သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ " ခေတ်ကပြန်အန်ထွက်လာတဲ့ကာရန်များ"

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၀ )


ခေတ်ကပြန်အန်ထွက်လာတဲ့ကာရန်များ

ကိုနိုင်း
ပူလောင်အိုက်စပ်နေတဲ့ နွေကာလ။ ခေတ်ကိုပြတင်းတံခါးဖွင့်ပြီးကြည့် လိုက်မိပါတယ်။ ကြည့်လိုက်မိတဲ့အချိန်မှာပဲ ကျနော့်စိတ်ထဲမှာ အံ့သြ သွားမိပါတယ်။အခုနောက်ပိုင်းမှာ ပြတင်းတံခါးကိုဖွင့်လိုက်တိုင်း အသံ မျိုးစုံ ကြားနေခဲ့ရတယ်။ ဒီမြေမှာနေပြီး ဒီရေကိုသောက်နေတဲ့ လူတွေ ရဲ့ညည်းငြူသံတွေ၊ လူတယောက်ရဲ့နေထိုင်မှုဘဝကိုခြိမ်းခြောက်နေ   ကြတဲ့အသံတွေ၊ လူကိုလူချင်း သတ်ဖြတ်နေကြတဲ့အသံတွေ၊ ဗုံးသံ   သေနတ်သံတွေသာမက မြို့လည်ခေါင်က သေနတ်သံဓားထိုးသံ   တွေ၊ လူကိုလူက လုယက်နေသံတွေ၊ လူကိုလူက အဓ္ဓမပြု ကျင့်နေ ကြတဲ့အသံတွေ၊ လူကလူကို ခေါင်းပုံဖြတ်အမြတ်ကြီးစားနေတဲ့ .. လောဘအသံတွေ၊ လူကိုလူက ဒေါသချောင်းချောင်းထအတ္တသံတွေ ...နေ့စဉ်နဲ့အမျှ နေထိုင်စားသောက်ရေး ဒုက္ခတွေအပြင် အခု ခေတ်မှာ .. ကြုံတွေ့နေရတဲ့သွားလာရေးအခက်အခဲကြပ်တည်းမှု အသံတွေ၊ အသံတွေအသံတွေ။ အမင်္ဂလာ အသံတွေကြားနေရတယ်၊

ဒီမြေကြီးပေါ်မှာ မြက်ရိုင်းပင်တွေပြန်ရှင်သန်နေကြပြီလားလို့ထင်မိရတော့မလို။ 
သတ္တကမ္ဘာကြီးထဲမှာ သတ္တ ဗေဒကဗျာတပုဒ်ကိုဖတ်လိုက်မိတော့...

ခွေးရူးကောင်းစား
တမွန်းတည့်  တဲ့။

မွန်းတည့်ချိန်တောင်
ကျော်နေပြီ။

ခွေးရူးတွေ
အခုထိ
ကောင်းစားနေကြတုန်း။  ။

ဒီကဗျာကိုရေးသူက ကဗျာဆရာ၊ ဝတ္ထုရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)ပါ။ တကယ်က ခွေးတွေရူးနေ တတ်တာကို ရေးတာမဟုတ်ဘူးဆိုတာ သိကြမှာပါ။ လူတွေအတ္တကြီးပြီး ရူးနေတတ်တာ၊ နောက်ဆုံး အာ ဏာရူးရူးနေတတ်တာတွေ။ နိမ့်ပါးသွားတဲ့အခြေအနေကိုရောက်ခဲ့ရပေမယ့် ဆက်ပြီး အတ္တတွေမွေးမြူ ရှင် သန်နေကြတာကိုလည်းတွေ့မြင်နေကြရပါတယ်။ ခွေးရူးရဲ့သဘာဝအတိုင်းလူကောင်းတွေကိုအညှိုးနဲ့ လိုက်ကိုက်နေသလိုပါပဲ။ ခွေးကောင်းကိုက်တာထက် ခွေးရူးကိုက်ရင် ပိုဆိုးပါတယ်။

ဒီခွေးရူးတွေကောင်းစားနေတာကို အပြတ်ရှင်းမှဖြစ်ပါလိမ့်မယ်။ ခွေးရူးဆိုတာက မကြာခင်သေတော့မှာပဲ ဆိုပြီး ရှောင်နေခဲ့ရင် မသေခင်ကာလမှာမည်းမည်းမြင်ရာလိုက်ကိုက်တတ်တာကိုတော့ သတိပြုဖို့လိုပါ တယ်။

ခေတ်ကြီးအပျက်တွေ တောင်လိုပုံနေပါတယ်။ ဒီအပျက်တွေကိုပြင်နေရင်း ပိုပျက်နေတာတွေ တွေ့နေ ရတော့ ကောင်းလေမလားလို့မျှော်လင့်နေတဲ့လူတွေ မောနေရပါတယ်။ ခွေးရူးတွေလိုက်ကိုက်တာထက် ကူး စက်ရောဂါကျသလို လူတွေအတွက်အကြောက်တရားတွေ၊ တွေးပြီး မလုံခြုံတဲ့ခံစားမှုတွေကြောင့်ဖြစ်ရ တဲ့သက်ပြင်းမောတွေက ကူးစက်ရောဂါတခုလို ပြန့်နှံ့ကူးစက်နေပါတယ်။ လှည်းအကျိုးကြီးကို ဝင်ထမ်းသူ   တွေကိုယ်တိုင် ကူးစက်ရောဂါရနေသလိုပါပဲ။ ဒါကို သစ်ခက်သံလွင် အွန်လိုင်းမဂ္ဂဇင်းထဲမှာ ရာမည မင်း ငြိမ်းချမ်းက လှည်းကျိုးထမ်းသူများကဗျာမှာ ရေးထားပါတယ်။

ကူးစက်ရောဂါ
ပြန့်ပွားနှုန်းမြန်တဲ့အရပ်မှာ
သူ့ဇာတ်နဲ့ကိုက်ညီမယ့် ဆေး
တေ့လွဲနေသလို၊ ပရဟိတဟောပြီး
အတ္တပျိုးခင်းအောက်၊ ဟထားတဲ့ပါးစပ်ကြီးတွေ။

ရေဆေးငါးတကောင်လို
ရမ္မက်မျက်လုံးနဲ့ကြည့်၊ သွားရည်တမြားမြားကျနေပုံများ
နှစ်ဦးနှစ်ဖက်၊ စိတ်ချင်းဆက်ဆုံမှတ်
နယ်စပ်မျဉ်းတားထားသလို
ဟန်ဆောင်မျက်နှာဖုံး၊ တဖြည်းဖြည်းကွာကျ
ဝါဒစိုးရိမ်ရေမှတ်ပြနေ။

ယုံကြည်ချက်တွေ
ဖောက်ပြန်တဲ့ရာသီဥတုနောက်
ဟောင်းလောင်းပေါက်များစွာ
အဆာပလာတွေ၊ တဖြည်းဖြည်းဗိုက်ဖွင့်ခံနေရ။

စားကျက်တွေ၊ ရှားပါးလာတဲ့ဝန်းကျင်
မေတ္တာတရားရှားပါးတာ၊ ထိချက်အပြင်းဆုံး
ပခုံးချင်းထိခတ်တိုင်း
မနိုင်ဝန်တွေ၊ ပေတရာလမ်းတွေပေါ်
ဟိုတစဒီတစပြန့်ကျဲ
လှည်းကျိုးထမ်းသူဟု၊ ကိုယ့်ကိုယ်ကိုယ်ခံယူနေသူများ
လှည်းကိုတစစီ ချိုးဖဲ့နေ။  ။

နိုင်ငံရေးသမားတွေ နိုင်ငံရေးအကျိုးကိုခံစားနေကြတာ၊ အပွင့်လင်းဆုံးပြောရရင် အမတ်ဆိုသူတွေ အမတ် ဆိုတဲ့အမည်ကို အခွင့်ထူးခံအဖြစ်ခံစားနေကြသလားဆိုတာ ကဗျာဆရာက ရေးပြလိုက်သလိုပါပဲ။ ခေတ် တခတ်ကနေခေတ်တခေတ်ကိုပြောင်းလဲတဲ့အချိန်မှာတော့ ကဗျာဆရာပြောသသလိုဖြစ်နေမှာပါပဲ။စစ်မြေ   ပြင်ကတိုက်ပွဲတခုကို အသေခံတိုက်ခိုက်ခဲ့သူတွေက တိုက်ပွဲအောင်မြင်တဲ့အချိန်မှာ အားအင်တွေကုန်ပြီး ပင်ပန်းနွမ်းလျ နေတတ်ကြပါတယ်။ အောင်ပွဲရတဲ့အချိန်မှာ ရှေ့တန်းကိုတက်လာကြတဲ့လူများအထဲမှာ အခွင့်ရေးသမားတွေ ရောယောင်ပါလာတတ်ပါတယ်။ အချောင်ခိုသမားတွေက သူတို့ဒီတိုက်ပွဲကို ရဲရဲဝံ့ဝံ့ တိုက်ခဲ့တဲ့သူရဲကောင်းတွေအဖြစ် ကြွေးကြော်တတ်ကြပါတယ်။ နောက် သူတို့က အပြောကောင်းတတ် သူ တွေဖြစ်နေတဲ့အခါ လူများအနေနဲ့သူတို့ပြောတာကို ယုံခဲ့ကြမှာပါ။ ဒါဟာ ကူးစက်ရောဂါဖြစ်တော့ တာ ပါပဲ။ ကူးစက်ရောဂါဆိုတာအရမ်းမြန်အောင်ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဒီလိုဖြစ်တာဘယ်သူကများ တာဝန်ခံပါ့မလဲ။ တာဝန်ရှိတဲ့သူတွေတောင် ခေါင်းရှောင်နေကြတဲ့အခြေအနေဖြစ်နေရောက်နေပြီ ဆိုရင်။
စိတ်၏စေရာ လို့ပဲသဘောထားနေရတော့မှာပါပဲ။
ဒီအကြောင်းကို မိုးမခအွန်လိုင်းထဲက ဆောင်းယွန်းလ ရေးတဲ့ကဗျာမှာ သွားတွေ့လိုက်ရတယ်

တိမ်တွေကိုမီးညှိရင်း
ဆေးပြင်းလိပ်တလိပ်လိုဖွာကြည့်မိချိန်မှာ
ငြိမ်းချမ်းတဲ့အိမ်ကလေးတလုံးဟာ
အိပ်မက်ထဲမှာ ပန်းလိုပွင့်လို့။

အမြင့်မားဆုံးတောင်တလုံးကို
ပျော်ပျော်ရွှင်ရွှင်၊ ခေါင်းအုံးအိပ်နေရသလိုမျိုးပါပဲ

တွေးတော ကြံစည်နေမှုထဲမှာတော့
အသံဟာ၊ ပြန်ရှာမတွေ့နိုင်အောင် တိတ်ဆိတ်လို့ပေါ့။

နွေကိုထုပ်ပိုးစရာ
လေအေးစက်တွေမရှိပေမယ့်

ကြားမိတဲ့သတင်းက ဆောင်းထက်အေးတယ်။
ခဲရာခဲဆစ်ခုတ်မောင်းဖြစ်ခဲ့ဖူးတဲ့ရထားဟာ
အနွေးထွေးဆုံး နေ့ရက်ဘူတာထဲကို
ငြိမ်သက်စွာထိုးဆိုက်လာခဲ့ပါတယ်

ကိုယ့်အရေပြားကိုယ်ပြန်ဆွဲဆိတ်ကြည့်ဖို့
မျက်လုံးတစုံမှာ၊ ဖွင့်စရာ တံခါးရွက်တွေတော့ 
ပါမလာခဲ့သေးပါ။

အမှတ်တမဲ့
လေတိုက်ရင်းပွင့်ထွက်သွားတဲ့
စာမျက်နှာထက်ကခေါင်းစဉ်ဟာ
စိတ်၏ဖြေရာ တဲ့။

ဒီကဗျာကိုဖတ်ကြည့်တဲ့အခါ စိတ်ဖြေရာရသလိုနဲ့ တကယ်တမ်းမှာကျတော့မရပါဘူး။ ရုတ်တရက်မို့ စိတ်ဖြေ ရာလို့ထင်မှတ်မှားခဲ့တာပါ။ ဒါကိုလည်း ကဗျာဆရာက မသိမသာဖော်ပြသွားတာကို တွေ့လိုက်ရတယ်။

အိပ်မက်ထဲမှာ ပန်းလိုပွင့်ပေမယ့် လက်တွေ့ဘ၀မှာတော့ ပန်းတွေအဖူးအဖြစ်တောင် မဖူးရသေးပါဘူး။ အဖူးအဖြစ်ဖူးခွင့်မရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကလည်း ခေတ်ကိုမပွင့်လင်းနိုင်အောင်ပိတ်ပင်ထားတဲ့ အရာတွေကြောင့်လို့ပဲပြောရပါလိမ့်မယ်။ ခေတ်ကို ဘာတွေကပိတ်ပင်ထားခဲ့သလဲဆိုတာ သစ်ခက်သံလွင် အွန်လိုင်းမဂ္ဂဇင်းထဲက မတ်လမှာဖတ်ခဲ့ဖူးတဲ့ ဟိန်းနိုင်(မန္တလေး)ရေးတဲ့ ချုပ်ထားသောစာအုပ်အစိမ်း ကဗျာ ကို ညွှန်းရပါလိမ့်မယ်။
နလန်မထူ အသက်ရှုမဝ
ထလျှောက်လှမ်းနိုင်ရေးတိုက်ပွဲ
အပြောင်းအလဲကိုတောင်းဆိုတယ်
မပြောင်းရဲသူအုပ်စု
လုယူကောက်စားလုပ်၊ စာအုပ်စိမ်းကြီးဆုပ်ကိုင်
တစ်ကျပ်ထဲက တစ်မတ်နှုတ်
သုံးမတ် ရှေ့သွားမရအောင်
သုံးခုယူပြီး တားထားတယ်။  ။

ကဗျာကတော့ ခပ်ရှင်းရှင်းပါပဲ။ ဖတ်သူတွေအားလုံး နားလည်နိုင်ပါ တယ်။ ဒါကြောင့် ခေတ်က အဖူးတွေ မပွင့်နိုင်တာလို့ ညွှန်းဆိုပြ ချင်တာပါ။ ဒီခေတ်ကြီးကနေ အပြောင်းအလဲကို တောင်းဆိုချင်နေ ကြတာပါပဲ။   ခေတ်ကိုပိတ်ထားတဲ့တံခါးကိုသိနေပေမယ့် ဒီတံခါးကို ဆွဲမဖွင့်နိုင်သေးပါဘူး။ ဖွင့်နိုင်ဖို့ကိုလည်း ကြိုးစားချင်တဲ့အသံတွေ တိတ်ဆိတ်သွားပါတယ်။ ဖွင့်နိုင်တဲ့ အရည်အချင်းတွေလည်း ပျောက်နေပါတယ်။ တချိန်တုန်းက ဒီတံခါးကိုပွင့်အောင်ဖွင့်ဖို့ဆိုပြီး ကျနော်တို့ ရဲ့ခေါင်းဆောင်ဖြစ်သူက ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့သူ့ကိုဝန်းရံနေတဲ့အနီးကပ်ဆုံးလူတွေရဲ့အားကို ယုံခဲ့တာမှားတယ်လို့ဆိုချင်ပါတယ်။ ဒီလိုမှားတာကိုရော ခေါင်းဆောင်သိမှသိပါ့မလားလို့တွေးနေမိပါတယ်။ ဒီအခြေအနေသာသိခဲ့ရင်...
ဗြူတီ မဂ္ဂဇင်းထဲက ကဗျာဆရာ စိုးရိမ် ရေးသလို လမ်းခွဲည ဆိုတဲ့ကဗျာကိုများရွတ်နိုင်မှာလား။

“တည်ငြိမ်နိုင်ပါ့မလား”ဆိုတဲ့ မေးခွန်းက
လှိုင်းတွေထဲ မျောပါသွားတယ်
ဒီအလင်း မှုန်မှုန်အောက်
ညဟာ ပြန့်ကျဲလို့
“ဘယ်လိုသတ္တိတွေနဲ့ စိန်ခေါ်ပစ်လိုက်တာလဲ”
အပြင်ကိုရုန်းထွက်မလာတဲ့မေးခွန်းတခုသာ
ရင်ထဲမှာ ပဲ့တင်ထပ်ကျန်ခဲ့
အရိပ်တွေတုန်ခါ၊ နံရံတွေယိမ်းထိုး
အရာရာအားလုံးက ကင်းလွတ်သွားတယ်
နာကျင်ခဲ့ရပါတယ်
အချစ်ကြီးသူမှာ နာကျင်လွန်းခဲ့ရပါတယ်။  ။

ခံစားတတ်သူတိုင်းလည်း နာကျင်နေရမှာပါ။ နာကျင်လောက်အောင်လည်း အချစ်ကြီးခဲ့ကြပါတယ်။
အရိပ်တွေတုန်ခါပြီး နံရံတွေယိမ်းထိုးနေလောက်အောင်နာကျင်နေရပါတယ်။ ဒါဘာကြောင့်လဲဆိုတာ အား လုံးသိကြမှာပါ။ လူတွေနာကျင်နေတာ၊ ချစ်ခဲ့သူတွေနာကျင်စွာခံစားနေကြတာ ခေါင်းဆောင်သိပါလေစ။ ဒီမြေကိုချစ်သူတွေအနေနဲ့ နောက်ဆုံးယုံကြည်ချက်ကို မျှော်လင့်ချက်ထဲလောင်းထည့်မလား။ မြည်းစရာမရှိ ရင် ယုံကြည်ချက်ကိုမြိုချပစ်လိုက်ဖို့ပဲရှိပါတော့တယ်။ ဒီအကြောင်းကို ကဗျာဆရာဖိုးရွှေညီမှိုင်းက လက်ကျန် ရှင်းပွဲဆိုပြီးရေးပြသွားပါတယ်။

ပုလင်းထဲက
လက်ကျန်အိပ်မက်
နှစ်ပက်လောက်ကို
ဖန်ခွက်ထဲက
ခဲနေတဲ့မျှော်လင့်ချက်တွေအပေါ်
လောင်းထည့်ဖျော်လိုက်ပြီး
တကျိုက်ထဲ အပြီးမော့ချ
ပြင်းရှလိုက်တာ။

မြည်းစရာမရှိ
ဟောဒီမှာ မီးသေနေတဲ့
ယုံကြည်ချက် အတိုကိုကိုက်
မ၀ါးတော့ဘူး မြိုချပစ်လိုက်တယ်။  ။

နောက်ဆုံး ယုံကြည်ချက်ကိုမြိုချလိုက်တဲ့အချိန်မှာ မွန်းတည့်ချိန်ကျော်လွန်ခဲ့တာတောင် ကောင်းစားချင်နေ တဲ့ ခွေးရူးတွေ သေကုန်ကြပါစေ။ လှည်းကျိုးထမ်းဟန်ဆောင်ပြီး လှည်းအကျိုးကိုတစစီဖဲ့နေတဲ့အချောင် သမားတွေ လှည်းကျိုးပိနေပါစေ။ အိပ်မက်ထဲမှာ ကိုယ့်အသားကိုယ် ဆွဲဆိတ်နေတဲ့သူများ စိတ်၏ဖြေရာကို အမှန်တကယ်ရနိုင်ပါစေ။ အပြောင်းအလဲကိုတောင်းဆိုရဲသူများ စာအုပ်အစိမ်းကြီးကို ဖျက်နိုင်ပါစေ။ အချစ် ကြီးသူများလည်းနာကျင်မှုမှကင်းပါစေ။
မြိုချပစ်လိုက်ရတဲ့ယုံကြည်ချက်များကိုလည်း ခေါင်းဆောင်သိနိုင်ပါစေ။

ခေတ်အအကြီးမှာ တာဝန်ကျေခဲ့တဲ့ ကဗျာများ ပန်းလိုပွင့်ကြပါစေ။

ကိုနိုင်း

ထုံကူးခဲ့သောကဗျာများ

၁။ မောင်လှမျိုး(ချင်းချောင်းခြံ)၊ သတ္တဗေဒ၊ Hla Myo Aung TimeLine၊၂၉ မတ် ၂၀၁၇။
၂။ ရာမညမင်းငြိမ်းချမ်း(လှည်းကျိုးထမ်းသူများ)၊ သစ်ခက်သံလွင်အွန်လိုင်းမဂ္ဂဇင်း၊ ၁၉ ဧပြီ ၂၀၁၇။
၃။ ဆောင်းယွန်းလ(စိတ်၏ဖြေရာ)၊မိုးမခအွန်းလိုင်း၊ ၂၈ ဧပြီ ၂၀၁၇။
၎။ ဟိန်းနိုင်(မန္တလေး)၊ ချုပ်ထားသောစာအုပ်အစိမ်း၊ သစ်ခက်သံလွင်အွန်လိုင်းမဂ္ဂဇင်း၊၂၄ မတ် ၂၀၁၇။
၅။ စိုးရိမ် ၊( လမ်းခွဲည)၊ ဗြူတီမဂ္ဂဇင်း၊ ဧပြီ ၂၀၁၇။
၆။ ဖိုးရွှေညီမှိုင်း၊(လက်ကျန်ရှင်းပွဲ)၊ Utin Htut TimeLine၊ ၂၉ ဧပြီ ၂၀၁၇။

---သူရိယနေဝန်းဂျာနယ် vol 1.no 146 . 6 may 2017 မှ...

Comments