သစ်ခက်သံလွင် ကဗျာ၊ စည်သူဦး ၏ ကဗျာ ၂ ပုဒ်

ကြွေကျနေသောစကားလုံးများ
www.abs-art.com
ဘဝထဲ အသီးအပွင့်ကင်းလာသောနှစ်များ
ကြယ်ကြွေကောက်သူတွေ တိုးဝှေ့ခုန်ပေါက်
အိပ်မက်ထံ အလည်မရောက်ကြသူများလာ
ထင်တိုင်းမဖြစ်တော့ ဖြစ်တိုင်းထစ်အ
ထွန်းခဲ့သမျှသောင်ခုံဟာ မြေသြဇာမရှိ
အပ်ဖျားတစ်ထောက်စာအရေပြားပေါ်ဒဏ်ရာ
သံသရာထိပါမဲ့ အကျိုးအကြောင်းတရား
ကံတရားဟာ ကာလအပိုင်းအခြားနဲ့
ပေါက်နေတဲ့ခြေထောက် ပြဲနေတဲ့လမ်းမ
လွဲမှားနေခဲ့အချိန်တွေဟာ တစ်ကမ္ဘာစာ
နာရီတွေ ပုံမှန်လည်ပတ်နေပေါ့
နရီမမိတဲ့ တေးသွားတွေ အသက်ရှင်
ကမ္ဘာဟာ တိမ်းရင်းစောင်းရင်းလည်နေ
ငါတို့က မြန်နှုန်းမြင့်အပြေးသမားများတွေ
ဘယ်ဘဝထိ ဘယ်သံသရာအထိ
ဒုက္ခနဲ့စပြီး ဒုက္ခမှာဆုံးတယ်
မနက်ဖြန် မျှောမနေတော့ဘူး
ဒီနေ့တွေမှာ ဘဝကိုရင်သပ်ကျောသပ်
ရင်ဘတ်ထဲ ရောက်လာသမျှ
အသီးအပွင့်ကင်းလာပေမဲ့
ကြွေကျလာတာ ဦးနှောက်ထဲက စကားလုံးတွေ။          ။

စည်သူဦး
 .....
ရာသီဥတု
www.joan-miro.net
အဖြစ်အပျက်ဟာ
အစအဆုံး သေချာရှိတယ်
လွမ်းကောင်းတုန်း မိုးထရွာတယ်
ပြီးတော့လည်း သေလောက်အောင်
ပူပြန်တာပါပဲ

လေတိုက်ရုံနဲ့ ပျက်သုဉ်းနိုင်တဲ့ ကမ္ဘာထဲ
လေတိုက်ရုံပဲ မပြီးတဲ့ အရာတွေ
ခရီးဟာ လမ်းအလယ်မှာ
ငုတ်တုပ်ထိုင်နေရပေါ့

သွေးတောင့်နေလောက်အောင်
အေးစက်နေကြသူတွေထဲ
သွေးပွက်ထနေတဲ့ သူတွေထဲ

ရာသီဥတုထဲ
စိတ်ဓာတ်တွေ မြဲမြံခိုင်မတ်
ငါတို့ရပ်တည်ချက်က
ငါတို့အသက်လို
ရာသီဥတုထဲမှာ။ ။   

စည်သူဦး

Comments