Wednesday, November 2, 2016

k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းမိုးစွေ၊ မင်းငြိမ်းအေးနှင့် ယောဟန်တို့၏ကဗျာများ

စကားလုံးရနံ့
ifavART
ပြတ်သားလှတဲ့ ဝါကျတွေနဲ့ ချည်ပြီးပြီ တုပ်ပြီးပြီ
စကားလုံးတွေထင်ရှားအောင် မျဉ်းတားထားသလို
ကရုဏာ နည်းနည်းစွတ်ထားတော့
သူ့အငြိုးကို မမြင်မိဘူး ။
မုန်းပါ...
ဖြည်းဖြည်း မုန်းပါ...
မောနေပါ့မယ်...
မင်း မသိတဲ့ စူဠသုဘဒ္ဒါကမ္ဘာမှာ
အင်ကြင်းပန်းဝေနေလောက်ပြီ ။

လင်းမိုးစွေ
၁၁.၇.၂၀၁၅
ဒုတိယလိင်
Cromoart
ထရိုဂျန်မြင်းရဲ့သားအိမ်မှ
ဓားနဲ့ဖြဲမိတယ်။
တသက်လုံးရန်သူအဖြစ်နဲ့
ပေါင်းဖက်ကြတော့မှာပါလား
ငါ့၊မျက်လုံးနဲ့
အခြားသောမျက်ရည်တွေ ။
အသားချင်းထိရင်
အငွေ့လာမယ်
အရိုးချင်းထိရင်
အငွေ့ပျံမယ် ။
မိန်းမတယောက်ရဲ့တည်ခင်းစရာဟာ
အိပ်ရာထက်မှာ
အမြဲမှမရှိတာ ။
ဟယ်လင်
ဒီမျှပါပဲ ။
ထရိုင်မြို့ကို
ငါတို့ဆန္ဒမရှိတဲ့ရင်သွေးလို့မှတ်
ဖျက်ချလိုက်ရင်
ပြီးပါပြီ ။

မင်းငြိမ်းအေး
ရေချိုးစီးဖိနပ်တွေလို စွတ်စွတ်စိုစို
Pinterest
ရှိခြင်း မရှိခြင်းတွေအားလုံး
အချိန်ရဲ့လက်ဖဝါးထဲစီးဝင်ခဲ့ကြတယ်
မိုးဖွဲဖွဲတခါနှစ်ခါ ရွာရုံလောက်နဲ့တော့
တယောက်နှလုံးသားထဲတယောက်
အပင်ပေါက်ဖို့စိတ်မကူးကြလေနဲ့
ပင်လယ်က ခံတွင်းချဉ်နေပြီးလှိုင်းစီးသူတွေကို
အမြဲလွဲမှားရေတွက်လေ့ရှိတယ်လို့ကိုယ်ထင်တယ်
ဘန်ဂလိုတွေရဲ့နောက်မှာ
သဲတွေကဖျက်ပစ်လိုက်တဲ့ဝါကျတစ်ကြောင်းရဲ့သောင်ပြင်
နေရာအသီးသီးမှာ
လပြည့်ညတွေရေပြင်ပေါ်ခုန်ချနေကြတာပါပဲ
ပုန်းခိုဖို့နေရာမရှိတဲ့အမှောင်ဟာ
ဒီရေရောက်တောတွေဆီမှာခိုလှုံရာကိုရှာတယ်
ကြယ်တွေအားလုံးပင်လယ်ကိုငုံ့ကြည့်ရင်း
ဝေးနိုင်သမျှဝေးအောင်ထွက်ပြေးနေကြတယ်
ကိုယ့်အိပ်ခန်းဟာ သူ့နံရံမှာချိတ်ထားတဲ့
ကြည့်မှန်တချပ်ထဲ တကိုယ်လုံးခုန်ဝင်ပြီး
မီးမမှိတ်ခင်အထိ ကိုယ့်ကိုစောင့်ကြည့်နေတယ်
ကိုယ့်မှားယွင်းခဲ့မှုတွေကိုသူဒီနေ့ဒီအချိန်အထိ
ဖုံးကွယ်ပေးဖို့ကြိုးစားနေခဲ့တာပါ
သူ့ခန္ဓာကိုယ်ကကွာကျလာတဲ့အင်္ဂတေလို
သူ မလုံမလဲ ဖြစ်နေရရှာတာပါ
အချစ်ဆိုတာသွားလိုက်ပြန်လိုက်ကိစ္စပါပဲ
ပိုပျော်စရာကောင်းတဲ့ဘဝကိုအခြားသူဆီကနေ
ဖဲ့ယူလိုက်တာပါပဲ သော့ခလောက်တွေလိုပေါ့
ငြိမ်သက်စွာနဲ့ပဲတာဝန်တခုကိုကိုယ်ထမ်းဆောင်နေလိုက်ပါတယ်
သစ်ပင်နဲ့ သစ်စေ့လို
ဥ နဲ့ အကောင်လို
အရိပ်သစ်တွေဟာအရိပ်ဟောင်းရဲ့အကြောင်းအရာတွေကို
အနာညှစ်သလိုညှစ်ထုတ်ပစ်လိုက်ကြတယ်
ဘယ်လိုမှတော့ မအောက်မေ့ ပါနဲ့
အလှတရားရဲ့လျှို့ဝှက်ချက်ကို
သင်္ချာနည်းနဲ့တိုင်းထွာကြည့်တဲ့အခါ 1.618 ရတယ်ဆိုလို့
ဒီကဗျာကိုဒီနေရာမှာတင်ရပ်လိုက်တယ် ။

ယောဟန်
(၂၀၁၆ )