Sunday, May 7, 2017

k

သစ်ခက်သံလွင် ကဗျာ၊ ချစ်ချစ်ချိုင်း(ရေနံချောင်း) ၏ "နှောင်းတဲ့မုတ်သုံ"



နှောင်းတဲ့မုတ်သုံ
thinktransatlantic04.blogspot.com
ငါ့ဥယျာဉ်ထဲမှာ
မိုးခမှပွင့်မယ့်ယုဇနပန်းတွေ
အငုံအဖူးတွေနဲ့ ရူးလောက်အောင် မိုးမျှော်ခဲ့။

ဒီတနှစ်မှာမှ
မုတ်သုံလေအဝင်နောက်ကျခဲ့တယ်
Global warming ကြောင့် ပူနွေးခဲ့တယ်
ဂေဟစနစ်ပျက်စီးခဲ့တယ်
ဒီလိုနဲ့အိုဇုန်းလွှာတွေပေါက်ခဲ့ရပါတယ်။

ကော်ဖီတခွက်ရှေ့မှာချပြီး
အချိန်တန်ရင်မြည်တဲ့ဖုန်းလေးကို
အချိန်တန်ရင်မျှော်မိတယ်
အချိန်တန်ရင်ပျော်တဲ့ Chat room ကို
အချိန်တန်ရင်ဝင်မိတယ်
မသိစိတ်နဲ့နှလုံးသားစိတ်အစာ
ဆာလောင်တမ်းတခဲ့ပါတယ်
အမှန်တရားနဲ့အချစ်စစ်စစ်ဆိုတာ
အချိန်နောက်ကျပြီးမှရောက်လာတဲ့
သူရဲကောင်းတွေပါပဲ

စောင့်ရကျိုးတော့နပ်ချင်ရဲ့။
နွေခေါင်ခေါင်ရှောင်တဲ့မိုးကို
သံယောဇဉ်တံချူနဲ့ တို့လိုက်တော့
အလွယ်တကူမိုးတွေညို့တက်လာတယ်
နှလုံးသားတဝိုက်စိုက်ဆင်းလာတဲ့
မုန်တိုင်းဟာ မိုးကိုခေါ်လာတယ်
ဆာလောင်တမ်းတသမျှ
တစ်ယောက်ရင်ငွေ့တယောက်လှုံပြီး
အချစ်တွေနဲ့ခမ်းနားခဲ့ကြ
ရာသီကုန်မိုးလွန်ကာလမှာ
မုတ်သုံမိုးတွေစွန့်ခွာသွားတော့
အလွမ်းတွေတနင့်တပိုးနဲ့
ရင်ကျိုးအောင်ငိုခဲ့ရတယ်
တော်ချိန်မှာတော်သင့်ပြီပေါ့ကွယ်
ပျော်သင့်သလောက်ပျော်ခဲ့ပြီပဲ
ပွင့်သင့်သလောက်ပွင့်ခဲ့ပြီပဲ
ဝါကျဆုံးရင်ပုဒ်မချရဲရမယ်
ဆင်ခြင်တုံတရားနဲ့ရောင့်ရဲနိုင်မှ
အလွမ်းလေးတွေသမိုင်းလှမယ်
မျှော်လင့်ခွင့်မရှိတော့ဘူး
ဆုပ်ကိုင်ခွင့်မရှိတော့ဘူး
လွမ်းတယ်ဆိုတဲ့စကားတောင်
လူကြားအောင်မပြောရဲတော့ဘူးဆိုတဲ့အချိန်မှာ
သိက္ခာတွေပွေ့ပိုက်ပြီး
မင်းလည်းမင်းလမ်းမင်းပြန်
ငါလည်း ငါ့ဘဝငါဆန်
အချိန်တန်ရင်အိမ်ပြန်ရမယ်ဆိုတဲ့
အမှန်တရားကရှိပြီးသားပဲ
နှုတ်ဆက်တဲ့အခါမင်းလည်းပြုံးနိုင်ရမယ်
ငါလည်းပြုံးနိုင်ရမယ်
အရှုံးတွေအလွမ်းတွေကိုတော့
ကျစ်ဆံမြီးလေးလိုကျစ်နေအောင်ကျစ်ပြီး
လူမမြင်ရာကျောဖက်ကိုချထားလိုက်တော့မယ်
မုတ်သုံလေလည်း
ဆုတ်ခွာချိန်မှာဆုတ်ခွာရမှာပါပဲ
ရင်ထဲကိုယ်စီသိမ်းထားလိုက်ကြစို့ကွယ်။

ချစ်ချစ်ချိုင်း(ရေနံချောင်း)