သစ်ခက်သံလွင် ပြန်လည်ဖော်ပြချက်(နိုင်ငံအရေး)- မြတ်လှိုင်း၏ "ရင်ကြားစေ့အလွဲ"

ရင်ကြားစေ့အလွဲ

မြတ်လှိုင်း


          ခေတ်တခုကိုတည်ဆောက်ဖို့အတွက်အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် အမျိုးသားညီညွတ်ရေး၊ အမျိုးသားငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့နောက်ဆုံးအနေနဲ့ အမျိုးသားနိုင်ငံတော်သစ် တည်ဆောက်ရေး အဆင့်ဆင့် သွားရပါတယ်။ ပထမဦးဆုံး အမျိုးသားညီညွတ်ရေးဟာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့နိုင်ငံအတွက်လိုအပ်နေတဲ့ နိုင်ငံတော်တည်ဆောက်မှု အဆင့်တွေပါ။
ပျက်စီးခဲ့တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီအဆင့်တွေကိုအသစ်ပြန် တည်ဆောက်ဖို့အတွက်ဆိုရင်တော့ အခုအခြေအနေထက် ပိုမြန် ဆန်လွယ်ကူကောင်း လွယ်ကူပါလိမ့်မယ်။
         ပျက်စီးခဲ့တာကလည်း အဆိုးရွားဆုံး၊ အကြမ်းတမ်းဆုံး စစ်အာဏာရှင်ခေတ်ထဲမှာ ရုပ်ပိုင်းအစိတ် အပိုင်းပေါင်းစုံကို ဖျက်ဆီးပြီး အပေါ်ယံအခွံကြီးထဲမှာ စိတ်တွေပါဖျက်ဆီးနှစ်မြုပ် ထားခဲ့ပါတယ်။ အတ္တစိတ်တွေ သွတ်သွင်းထားတဲ့နိုင်ငံရုပ်ကိုပါ ပြန်ပြုပြင်ရမယ့်အခြေအနေပါ။ စိတ်ဆိုတဲ့ နာမ်ကို ပြန်ပြု ပြင်နိုင်ဖို့ အချိန်ကာလတခု ပေးရပါလိမ့်မယ်။ အချိန်ယူပြင်ဆင်ရမယ့် နာမ်ကိစ္စကို ခဏထား ပြီး၊ နိုင်ငံဆိုတဲ့ ရုပ်ဝတ္ထုကြီးကို အရင်ပြင်ဖို့ စဉ်းစားရပါလိမ့်မယ်
ဒီရုပ်ဝတ္ထုကြီးကိုအရင်ဆုံးပြင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးက စတင်ရမှာပါ။ အမျိုးသားညီညွတ်ရေးအတွက် လိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်က သွားရပါလိမ့်မယ်။ အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် အရေးကြီးလိုအပ်တဲ့ မူဝါဒကိုချမှတ်ပြီး ဆောင်ရွက်ရမှာပါ။ ဒီမူတွေထဲမှာ သင်ပုန်းချေမူဝါဒနဲ့ ရင်ကြားစေ့ရေးမူဝါဒနှစ်ခုက အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
သင်ပုန်းချေရေးမူဝါဒကိုချမှတ်ဖို့ လွယ်ကူကောင်းလွယ်ကူပေမယ့် ရင်ကြားစေ့ရေးမူဝါဒကိုတော့ ခေတ် တခုကို တည်ဆောက်ဖို့ဦးဆောင်ဦးရွက်ပြုသူတွေ သေသေချာချာစဉ်းစားသုံးသပ်ပြီး ချမှတ်ရပါလိမ့်မယ်။ ချမှတ်ထားတဲ့ မူဝါဒကိုအကောင်အထည်ပေါ်အောင်ဆောင်ရွက်ဖို့အတွက် အလုပ်ဆိုတဲ့အပိုင်း ပါလာပါလိမ့်မယ်။
         ကျွန်တော်တို့ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ခေတ်ကိုမုန်းတီးပြီး မခံရပ်နိုင်တဲ့ဖိနှိပ်မှုဒဏ်တွေကို လူသားနဲ့မတူအောင်ခံစားခဲ့ရတဲ့အတွက် အခွင့်ရေးရရင် လက်စားပြန်ချေလိုတဲ့စိတ် ရှိနေပါလိမ့်မယ်။ ဒီလက်စားပြန်ချေလိုတဲ့ စိတ်ကိုဆင်းရဲနွံနစ်နေခဲ့တဲ့အခြေအနေကနေ လွတ်အောင်ဆိုပြီး မြိုသိပ်ထားနေကြ တယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိသာပါလိမ့်မယ်။ ဒီဘ၀ကလွတ်မြောက်အောင် ဦးဆောင်ပြီး အခြေအနေ အရပ်ရပ်ကို လမ်းညွှန်ပြခဲ့တဲ့ လူထုခေါင်းဆောင်ရဲ့မျက်နှာကိုကြည့်ပြီး လက်စားချေလိုစိတ်ကို မြိုသိပ်ထားရ တာဆိုရင်လည်း မမှားပါဘူး။ လူထုခေါင်းဆောင်က သင်ပုန်းချေပေးကြပါဆိုတဲ့အတွက် သင်ပုန်းချေဝါဒကို ပြည်သူတွေ လက်ခံပေးလိုက်ကြပါတယ်။
ရင်ကြားစေ့ရေးမူဝါဒကို အကောင်အထည်ဖော်ဖို့အတွက်တော့ အလုပ်လုပ်ပြရမှာပါ။ ခေတ်တခေတ်ကိုပြောင်းလဲတည်ဆောက်မယ့် လူထုခေါင်းဆောင်နဲ့အတူ လူထုခေါင်းဆောင်ရဲ့ယုံကြည်ခြင်းခံရတဲ့ခေါင်းဆောင်တွေအလုပ်နဲ့ ဆောင်ရွက်ပြရမှာပါ။
ဒီနေရာမှာ အများကြီးစဉ်းစားဖို့လိုပါပြီ။ ဦးဆောင်သူခေါင်းဆောင်ကိုဝန်းရံပေးကြဖို့နဲ့ ပါဝင်ကူညီကြရမှာ ဖြစ်ပါတယ်။ ဦးဆောင်သူဟာလည်း အရာရာပြည့်စုံနေတဲ့သူတယောက် မဖြစ်နိုင်ဘူးဆိုတာ သိနိုင်ပါတယ်။ ထူးချွန်ထက်မြက်ပြီး၊ နိုင်ငံအတွက် ဘ၀တခုလုံးကိုရင်းနှီးပေးဆပ်ထားပေမယ့် ပြုပြင်ရမယ့်အရာတွေ အများကြီးကို တဦးထဲ မစဉ်းစားနိုင်ပါဘူး။ ဦးဆောင်သူရဲ့စဉ်းစားမှုမှာ အမှားပါလာရင် ၀န်းရံကူညီသူ ခေါင်းဆောင်များအနေနဲ့ ထောက်ပြဝေဖန် နိုင်ရပါလိမ့်မယ်။
ကျွန်တော်တို့အနေနဲ့လည်း ဦးဆောင်သူရဲ့စဉ်းစားဆုံးဖြတ်အကောင်အထည်ဖော်မှုတွေမှန်မှ ဒီမိုကရေစီလမ်းပေါ်လျောက်နိုင်တာကို မြင်ရပါလိမ့်မယ်။ စဉ်းစားဆုံးဖြတ်ချက်မှားသွားလို့ရှိရင် ကျွန်တေိာအပါအ၀င် ပြည်သူတွေမြင်ချင်တဲ့ ဒီမိုကရေစီလမ်းပေါ်လျောက်နိုင်ဖို့ ကြန့်ကြာနေတာတွေကိုပဲ မြင်ရမှာပါ။ ကျွန်တော်တို့အမြင်တွေကို ထောက်ပြဝေဖန်ကြဖို့လည်း ပြည်သူတယောက်အနေနဲ့ တာဝန်ရှိပါတယ်။
         ပြည်သူတယောက်အနေနဲ့ စစ်အာဏာရှင်ခေတ်မှာစစ်အာဏာရှင်တွေကြောင့် ဒါ့အပြင် သူတို့ အောက်က စစ်အာဏာရှင်စနစ်ကို ဒေါက်တိုင်အနေနဲ့ စရိုက်ပျက်ဗျူရိုကရက်တွေကြောင့် မိမိရဖို့ဆိုတဲ့ ဘို့တဘို့ထဲသာကြည့်တတ်ကြတဲ့ မိုးခါးရေရွာတုန်းရေခံခဲ့ကြသူတွေကြောင့်ကျွန်တော်တို့တိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်ခဲ့ရတာပါ။ အကျင့်စရိုက်တွေအနေနဲ့လည်း ပျက်စီးခဲ့ကြပြီးသား ပါ။ 
ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဆိုတာလည်း စစ်အာဏာရှင်တွေမှာရော စရိုက်ပျက်ဗျူရိုကရက်တွေမှာပါ မရှိခဲ့ပါဘူး။ ပြည်သူတွေကိုနင်းပြားအဖြစ်နဲ့ ပိုပြီးပြားအောင် နင်းနေခဲ့ကြတဲ့သူတွေပါ။ နင်းရုံမက ကြေမွ အောင် ချေပစ်ခဲ့တာပါ။ ပြည်သူတွေရဲ့နာကျင်နေတဲ့ညည်းညူသံတွေကို လုံးဝလျစ်လျူ ရှုထားခဲ့ကြပါ တယ်။ ဒါတွေကို စစ်အာဏာရှင်ဗိုလ်ချုပ်တွေသာမက ဌာနဆိုင်ရာအမြင့်ဆုံး အကြီးအကဲတွေပါ လုပ် ဆောင်ခဲ့ကြပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့တဲ့လူတွေကို ဖယ်ရှားနိုင်မှ ဒီမိုကရေစီလမ်းကို လျှောက်နိုင်ပါ လိမ့်မယ်။
ဒီစစ်အာဏာရှင်စနစ်ကို မလိုလားရုံတင်မကပဲ ပြည်သူတွေမုန်းတီးနေကြတာကို ၂၀၁၅ ရွေးကောက်ပွဲမှာ တွေ့မြင်နိုင်ကြပါပြီ။၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီလိုလားသူတွေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်စေလိုတဲ့ စစ်အာဏာရှင်ဟောင်းတွေရဲ့ပြိုင်ပွဲပါ။ စစ်အာဏာရှင်လက်ကျန် စစ်အာဏာရှင်ဟောင်းတွေ ဒီပြိုင်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။ ပြည်သူတွေကိုရွေးချယ်ခွင့်ပေးလို့ ရှုံးနိမ့်မှုအပေါ် လက်ခံလိုက် ရတာပါ။
ဒီပြိုင်ပွဲမှာ လက်ရှိတပ်မတော်အနေနဲ့ စစ်အာဏာရှင်ဟောင်းတွေရဲ့ ရှုံးနိမ့်မှုကို လက်ခံပေးကြပါတယ်။ လက်ခံပေးဖို့အတွက်လည်း ပြည်သူတွေအနေနဲ့ အာဏာရှင်စနစ်ကိုမလိုလားတော့ဘူးဆိုတာ သိနေကြပြီ ဖြစ်ပါတယ်။ ခေတ်ဟောင်းမှာ ထိပ်တိုက်ရင်ဆိုင်ပြီး ပြည်သူနဲ့တပ်မတော်ဟာ ရင်ကြားပြန်မစေ့နိုင်အောင် ကွဲခဲ့ကြပါတယ်။ ဒီကွဲနေတဲ့ရင်ကြားကို ဒီနေ့တပ်မတော်အနေနဲ့ ပြန်စေ့ရမယ့်တာဝန် ရှိနေပါတယ်။
         ဒီနေ့အခြေအနေမှာ ပြည်သူနဲ့တပ်မတော်ကြား၊ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြား ကွဲနေတဲ့ရင်ကြားကို ပြန်စေ့ပေးနိုင်ဖို့ လိုပါပြီ။ ဒီကွဲနေတဲ့ရင်ကြားတွေကို ပြန်စေ့ပေးနိုင် မှအမျိုးသားပြန် လည်သင့်မြတ်ရေးကိုရရှိမှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက်ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ပြည်သူ တွေရဲ့ ကိုယ်စားလှယ်တွေ ရှိနေပါပြီ။ ရွေးချယ်ပေးလိုက်သူတွေဟာ ပြည်သူတွေကိုယ်စားပြုအစိုးရတစ်ရပ်ကို ဖွဲ့နိုင်နေပါပြီ။ ပြည်သူတွေ ကိုကိုယ်စားပြုတဲ့အစိုးရအနေနဲ့ပြည်သူတွေနဲ့တပ်မတော်ကြားမှာ ကွဲနေတဲ့ ရင်ကြားကို စေ့ပေးနိုင်ဖို့ တာဝန် ရှိနေပါတယ်။ နောက် ဒီမိုကရေစီစနစ်ကိုတည်ဆောက်ဖို့အတွက်လည်း ပြည်သူ့အစိုးရမှာ တာဝန် ရှိနေပါတယ်။ ဒီတာဝန်ကြောင့် လူထုခေါင်းဆောင်အနေနဲ့တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြားက ကွဲနေတဲ့ ရင်ကြားစေ့ပေးနိုင်အောင် အလေးထားဆောင် ရွက်နေတာ တွေ့နိုင်ပါတယ်။
ကျွန်တော်ပြောခဲ့သလိုပါပဲ၊ သင်ပုန်းချေရေးဟာ ကျေနပ်မှုမရှိရင်တောင်မှ ရင်ထဲမြိုသိပ်ထားလို့ရနိုင်ပါတယ်။ အရင်အစိုးရကလည်း နောက်ကြောင်းမပြန်နိုင်အောင် ဥပဒေနဲ့ ပိတ်ပင်ထားခဲ့ပါတယ်။ အခုဆောင်ရွက်နေ တာက ရင်ကြားစေ့ရေးပါ။ ရင်ကြားစေ့ရေးမှာလည်း သက်ဆိုင်သူတွေရဲ့စိတ်သဘောထားပြည့်ဝမှုဟာ အရေးကြီးပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေ အေးချမ်းစွာနေထိုင်နိုင်ဖို့ဆိုပြီး ပြည်သူများရဲ့မျက်နှာကို ကြည့်မယ်ဆိုရင် ရင်ကြားစေ့နိုင်မှာပါ။ ရင်ကြားစေ့နိုင်ဖို့အတွက် ခေါင်းဆောင်တွေရဲ့ပြောဆိုစည်းရုံးမှုဟာလည်း အရေးကြီးပါတယ်။ ဦးဆောင်သူနဲ့ခေါင်းဆောင်တွေရဲ့သေသေချာချာစဉ်းစားသုံးသပ်နိုင်မှုအပေါ်မှာလည်း များစွာမူတည်နေပါတယ်။
         ရင်ကြားစေ့ရေးမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့အခြေခံဥပဒေအရ အစိုးရနှစ်ဖွဲ့လို ဖြစ်နေပါတယ်။ ဒီလိုအစိုးရနှစ်ဖွဲ့ပူးတွဲဆောင်ရွက်နိုင်ကြမယ်ဆိုရင် အစိုးရနှစ်ဖွဲ့လိုဖြစ်နေတဲ့ပုံစံဟာ နီးကပ်သွားနိုင်ပါတယ်။ ပြည်သူနဲ့တပ်မတော်ရဲ့ရင်ကြားအကွဲဟာ အနီးကပ်ဆုံးဖြစ်နေပါတယ်။ ဒီနေရာမှာလည်း အစိုးရနှစ်ဖွဲ့လို ဖြစ်နေတဲ့ထဲမှာ ဦးဆောင်နေကြတဲ့သူတွေအနေနဲ့ တဦးကိုတဦးက ကူညီမှုတွေ၊ အပြန်အလှန်စေတနာထားမှုတွေ၊ ပြည်သူတွေရဲ့မျက်နှာကြည့်ပြီး အလေးထားဆောင်ရွက်မှုတွေသာရှိနေကြမယ်ဆိုရင် အခြေခံ ဥပဒေက ဘယ်လိုပဲရေးဆွဲထားပါစေ၊ ဒီအခြေခံဥပဒေဘောင်အတွင်းမှာအစိုးရတခုထဲ ဖြစ်သွားနိုင်ပါတယ်။ ဒါဟာလည်း အမျိုးသားညီညွတ်ရေးအတွက် လိုအပ်တဲ့ရှေ့ပြေးတရပ်ဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေး ကိုအောင်မြင်ပြီဆိုရင် အမျိုးသားငြိမ်းချမ်းရေးအတွက် လွယ်ကူစွာ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
         ဒီအခြေအနေမှာတင် ရင်ကြားစေ့ရေးဟာ ရပ်တန့်နေပါတယ်။ ရပ်တန့်နေတဲ့ရင်ကြားစေ့ရေးမှာ ပြည်သူတွေမလိုလားတဲ့ ပြည်သူတွေမုန်းတီးစက်ဆုပ်နေတဲ့ စစ်အာဏာရှင်ခေတ်က လက်ကျန်ပါတီနဲ့ အာဏာရှင်ဟောင်းတွေ၊ စရိုက်ပျက်ဗျူရိုကရက်တွေကိုတော့ စာရင်းထဲထည့်သွင်းမထားသင့်ပါဘူး။ စစ်အာဏာရှင်လက်ကျန်ပါတီကလည်း ဒီမိုကရေစီလမ်းပေါ်ဖြောင့်ဖြောင့်လျှောက်လှမ်းမယ့်လမ်းကို နည်း မျိုးစုံနဲ့ တားဆီးနေကြမှာ သေချာပါတယ်။ ဗျူရိုကရက်အရာရှိကြီးတွေအနေနဲ့လည်း ဒီမိုကရေစီစနစ် မကျင့် သုံးနိုင်အောင် အဓိကလည်ပတ်ပေးရမယ့် ဗျူရိုကရေစီယန္တယားကို တားဆီးတဲ့အပြုအမူတွေလုပ်နေပါလိမ့် မယ်။ ပြည်သူတွေရွေးချယ်တင်ထားတဲ့ ဒီမိုကရေစီအရပ်သားအစိုးရအနေနဲ့ဆောင်ရွက်မှုတွေ အောင်မြင် နေမယ်ဆိုရင် နောက်လာမယ့်ရွေးကောက်ပွဲမှာ ယဲ့ယဲ့လေးသာကျန်တော့တဲ့ အာဏာရှင်လက်ကျန်ပါတီ အတွက် အလုံးစုံ သေဆုံးသွားမှာပါ။ သေဆုံးသွားတော့မယ့်အာဏာရှင်လက်ကျန်ပါတီက လူတွေကို ပြည်သူ့အစိုးရအနေနဲ့ ရင်ကြားစေ့ရေးထဲမှာ ပါဝင်ခွင့်ပြုနေမယ်ဆိုရင် ရှေ့လမ်းကို ဆက်မလျှောက်အောင်ဖြစ်နေပါလိမ့်မယ်။
ဒီအာဏာရှင်လက်ကျန်ပါတီက အာဏာရှင်ဟောင်းတွေ၊ အာဏာရှင်ခေတ်အောက်မှာကြီးပွားခဲ့ကြတဲ့ စရိုက်ပျက် ဗျူရိုကရက်အရာရှိကြီးတွေကို စည်းထဲဝင်ခွင့်ရအောင် ဖွင့်ဟပေးတဲ့ ရင်ကြားစေ့ရေးတွေဟာ အလွန်မှားယွင်းနေပါလိမ့်မယ်။ ပြည်သူ့အစိုးရထဲမှာ သူတို့ပါဝင်နေတာက ရင်ကြားစေ့ရေးအတွက် အထောက်အကူမရသလို ပြည်သူတွေရဲ့အမြင်မှာပါ အကျည်းတန်စေပါတယ်။ နောက်နောင် ပြည်သူ့အစိုးရ အဖွဲ့ရဲ့ ၀န်ကြီး၊ ဒုဝန်ကြီးတွေထဲမှာ အာဏာရှင်ဟောင်းတွေ၊ စရိုက်ပျက်ဗျူရိုကရေစီအရာရှိကြီးတွေမပါဝင် လာအောင် သေသေချာချာစဉ်းစားပြီး ဆောင်ရွက်စေချင်ပါတယ်။ ပြောရမယ်ဆိုရင် ဌာနဆိုင်ရာတွေက မိုးကျရွှေကိုယ် စရိုက်ပျက်ဗျူရိုကရက်ကြီးတွေကို ဖယ်ရှားသင့်နေပါပြီ။
ပြည်သူကတင်တဲ့ဒီမိုကရေစီအရပ်သားအစိုးရထဲမှာ ပူးသတ်မယ့်လူတွေပါဝင်လာပြီဆိုရင် ရင်ကြားစေ့ရေး ဟာ ရပ်တန့်နေပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ခေတ်မှာ အဆင်းရဲဆုံး၊ အနိမ့်ကျဆုံးနေခဲ့ရ တဲ့အတွက် ရှစ်လေးလုံးလူထုတိုက်ပွဲကနေ အာဏာရှင်ခေတ်တလျှောက်လုံး တိုက်ပွဲကိုနည်းအမျိုးမျိုးနဲ့ ပါဝင်တိုက်ခိုက် တော်လှန်ခဲ့ရပါတယ်။ အသက်ပေးခဲ့ရသူတွေရဲ့မျက်နှာကိုပြန်တွေးကြည့်မယ်ဆိုရင် ဆောင်ရွက်နေတဲ့ ရင်ကြားစေ့ရေးမှာ ပြည်သူ့သွေးတွေစွန်းထင်းနေတဲ့လက်တွေနဲ့ လက်ဆွဲနှုတ်မဆက်စေ ချင်ပါဘူး။
ဒီမိုကရေစီလမ်းပေါ်ခြေချနိုင်ဖို့ အရင်ဆုံး ဆောင်ရွက်ရမယ့် ရင်ကြားစေ့ရေးမှာ အလွဲတွေမဖြစ်ပါစေနဲ့လို့ ပြည်သူတွေရဲ့ကိုယ်စားပြောချင်ပါတယ်။

မြတ်လှိုင်း
 ပေါ်ပြူလာ No 17.Vol 9.11, May 2017

Comments