သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း ၏ "ငြိမ်းချမ်းရေးအတွက် တာဝန်ကျေခဲ့တဲ့ ခေတ်ပေါ်ကဗျာ "



ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၃ )

ငြိမ်းချမ်းရေးအတွက် တာဝန်ကျေခဲ့တဲ့ ခေတ်ပေါ်ကဗျာ

ကိုနိုင်း 


          မကြာခင်ကာလမှာ ကျနော်တို့နိုင်ငံအတွက်အလွန်အရေး ကြီးသော ၂၁ ရာစုပင်လုံ (ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ) ကို ပြန်ကျင်းပတော့မှာဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေး ဝေဖန်ရေးအကဲဖြတ်တွေ၊ စာပေပညာရှင်တွေ အပါအဝင် တိုင်းရင်း သား ပြည်သူတရပ်လုံးကလည်း စိတ်ပါဝင်စား စောင့်ကြည့်နေကြပါ တယ်။ ငြိမ်းချမ်းရေးဟာ ကမ္ဘာပေါ်က နိုင်ငံ အတော်များများမှာ ရရှိနေပြီး ဖြစ်ပေမယ့်၊ ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်းခုနှစ်ဆယ် လောက် စစ်မီးတောက်လောင်နေခဲ့ တောက်လောင်နေဆဲပါ။ 

ကျနော်တို့နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့မတူ တမူထူးခြားတာက ညီရင်းအကိုတွေလက်နက်စွဲကိုင်ပြီး အချင်းချင်းသတ်ဖြတ်နေကြ တာပါ။ တိုင်းရင်းသားညီအကိုအချင်းချင်း သတ်ဖြတ်နေကြတဲ့အခါ ဘယ်သူ တွေသေဆုံးကြသလဲ၊ ဘယ်သူတွေဒုက္ခရောက်နေကြ သလဲ။ စစ်မီးတောက်တွေလောင်နေတဲ့ ကြားမှာ ဘယ်သူတွေ အိုးအိမ်ကိုစွန့်ခွာပြီး ထွက်ပြေးနေကြရလဲ။ ဒီတိုင်းပြည်အတွင်းမှာနေထိုင်နေကြတဲ့ လူတွေပါ ပဲ။ ဒီလိုတိုက်ပွဲတွေရပ်စေချင်လှပါပြီ။ စစ်အာဏာရှင်ခေတ်ကိုတော်လှန်ရုန်းကန်ပြီး ဒုက္ခတွင်းထဲ က ထွက်လာခါစတိုင်းပြည်ကို ဒီမိုကရေစီ ကျင့်စဉ်နဲ့ နိုင်ငံတခုပြန်တည်ဆောက်စေချင်ကြပါပြီ။
          
စာပေဆိုတာ နိုင်ငံရေးလက်အောက်ခံအဖြစ်လက်ခံထားတဲ့ ကျနော်တို့အနေနဲ့ တိုင်းပြည်ကောင်းကျိုးတွေ ကို ပြည်သူတွေ ခံစားနေရတဲ့ဘက်ကိုမျက်နှာမူပြီး ရပ်တည်နေရဦးမှာပါ။
          ဒီတောက်လောင်နေတဲ့ပြည်တွင်းစစ်အကြောင်းကို ကဗျာပေါင်းမြောက်မြားစွာရေးဖွဲ့ခဲ့ကြပါတယ်။ စစ်နဲ့အတူငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ကြတဲ့ကဗျာတွေကိုလည်း တွေ့နေကြရဦးမှာပါ။ ဒီလိုငြိမ်းချမ်းရေး အတွက် ရေးဖွဲ့နေကြတဲ့ကဗျာထဲက ကဗျာတပုဒ်ကို ဖတ်မိပါတယ်။ ဒီကဗျာရေးဖွဲံသူကတော့ ကိုရွေး ဆိုတဲ့ ကဗျာဆရာပါပဲ။ မိုးမခမဂ္ဂဇင်း ထဲမှာ စစ်ဖြစ်နေတဲ့မြို့ထဲ ပျော်ပွဲစားထွက်လည် ရက်ကြတယ် ဆိုပြီး ရေးဖွဲ့ပြလိုက်တာပါ။

လမ်းမီးတွေလင်းလာပြီလားအချစ်ရေ
မီးလောင်နေတဲ့ဂျုံခင်းထဲ ငှက်ကလေးတွေဘယ်ဝဲနိုင်ပါ့မလဲ
မမြင်ရတဲ့ရန်သူကိုမှန်းပစ်ပြီး
အမိန့်အတိုင်းတက်လာမိတယ်
ကာပစ်ပေးနေတဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်
ငါ့ကိုထားခဲ့တော့
“စောပြည့်သင်”ကို ဒါလေးပေးပေးပါလို့ ပြောပြီး
ကျဆုံးသွားတဲ့ရဲဘော်လေး
သွေးစွန်းနေတဲ့စာလေးတစောင်
ဘယ်ဘက်ရင်အုံထဲစိုက်ဝင်သွားတဲ့ကျည်ဆန်
ဒါ ရန်သူ့လက်ချက်လား
အယူဝါဒလက်ချက်လား ဘယ်သူ့အတွက် အသက်ပေးသွားခဲ့တာလဲ

          ကဗျာကိုဒီမှာရပ်ထားလိုက်မိတယ်။ ကဗျာဆရာရဲ့မေးခွန်းကို အားလုံးသိပြီးဖြစ်နေမှာပါ။ ဒီလိုသိပြီးဖြစ်တဲ့အတိုင်းလည်း နာကျင်ကြေကွဲရပါတယ်။ ဒီကဗျာထဲက စောပြည့်သင်ဆိုတဲ့ တိုင်းရင်းသား လူငယ်တယောက်အနေနဲ့ သူပုန်တယောက်အဖြစ် ပြည်တွင်း စစ်ပွဲမှာကျဆုံးသွားခဲ့ပါပြီ။ 

ပြည်တွင်းစစ်ပွဲတွေဖြစ်နေသမျှ ဒီစောပြည့်သင်တွေ သေကြေနေကြဦးမှာပါပဲ။ စောပြည့်သင်လို တိုင်းရင်း သားလူငယ်တွေကျဆုံးနေခြင်းဟာ နိုင်ငံအနာဂတ်တွေကျဆုံးနေခြင်းပါပဲ။ တိုင်းရင်းသားသူပုန်လူငယ်လေး တွေဘက်က ခံစားနေခဲ့ရသလို တဘက်ကပြန်ခံစားကြရတဲ့ဖေ့ဘုတ်ပေါ် မှာ ပျံ့နှံ့နတဲ့ကဗျာတပုဒ်ကို ဖတ်လိုက်မိပါတယ်။ ဒီကဗျာ ရှေ့တန်းစစ်မြေပြင်မှာ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရင်း ကျဆုံးသွားတဲ့ စစ်ဗိုလ်လေးတယောက်က ကိုယ်တိုင်ရေးဖွဲ့ထားတဲ့ကဗျာတပုဒ်ပါ။ ကဗျာခေါင်းစဉ်က သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး ပါ။

ခန္ဓာကိုယ်မှာ အရှက်လုံရုံ
အဝတ်တစုံ ဖုံးထားတယ်

လက်တဖက်မှာ သေနတ်တလက်
ကျောထက်မှာ
အိုးစားဖက်တွေအတွက်
အသက်ရှင်ရေး မျှော်လင့်ချက်တွေ
စုပြုံထမ်းပြီး
ခြေတလှမ်း လှမ်းလိုက်တယ်
ပင်လယ်ရေမျက်နှာပြင်အထက်၊ ပေပေါင်းများစွာ။

         ပြည်တွင်းစစ်ကို ညီအကိုချင်းသတ်ဖြတ်ဖို့ ရှေ့တန်းစစ်မြေပြင်ကိုသွားရတာ အင်မတန်ခက်ခဲလှပါ တယ်။ တိုင်းရင်းသားဒေသ တောင်တန်းတွေဟာလည်း အလွန်မြင့်မားပြီး ရာသီဥတုက အေးစက်မှုံမှိုင်းနေ ပါလိမ့်မယ်။ မြေမပြန့်မှာနေတဲ့လူတွေအတွက် အသည်းခိုက်အောင်ချမ်းခိုက်တုန်ရီနေပါလိမ့်မယ်။ ဒီတောင်တန်းတွေပေါ်မှာ စစ်တိုက်ထွက်နေရတဲ့စစ်သားတွေရဲ့ခံစားချက်ကိုတွေးကြည့်လိုက်တယ်။

ကျောတခင်းစာ အိပ်ရာအတွက်
ကမ္ဗလာမြေကြီးကို ကျေးဇူးတင်မိသလို
တသွင်သွင်စီးဆင်းနေတဲ့သောက်ရေအတွက်
စိမ့်စမ်းလေးတွေကို ကျေးဇူးတင်မိပါရဲ့၊
ငှက်ပျောအူထမင်းနဲ့ ရေမုန့်ညင်း
အကြောပေါင်းတထောင်နဲ့ ငါးဥသီး
ဓားမခုတ်ရွက်နဲ့ ပဲပိစပ်၊ တွေ့သမျှဟာ ရိက္ခာတဲ့။
ဆီမပါပဲမြက်ကိုရေလုံပြုတ်နိုင်သလို
အိုးမရှိချိန်မှာ ဦးထုပ်နဲ့ ထမင်းချက်နိုင်သတဲ့
ပုတ်သင်ကြော်ဟာ၊ ချိုပြီးစိမ့်မှန်းသိရပြီးနောက်ပိုင်းမှာ
ရိက္ခာစည်သွပ်ဗူးရတဲ့ရက်ဟာ
အာဂပါးစပ် လူဖြစ်ရကျိုးနပ်တဲ့ရက်ဖြစ်လာတယ်

        
ရှေ့တန်းထွက်စစ်သားတယောက်ရဲ့နေ့စဉ်ဘ၀တွေကိုတွေးကြည့်ရင် ရင်နာကြေကွဲဖွယ်ကောင်းပါ တယ်။ ဒီစစ်ဗိုလ်လေးက ၈ ယောက် ၁ ရက်စာ တိုက်ခိုက်ရေးရိက္ခာဟာ ၁ ယောက်ထည်း ၈ ရက် စား မလောက်မှန်းသိလာတဲ့အကြောင်း၊ ပိုက်ဆံဟာ အိမ်သာသုံး စက္ကူလိပ်လေးတွေထက် တန်ဖိုးနိမ့်ကြောင်း သိလာတယ်ဆိုတဲ့အကြာင်းတွေ သူ့ခံစားချက်တွေကို ရေးဖွဲ့ပြပါတယ်။

ဒီလိုနဲ့ပဲ အညတရတွေ
ကိုယ့်အသက် သူ့အသက်၊ လောင်းကြေးထပ်ကြရင်း
တခါတခါမှာ ကိုယ့်လက်တွေသွေးစွန်းရတယ်
သွေးစွန်းနေတဲ့လက်တွေနဲ့ပဲ
အသက်တွေပြန်ကယ်ရတယ်
သေနတ်ကိုင်ထားတဲ့ဆရာဝန်ဟာ
ဂျနီဗာကွန်ဗင်းရှင်းမှာ၊ အကြုံးမ၀င်ပါတဲ့။
ရွှေပြည်တော်ဟာ
မျှော်တိုင်းဝေးနေပေမယ့်
ခြေတလှမ်း လှမ်းတိုင်းတော့
သင်္ချိုင်းဟာ မမျှော်ဘဲ နီးနီးလာတယ်
ပါးစပ်နဲ့ရှင်းနေတဲ့စကားဝိုင်းတွေအောက်မှာ
သေနတ်နဲ့ရင်းခဲ့ရတဲ့ အသက်ပေါင်းများစွာ။

         ဒီရင်းခဲ့ကြရတဲ့အသက်ပေါင်းများစွာဟာ ဘယ်သူတွေရဲ့အသက်တွေလဲ။ ကိုယ့်အသက်ကိုရင်းပြီး သေနတ်တွေနဲ့ကျားကုပ် ကျားခဲ တိုက်ခိုက်ခဲ့ရတာ ပြည်ပက ကျူးကျော်လာတဲ့တိုင်းတပါးသားတွေကို လား။ ကိုယ်နိုင်ငံကို ကိုယ်ကာကွယ်ဖို့ အသက်ပေးရတဲ့တိုက်ပွဲတွေလား။ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ စစ်သားတွေရော၊ သူပုန်တွေပါ သိနေကြပါတယ်။ ညီအကိုတွေရဲ့အသက်တွေဖြုန်းတီးပစ်နေသလို၊ တိုင်းပြည်ဘဏ္ဍာတွေကိုပါ ဖြုန်းတီးနေကြတယ်ဆိုတာ။

မြေပြင်မှာ ဖောက်ခွဲလိုက်တဲ့
လက်နက်ကြီးဗုံးဆံတခုဟာ
ဒေါ်လာပေါင်းများစွာတန်သတဲ့
သူ့ရင်ဘတ် ကိုယ့်ရင်ဘတ်၊ ဖောက်ထွက်သွားတဲ့ကျည်ဆံဟာ
သွေးလူးနေတဲ့စပါးစေ့တွေထက်၊ တန်ဖိုးကြီးသတဲ့
လေယာဉ်တခါပျံတဲ့ဆီတစ်ဂါလံဟာ
ရိက္ခာပေါင်းမည်မျှနဲ့ညီမျှသလဲ။

         ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့စစ်သားတွေစားရတာက လူသားတယောက်ရဲ့အဆင့်အတန်းနဲ့မညီမျှ ပေမယ့်၊ ဒေါ်လာနဲ့ ဝယ်ယူထားရတဲ့လက်နက်တွေကို ပစ်ခတ်ဖြုန်းတီးနေတာကို ပြန်တွေးကြည့်မိတယ်။

အတွေးတွေမဆုံးခင်
ဝုန်းဒိုင်းကျဲသွားတဲ့ဆူညံသံတွေ
လက်နက်ကြီးလက်နက်ငယ် ယမ်းခွဲသံတွေ
အသက်ငင်နေတဲ့ဗုံးဆံတွေကျည်ဆံတွေ
မြေပြင်နဲ့ဝေဟင်မှာ
တော်လဲသံတွေအလား
မိုးခြိမ်းသံတွေအလား
ကမ္ဘာမီးလောင်တာမမြင်ဖူးပေမယ့်
ချနင်းခံရတဲ့သားကောင်တွေကတော့
မျက်စိရှေ့မှာ အလဲလဲအပြိုပြို။

         ဒီလောက်နဲ့ပဲ ဒီကဗျာကိုရှေ့မဆက်ချင်တော့သလို၊ ဒီလောက်နဲ့ပဲ ညီအကိုတွေ သတ်ဖြတ်နေတာ ရပ်ပေးပါတော့။ ကျနော်တို့တိုင်းည်ြကြီးကို ပြန်တည်ဆောက်ကြဖို့ သင့်နေပါပြီ။ မကြာခင်ကာလမှာ ပြန်ကျင်းပတော့မယ့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံကို တိုင်းရင်းသားညီအကိုတွေ တစားပွဲထဲမှာ အတူထိုင်ပြီး စကားပြောကြပါ။ တိုင်းပြည်အနာဂတ်အတွက် လူငယ်လေးတွေကို မဖြုန်တီးပစ်ကြပါ နဲ့တော့။ ပြည်သူတွေရဲ့ဘဏ္ဍာငွေကို ကျည်ဆံတွေ၊ ဗုံးဆံတွေအဖြစ် မဖြုန်းတီးပစ်ကြပါနဲ့တော့။
ဒီလိုသာဆက်ဖြုန်းတီးပစ်နေမယ်ဆိုရင်တော့။

          နောက်ဆုံး လေသံပြင်းပြင်း မြန်မာအမျိုးသမီးကဗျာများစုစည်းမှုကဗျာစာအုပ်ထဲက ခိုင်လေညင်းရဲ့ ငိုလို့မပြီးသေးတဲ့ နိုင်ငံတော် ဆိုတဲ့ကဗျာနဲ့ အဆုံးသတ်ချင်ပါတယ်

ရော်ဘာစိုက်ခင်းထဲ
မြေသြဇာလုပ်ပစ်တဲ့အလောင်းတွေနဲ့
ငါးဖမ်းလှေပေါ်ကန်ချ
ပင်လယ်ထဲ
ငါးမန်းစာ ချကျွေးခံရတဲ့
အလောင်းပေါင်း ရာနဲ့ချီတွေက
လူသိရှင်ကြား အယူခံဝင်တာအောင်တဲ့နေ့
အမျှရချင်တယ်တဲ့
လူမသိ သူမသိ သေမိန့်တွေက
ငိုလို့မပြီးသေးတဲ့နိုင်ငံတော်။

ကျနော်တို့တိုင်းပြည်မှာ ငိုသံတွေတိတ်ပြီး ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်ပါစေလို့ တိုးတိုးတိတ်တိတ်လေး ဆုတောင်း လိုက်ပါတယ်။
         ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံဟာ မြန်မာပြည်သမိုင်းမှာ ဂုဏ်ယူစွာအမည်နာမ ရေးထိုးနိုင် ပါစေ။

ကိုနိုင်း

ထုံကူးခဲ့သောကဗျာများ

၁။ ကိုရွေး၊(စစ်ဖြစ်နေတဲ့မြို့ထဲ ပျော်ပွဲစားထွက်လည်ရက်ကြတယ်)၊ မိုးမခမဂ္ဂဇင်း၊ ဧပြီ ၂၀၁၇။
၂။ လက်ရုံး(Thant Htin Wai)၊ (သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး)၊ HlaTun Khaine FB၊ မေလ ၂၀၁၇။
၃။ ခိုင်လေညင်း၊( ငိုလို့မပြီးသေးတဲ့နိုင်ငံတော်)။  လေသံပြင်းပြင်း၊ အမျိုးသမီးကဗျာများစုစည်းမှု အမှတ် ၂၊ ဖေဖော်ဝါရီ ၂၀၁၇။


သူရိယနေဝန်းဂျာနယ် -
Vol 1.No 149 . 27 May 2017 တွင် ဖော်ပြပြီး။
 

Comments