သစ်ခက်သံလွင် နိုင်ငံရေးသုံးသပ်ချက်၊ မြတ်လှိုင်း၏ "၂၀၀၈ ထဲကဆွဲထုတ်လာတဲ့ အရေးအကြီးဆုံး သဲလွန်စ"

၂၀၀၈ ထဲကဆွဲထုတ်လာတဲ့ အရေးအကြီးဆုံး သဲလွန်စ
မြတ်လှိုင်း 
ကျွန်တော်တို့မြန်မာနိုင်ငံမှာ အတိုးအဆုတ်ခက်ခဲလွန်း တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲထားပြီး လွှတ်တော်နဲ့ အစိုးရ၊ တရားစီရင်ရေး အဓိကကဏ္ဍသုံးရပ်ကို ချုပ်ကိုင် ထားစေခဲ့ပါတယ်။ ထိမရကိုင်မရအောင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲထားတဲ့ ပါမင့်နစ် တပ်မတော်သားကိုယ်စားလှယ်၂၅% ကဖွဲ့စည်းပုံအခြေခံ ဥပဒေကို စောင့်ရှောက်နေတယ်လို့ ဆိုပါတယ်။

ဒီ၂၅% ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အရေးအကြီး ဆုံးဥပဒေတွေကို ပြင်ဆင်ခွင့်၊ ပယ်ဖျက်ခွင့် ပြုမယ်ဆိုတဲ့ ဥပဒေပြုရေးအဆိုတင်မယ်ဆိုရင် ၇၅% ကျော်ထောက်ခံ မှပြင်ဆင်ပယ်ဖျက်ခွင့်ပြုနိုင်တယ်ဆိုတဲ့ အရေးအကြီးဆုံး အချက်ကို ပြဋ္ဌာန်းထားပါတယ်။ ကမ္ဘာမှာအပြင်ရအခက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် သတ်မှတ်ခဲ့ကြ ပါတယ်။၂၀၁၄ ခုနှစ် အင်အယ်ဒီပါတီက လွှတ်တော်ထဲမှာလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု နည်းပါးနေတဲ့ အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်းမှာ မပြင်ဆင်နိုင်ကြောင်းကို လူထုကိုပွင့်လင်းစွာ ချပြ ခဲ့ပါတယ်။ လွှတ်တော်ပြင်ပမှလူထုအားနဲ့တောင်းဆိုရင် ဖြစ်နိုင်တယ်လို့ယူဆပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုဟာ မအောင်မြင်ခဲ့ပါဘူး။
        
၂၀၁၅ ခုနှစ်မှာ အင်အယ်ဒီပါတီဟာ အထွေထွေရွေးကောက်ပွဲမှာအနိုင်ရခဲ့တာကို အားလုံးသိပြီး ဖြစ်ပါ တယ်။ အဲဒီအချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြဋ္ဌာန်းထားတဲ့ပုဒ်မ ၅၉ စကို ပြင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီကြိုးစားမှုဟာ လည်း မအောင်မြင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်ခဲ့ရပေမယ့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေထဲက ဟာကွက်တခုကိုဆွဲထုတ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့နေရာကို ရယူပြီး ဆောင် ရွက် နိုင်ခဲ့ပါတယ်။
        
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ထဲက ညောင်နှစ်ပင်မှာ အမျိုးသားညီလာခံခေါ်ယူပြီး ၈ နှစ်ကြာအောင် အချိန် ယူရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအနေနဲ့ကြည့်မယ်ဆိုရင် လွှတ်တော်တွင်း၊ လွှတ်တော်ပနည်းလမ်း   တွေအမျိုးမျိးနဲ့ပြင်ဆင်လို့မရနိုင်တာကို သိနေခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်အရာမျိုးမဆိုလစ်ဟာနေ တဲ့နေ ရာရှိတတ်စမြဲပါ။ ဒီလစ်ဟာနေတဲ့အခြေအနေကို အမြဲလေ့လာနေမယ်ဆိုရင် သဲလွန်စတစ်စ ထွက်လာနိုင် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နေရာကို ရှာဖွေနိုင်ခဲ့တဲ့ အချက် ကိုကြည့်ရင် တွေ့နိုင်ပါတယ်။

အခိုင်အမာတည်ဆောက်ထားမှုတခုမှာ ဟာကွက်ပျော့ကွက် ရှိနေပါလိမ့်မယ်။ ဒီတည်ဆောက်ထားမှုကို အပေါ်ကစပြီး အောက်အထိ၊ အောက်ကစပြီး အပေါ်ထိ၊ အလယ်ကဖြတ်ပြီး အပေါ်အောက်၊ သေချာလေ့ လာရပါလိမ့်မယ်။ အဆောက်အဦရဲ့အတွင်းပိုင်းတည်ဆောက်ထားမှု၊ ပြင်ပကအခြေအနေတွေကို လေ့လာရပါမယ်။
အခုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်းမှာပြင်ဆင်လို့မရနိုင်တဲ့အတွက် လွှတ်တော်ပြင် ငြိမ်းချမ်းရေးစားပွဲဝိုင်းကတဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ဖို့ သဲလွန်စတစ်စ ထွက်လာခဲ့ ပါတယ်။၂၀၁၇ မေလမှာပြုလုပ်တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီက ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံ ပြန်ကျင်းပရင် တင်ပြနိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲရလာဒ်အညီ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရ ရှိ စေရေးအတွက် ပြည်နယ်များအားလုံး ကိုယ်ပိုင်ဖွဲ့စည်း ပုံအခြေခံဥပဒေများရေးဆွဲခွင့် ကို ဆွေးနွေးအသိ အမှတ်ပြုနိုင်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ 

ဒီအချက်ဟာ လွှတ်တော်ပြင်ပ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကနေ ၂၀၀၈ ဖွဲ့စည်းပုံ ကိုပြင်ဆင် နိုင်ရေးအတွက် သဲလွန်စ ရှာ ဖွေတွေ့ရှိခဲ့တယ်လို့ ပြောချင်ပါတယ်။ ဒီဆွေးနွေးအသိအမှတ်ပြုခဲ့တာကို ဒီပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီမှာပါဝင်တဲ့ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်က ဗိုလ်မှူး ခွန်ဥက္ကာက ” ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်ရှိခြင်းဟာ ပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြု လိုက်တာဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီလိုပဲ ကေအင်ယူက ဖဒိုစောကွယ်ထူးဝင်းက ” ပြည်နယ်တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲနိုင်တဲ့ အခွင့်အရေးပါ အသိအမှတ်ပြုနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်” လို့ပြောခဲ့ ပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ပြည်ထောင်စုအဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ကွဲလွဲလို့ မရဘူးဆိုပေမယ့် ဒီလိုပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းလိုက်ပြီး ဒီဖွဲ့စည်းပုံကခန့်အပ်လိုက် တဲ့ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ၊ ပြည်နယ်တရားရုံးတွေရဲ့လုပ်ပိုင်ခွင့်တွေကို ပြည်ထောင်စုအဆင့် က လာစွက်ဖက်လို့မရပါဘူး။
၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံရဲ့နိုင်ငံရေးဆွေးနွေးမှုခေါင်းစဉ်အောက်မှာ အဆင့် ၇ ဆင့်ထဲက ပြည် နယ်လူမျိုးများတန်းတူ ညီမျှနေထိုင်နိုင်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကိုသာ ငြိမ်းချမ်းရေးညီလာခံက အတည့်ပြုနိုင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြီး ထပ်ဆင့်အတည်ပြုချက်ရယူရမှာပါ။ 

တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရသွားရင် ဖက်ဒရယ်ပြည်ထောင်စုမူဆိုတဲ့ အဆင့်တွေကိုရောက်ဖို့ နီးစပ်သွားမှာပါ။” ပြည်ထောင်စုသဘောတူညီချက်က ဖက်ဒရယ်ပုံစံဖြစ်နေတယ်ဆိုရင် အဆင့် ၅ မှာ ဖွဲ့စည်းပုံကို ပြင်ကိုပြင်ပေးရတော့မယ်။ ပြင်ပြီးရင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပေးရပါလိမ့်မယ်” ဆိုပြီး ကချင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာ တူးဂျာ က မှတ်ချက်ပေးလိုက်ပါတယ်။
ဒီ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီရဲ့ ဆွေးနွေးအတည်ပြုချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံရုံး ညွှန်ကြားမှူးချုပ် ဦးဇော်ဌေး က “အားလုံးက ဖက်ဒရယ် အခြေခံမူတွေ ဖြစ်ပါတယ်။ 

ကျနော်တို့တိုင်းပြည်မှာ တခါမှမရှိခဲ့ဖူးတဲ့ သဘောတူညီချက်ပါ။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ကိုယ်ပိုင်   ပြဋ္ဌာန်းခွင့်အတွက် ကိုယ်ပိုင်အခြေခံဖွဲ့စည်းပုံဥပဒေတွေ ထားရှိပေးရပါ့မယ်။ ဒါကို အကုန်လုံးက သဘော တူတယ်။ အဲဒါကြောင့် လာမယ့်ညီလာခံဟာ မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင် ဖြစ်လာ မှာ ဖြစ်ပါတယ်” လို့ပြောဆိုလိုက်တာကလည်း ဖက်ဒရယ်အတွက် အားရစရာဖြစ်ပါတယ်။

ကျနော်တို့တိုင်းပြည်မှာ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်တော်လှန်ခဲ့ကြတာကို ပြန်စဉ်းစားကြည့်ရင်   ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှအခွင့်အရေးမရခဲ့တာရယ်၊ တိုင်းရင်း သားပြည်နယ်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိခဲ့တာကြောင့်ဖြစ်တာကို တွေ့ရပါတယ်။ 

အခုပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီက အတည်ပြုပြီး၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံက ထပ် ဆင့်အတည်ပြုလိုက်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် လက်နက်ကိုင်စရာမလိုတော့ ပါဘူး။ တနိုင်ငံလုံးအပစ်ရပ်စဲရေးကတိပြုစာချုပ်ဟာလည်း အလိုအလျောက်လက်မှတ်ထိုးပြီးသား ဖြစ် သွားနိုင်ပါတယ်။ တကယ်တိုင်းရင်းသားပြည်သူတွေအကျိုးကိုကြည့်မယ်ဆိုတဲ စေတနာထားမှုက အဓိက ကျပါတယ်။ ကျနော်တို့တိုင်းပြည်မှာ စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်နေခဲ့ရတာ   နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ တနိုင်ငံလုံးအပစ်ရပ်စဲနိုင်မယ်ဆိုရင် တောင်ပေါ်၊ တောင်တန်းနေ တိုင်းရင်းသားပြည်သူတွေအနေနဲ့ ကိုယ့်အိမ်ကိုယ့်ယာကိုပြန်ပြီး အေးချမ်းစွာလုပ်ကိုင် စားသောက်ခွင့်ရမှာ ပါ။ 
အင်စီအေကတိပြုစာချုပ်ဟာ မိမိတို့တိုင်းရင်းသားပြည်သူတွေအတွက် အခက်အခဲတခု ဖြစ်မနေသင့်ပါ ဘူး။ တိုင်းရင်းသားပြည်သူတွေ အေးချမ်းစွာပြန်နေထိုင်မှုနဲ့ အင်စီအေကို လဲလှယ်နိုင်ရပါလိမ့်မယ်။ အင်စီအေသဘောတူစာချုပ်ကိုလက်မှတ်ထိုးပြီး ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကို တက်ရောက်သင့် ပါတယ်။ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံရဲ့ နိုင်ငံရေးဆွေးနွေးမှုခေါင်းစဉ်အောက်ကနေ တန်းတူ ညီ မျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့ကို ဆက်လက်ဆွေးနွေး အဖြေရှာသင့်ပါတယ်။ ဒီ၂၁ ရာစုပင်လုံ ငြိမ်း ချမ်းရေးညီလာခံကတဆင့် ပြင်ဆင်ရခက်ခဲနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်နိုင်မယ့် နည်း လမ်းတွေထွက်လာနိုင်ပါတယ်။ ကျနော်အနေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းဆိုတဲ့ ပလက်   ဖောင်းကတဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့်သဲလွန်စတစ်စ ထွက်လာနိုင်တယ်လို့ ထင်နေခဲ့ပါတယ်။

ဒီ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကတဆင့် ပြည်နယ်တိုင်းရင်းသားခေါင်းဆောင်တွေ လွှတ်တော်ထဲ ဝင် ရောက်ပြီး ပြည်နယ် လူထုကောင်းကျိုးတွေကိုဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကိုယ့်ပြည်နယ်မှာနေထိုင်နေ တဲ့ တိုင်းရင်းသားပြည်သူတွေရဲ့လိုအပ်ချက်တွေကိုကိုယ့်ပြည်နယ် ဥပဒေတွေ ပြဋ္ဌာန်းနိုင်မယ်ဆိုရင် တိုး တက်တဲ့ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဆွေးနွေး ညှိနှိုင်းပြဋ္ဌာန်းနိုင်ဖို့အတွက် ပြည်နယ်လွှတ်တော်အသီးသီးမှာ ပါဝင်နေရပါလိမ့်မယ်။ မိမိတို့ပြည်နယ်မှာ နေ ထိုင်တဲ့ပြည်သူတွေကလည်းမိမိတို့လူမျိုးစုခေါင်းဆောင်တွေကို ပြည်နယ်လွှတ်တော်ထဲမှာ မြင်ချင်ကြမှာပါ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ မိမိတို့လူမျိုးစုအကျိုးအတွက် မိမိတို့ အတ္တတွေကိုစွန့်လွှတ်ဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်။ ပြည်နယ်တိုင်းလူမျိုးစုတိုင်းက ဒီမိုကရေစီစနစ်ကို အခုအချိန်မှာကိုင်စွဲထားနိုင်ဖို့လိုအပ်နေပါပြီ။ဒီမိုကရေစီစနစ်အတွက် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်နိုင် ရမှာပါ။ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေယှဉ်ပြိုင်မှု(သို့မဟုတ်)ရွေးကောက်ပွဲဟာ အဓိက ကျပါတယ်။ ဒီမိုကရေစီဖက်ဒရယ်မူကိုကိုင်စွဲပြီး မိမိတို့ပြည်နယ်၊ မိမိတို့တိုင်းပြည် တိုးတက်မှုကို ဆောင်ရွက်နိုင် မယ် ခေတ် ရောက်နေပါပြီ။ လက်နက်ကိုင်တော်လှန်ရေးခေတ်၊ စနစ်နဲ့တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း  ခွင့်ရရှိရေးကိုရယူဖို့ အခြေအနေပေးတဲ့ခေတ် မဟုတ်တော့ပါဘူး။

အခု ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီက အသိအမှတ်ပြုပြီး ၂၁ ရာစု ပင်လုံညီလာခံကို တင်ပြ အတည်ပြုချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်း ပါဝင်ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည် တိုက်တွန်းချင်ပါတယ်။

မြတ်လှိုင်း
POPULAR Journal -Vol 9. No 18. 18 May 2017 မှ ...

Comments