦးတင်ဦးပြောတာက ဗိုလ်ချုပ်နဲ့ တွေ့ရမှာကြောက်လို့ သွားမတွေ့တာပါတဲ့။ ဗိုလ်ချုပ်နေဝင်းရှေ့ရောက်ရင် သူပြောတာ ခေါင်းညိတ်မိ မှာကြောက်တယ် တဲ့။ အန်ကယ်ဦးတင်ဦးပြောတဲ့စကားကိုကြည့်ရင် အင်မတန်ရိုးသား ရိုးဖြောင့်တာကို တွေ့နိုင်မှာပါ။ အဘဦးကြည်မောင်ကတော့ ကျောင်းတော်က ရန်စရှိခဲ့တာကြောင့်သွားမတွေ့တာပါလို့ ပြောပါတယ်။ အမှန်တကယ်လည်း အဲဒီအချိန်က ဗိုလ်နေဝင်းကို လုံးဝမကြောက်တာကို အဘ ဦးကြည်မောင်မျက်နှာ မှာ တွေ့ ရပါတယ်။ ပြောမယ်ဆိုရင် အများကြီးပါပဲ။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲနေ့ ရန်ကုန်မဲရုံတွေကို ကားတွေနဲ့ပတ်ကြည့်တဲ့အချိန်မှာလည်း အဘ ဦးကြည်မောင်ရဲ့ဘေးနားကနေ မခွာပဲနေရတယ်။ တနေရာရောက်တဲ့အချိန်မှာ အဘဦးကြည်မောင်အနား မှာ ကျနော်ရှိမနေခဲ့ရင် မေးနေတာပါ။ တချို့ အင်အယ်ဒီပါတီဝင်တွေကတောင် ကျနော့်ကို ဦးကြည်မောင် ပီအေလို့ ထင်ခဲ့ကြပါတယ်။
         ကျနော်ပြောပြချင်တာက ၁၉၉၀ ရွေးကောက်ပွဲညက အကြောင်းလေးပါ။

၁၉၉၀ ခုနှစ်မေလ ၂၇ ရက်ပေါ့။
စစ်အစိုးရက အာဏာလွှဲမပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တဲ့နေ့ပေါ့။ ကမ္ဘာမှာ မြန်မာနိုင်ငံကို ကြီးစိုးနေတဲ့ စစ်အာဏာရှင်တွေဟာ မျက်နှာပြောင်တိုက် လိမ်လည်မှုကြီး ကျူးလွန်ခဲ့တဲ့နေ့ပါ။ အဲဒီအချိန်က ကျနော် NLD ဗဟိုသတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင်။ NLD ကထုတ်တဲ့မှတ်တမ်းလွှာလည် ရောင်းအကောင်းဆုံးဖြစ်အောင် ကျနော် ဒုက္ခခံကြိုးစားခဲ့တာတော့ ဘယ်သူမှငြင်း ဆန်ဖျောက်ဖျက်ပစ်လို့မရတဲ့ သမိုင်းတခုပါပဲ။

၁၉၉၀ မေလ ၂၇ ရက်နေ့ညနေမှာ ပထမဦးဆုံးအနိုင်ရတာက ဆိပ်ကမ်းမြို့နယ်က လွှတ်တော်အမတ် ဒေါ်စန်းစန်း။ ဒေါ်စန်းစန်းဆိုတာ ဆရာစိန်ခင်မောင်ရီရဲ့ညီမ။
NLD နိုင်ပြီဆိုတော့ ကျနော့်ကိုဖုန်းနဲ့တာဝန်ပေးတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့ဖို့။ အဖွဲ့ခေါင်းဆောင်အဖြစ် ကျနော်က တာဝန်ယူဖို့ပေါ့။ ဖုန်းဆက်ပြီးတာဝန်ပေးသူက အဲဒီတုန်းက NLD ဗဟိုသတင်းနဲ့ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေပါ။ သူကတာဝန်ပေးတာနဲ့ NLD ဗဟိုရုံးအဖွဲ့၊ ဗဟိုသတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင်တွေ၊ ပြန်ကြားရေးရုံးအဖွဲ့ဝင်တွေ၊ရန်ကုန်တိုင်း လူငယ်တာဝန်ခံ ကိုရန်အောင်ပို့တဲ့ လူငယ်တွေနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့လိုက်တယ်လေ။ ရန်ကုန်တိုင်းစည်းရုံးရေး အဖွဲ့ဝင် ကိုသန်းလွင်ကလည်း လာကူညီတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ရွေဂုံတိုင် အုတ်လမ်းကNLD ဌာနချုပ် (အခုလက်ရှိရုံးချုပ်နေရာ) အလယ်တိုက်မှာ ရုံးခန်းဖွင့်ခဲ့ကြတာပေါ့။ အဲဒီရုံးခန်းနေရာက အိမ်ပိုင် ရှင်ဦးထွန်းကြိုင်အနားယူတဲ့နေရာပါ။ အဲဒီအခန်းထဲမှာ ကြိုးဖုန်းက တလုံးထဲ ရှိပါတယ်။
သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့ပြီးတာနဲ့ တနိုင်ငံလုံးက NLD အနိုင်ရသတင်းတွေလက်ခံလို့မနိုင်အောင် ဝင်လာ ကြပါတယ်။ နိုင်ငံတကာသတင်းထောက်တွေက ဖုန်းတလုံးထဲနဲ့ကျနော်တို့သတင်းလက်ခံသတင်းထုတ်ပြန် နေတာကိုကြည့်ပြီး အရမ်းအံ့သြသွားကြပါတယ်။ ကျနော်တို့ သတင်းထုတ်ပြန်တဲ့အဖွဲ့ရုံးခန်းရဲ့အရှေ့မှာ က မြန်မာ့အသံဦးကျော်ဦး၊ ပြန်ကြားရေးရုံးအဖွဲ့မှူး မယဉ်စိမ်း၊ မဖြူတို့က NLD အနိုင်ရအမတ်တွေကို ကြေညာပေးတယ်။ ရွှေဂုံတိုင် NLD ဌာနချုပ်ရှေ့မှာတော့ ပျော်ရွှင်နေကြတဲ့ လူအုပ်ကြီးကမနည်းဘူး။ လက်ခုပ်သံကတဖြောင်းဖြောင်းနဲ့ပေါ့။
ဌာနချုပ်ရှေ့မှာတော့ ကိုပိန်ပိန်စီစဉ်ထားတဲ ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည် ပိုစတာကြီးကလည်း လူအုပ်ကြီးကို လက်ပြနေတာပေါ့။ ကျနော်တို့သတင်းထုတ်ပြန်ရေးအဖွဲ့ကို အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံး၊
ပြင်သစ်သံရုံး၊ ဂျပန်သံရုံးတွေက ရှန်ပိန်တွေ၊ ဘီယာဗူးတွေ မနည်းမနော လာပို့ပေးထားပါတယ်။
ဒီရွေးကောက်ပွဲကြီးကို ဦးဆောင်လုပ်ခဲ့တာက အဘဦးကြည်မောင်ဖြစ်ပါတယ်။

NLD ရဲ့ခေါင်းဆောင် အဘဦးကြည်မောင်အကြောင်းကို အမှတ်ရစရာလေးအဖြစ် ရေးချင်တာပါ။
NLD အမတ်တွေအနိုင်ရတာကိုကြေညာနေရတာ မနည်းတော့ပါဘူး။ အဘဦးကြည်မောင်က ဗဟန်း မဲဆန္ဒနယ်က ဝင်အရွေးခံတာ။ အဖြေက ထွက်မလာသေးဘူး။ ကြိုတင်မဲကိုရေတွက်တဲ့အချိန်မှာ မဲ အနည်းငယ်ရှုံးနေပါတယ်။
ကျနော်တို့သတင်းထုတ်ပြန်ရေးရုံးခန်းထဲဝင်ဝင်လာပြီး ကိုမြတ်လှိုင်းရေ၊ အဘဗဟန်းကသတင်းဝင် မလာသေးဘူးလားလို့ ခဏခဏမေးလိုက်။ အခန်းရှေ့ဆက်တီခုံမှာ ထိုင်လိုက်နဲ့။ စိတ်ပူနေတယ်ထင်ပါရဲ့။ ဗိုလ်နေဝင်းလို စစ်အာဏာရှင်တယောက်ကိုတောင် မကြောက်ခဲ့တဲ့ အထင်ကရစစ်သားစစ်စစ်ကြီး တယောက် ချွေးပြန်နေတဲ့အချိန်ကာလလေးပေါ့။


ကျနော်လည်း အလုပ်တွေရှုပ်နေပေမယ့် အဘရွေးကောက်ပွဲရှုံးသွားမှာကို စိုးရိမ်နေမိတယ်။
တော်တော်လေးညည့်နက်တော့မှ ဗဟန်းအောင်နိုင်ရေးအဖွဲ့က ဖုန်းဝင်လာတယ်။
ကျနော်က ဖုန်းအမြန်ကိုင်လိုက်တာပေါ့။ ပြန်ကြားရေးရုံးအဖွဲ့က တူးတူးနဲ့စည်စည်သော်က လိုက်မှတ်ကြ တယ်။
နောက်ဖုန်းချ အခန်းအပြင်ထွက်ပြီး အဘရေ ဗဟန်းနိုင်ပြီဗျလို့ ပြောလိုက်တော့ အဘဦးကြည်မောင် မတ် တပ်ထရပ်ပြီး ကိုမြတ်လှိုင်း ရှန်ပိန်ယူခဲ့ဗျာတဲ့။

ကျနော်ရှန်ပိန်အကောင်းစားတပုလင်းကိုယူပြီး အဘကိုပေးလိုက်တယ်။ ကျနော်က ဆက်တီခုံမှာ ထိုင်ချ လိုက်တာပေါ့။
အဘဦးကြည်မောင်က ကိုမြတ်လှိုင်း ထလေ၊ အောင်မြင်မှုအတွက် ရှန်ပိန်ဖောက်ရင် မတ်တပ်ရပ်ပြီး ချီယားလုပ်ရတယ်လို့ပြောမှ ကျနော်မတ်တပ်ထရပ်လိုက်တယ်။
အဘဦးကြည်မောင်နဲ့ရှန်ပိန် ချီးယားလုပ်တော့ ပြန်ကြားရေးက ဓာတ်ပုံဆရာကိုသန့်ဇင်ကို အဘ ဦးကြည်မောင်က“ဟေ့ ဓာတ်ပုံရိုက်စမ်းကွာ လို့ပြောတာ သတိရနေပါသေးတယ်”။
         ဤခုအချိန်မှာတော့  နာယကကြီးသူရဦးတင်ဦးနဲ့ လူထုခေါင်းဆောင် နေအိမ်အကျယ်ချုပ်ကျနေစဉ် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ကြီးကို  မားမားမတ်မတ်ရပ်တည်ဦးဆောင်မှုပေးနိုင်ခဲ့တဲ့ ခန့်ညားတဲ့ ကောင်းကင်ကြီးပြိုကျသွားခဲ့သလို ခံစားမိရင်း အဘဦးကြည်မောင်အတွက် တမ်းတစွာ မှတ်တမ်းတင်လိုက် မိပါတယ်။

မြတ်လှိုင်း

First Weekly Journal. Vol -l6.No-285. June 1.2017

Comments