သစ်ခက်သံလွင် ကဗျာ၊ ရန်နည်(ဘုတလင်)၊ မင်းငြိမ်းအေးနှင့် တေဇလင်း(နည်းပညာတက္ကသိုလ်)တို့

 ဆေးယဉ်နာ ( ၂  )
Artist Khalid Shahin
သံစုံမြည်နေတဲ့ပညတ်ချက်တွေ
အငေါ်တူးတူးလက်မခံနိုင်လို့
ရောင်းသူဝယ်သူ အသံမတူတော့ဘူး။

ဖိစီးမှုမျိုးစုံကြောင့်
ချွတ်ခြုံကျလာလိုက်ပုံများ
ဦးသိန်းဖေမြင့်ရေးသလို
"  အိုးရွဲ့ကိုစလောင်းရွဲ့နဲ့တောင်
မဖုံးနိုင်တဲ့ဘဝ"ရောက်လို့ ။

ကံမကောင်းအကြောင်းမလှတော့
ဒဏ်ရာအနာတရတွေနဲ့
အစိမ်းသေ သေသွားတဲ့စိတ်ကူးတွေက
ညှို့ချက်မိနေသေးတယ် ။

အဲဒီတော့...ဘာကိုညွှန်းရမလဲ
ဘာမှမညွှန်းတာပဲ ကောင်းပါတယ်
အမှန်တရားက တရားအမှန်မှမဟုတ်ပဲ ။

ရန်နည်(ဘုတလင်)
...
မျက်လှည့်
graffuturism.com
ကိုယ့်အသက်ထက်
ကိုယ်စီးခဲ့တဲ့ဖိနပ်တွေပြန်ရှာ
ဒီဘဝပါပဲ
နောက်ထပ်ရေစက်မပါတော့ပါဘူး
ရေတံခွန်ဟောင်းတစ်ခုရယ်
ရယ်စရာဖြစ်တဲ့ထိ
သွေးစိမ်းရှင်ရှင်နဲ့
ဖြတ်သန်းရပါတယ်
လူစုံပြီလား
မဲမနှိုက်တော့ဘူး
ရေအိုးဆွဲထားပြီးပြီ
ဦးထုပ်ပျော့ပျော့နဲ့
နေခြည်ကိုမာမာအုပ်လို့
အသက်နဲ့ပေးရှူရတဲ့လေဆီ
အသက်ပေးပြီးပြန်မှုတ်ထုတ်ခဲ့ပါတယ် ။

မင်းငြိမ်းအေး
 ...
ခရီးသွားသူများ 
mulpix.com
ငါဟာ …
ငါ့ကိုယ်ငါမပျော်ဝင်နိုင်တော့တဲ့မီးခိုးဖြစ်သွားပြီး
ကမ္ဘာဟာ …
သူ့ကိုယ်သူမဖမ်းစားနိုင်တဲ့အနန္တရှုမျှော်ခင်း
နစ်မြုပ်သူတွေ …
မပျော်ဝင်နိုင်သေးတဲ့ပွဲတော်ထဲလူတွေခြိမ့်ခြိမ့်သဲခဲ့
ဘဝဆိုတာ …
ကံကြမ္မာကိုမမြင်ရတဲ့ဆပ်ပြာပူးပေါင်းလေးတွေလို
အရောင်ငတ်မွတ်သူတွေ …
ကိုယ့်အရောင်ကိုယ်တသသခြယ်မွှန်းရင်းဖြေသိမ့်
နှစ်သိမ့်ဆုတွေများခဲ့ …
ဘဝဟာ 

ဆုံမှတ်ထဲပျော်ဝင်လည်ပတ်နေတဲ့
ချားရဟတ်ပါပဲ ။။

တေဇလင်း [နည်းပညာတက္ကသိုလ်]

Comments