Thursday, April 20, 2017

k

သစ်ခက်သံလွင်၊ ထွန်းဝင်းငြိမ်း ၏ ဘာလဲဟဲ့ ပေါ်သစ်

ဘာလဲဟဲ့ ပေါ်သစ်
ထွန်းဝင်းငြိမ်း

 ပြည်သူ့ဘက်တော်သား

ဆရာဦးဝင်းတင်(၁၉၃၀ - ၂၀၁၄) ကွယ်လွန်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီဖြစ်သည်။ ဆရာ့ဘဝသည် သတင်းစာ ဆရာ၊ ပန်းချီအနုပညာဝေဖန်ရေးသမား၊ နိုင်ငံရေး အကျဉ်းသား၊ ပြည်သူ့ဘက်ကရပ်သော နိုင်ငံရေးသမား စသဖြင့် ကျင်လည်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေးကို ကွယ်လွန်သည်အထိ တစိုက်မတ်မတ်ရပ်ခံ ကိုင်စွဲခဲ့သည်။ ဆရာသည် နိုင်ငံရေးသမားတဦးအနေဖြင့် သံမဏိစိတ်ဓါတ်နှင့်လူ ဖြစ်သလို ယဉ်ကျေးမှုအနုပညာရပ်များတွင် အလွန်သိမ်မွေ့စွာ ခံစားသုံးသပ်နိုင်သူတဦးဖြစ်ကြောင်း ပေါ်သစ်လက်ရာများတွင် တွေ့ရပေသည်။

ဟံသာဝတီမှ စနေစာပေ၀ိုင်း

ဆရာဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာ ချုပ်အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုကာအတွင်း အနောက်ဥရောပနှင့် အရှေ့အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့သတင်းစာဆရာတယောက်အဖြစ် လေ့လာရေးခရီး သွားရောက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် “ခြေတွင် စကား လက်ဖြားကဗျာ မျက်နှာဇာတ်လမ်း” ဆိုသည့်အမည်ဖြင့် စာအုပ်ထုတ်ခဲ့သည်။ 
ဆရာသည် သတင်းစာဆရာဘဝကိုသာ မြတ်နိုးပြီး ရာထူးဂုဏ်ရှိန်များကို တတ်မက်ခဲ့သူမဟုတ်ပါ။ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်လုပ်ကိုင်နေစဉ်က ဦးဝင်းတင်ကို မဆလ အစိုးက ပြန်ကြားရေး ဌာနမှာ ဒုတိယဝန်ကြီးပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း၊ ဆရာသည် ထို ကမ်းလှမ်းချက်ကို လက်မခံ ခဲ့ပေ။
၁၉၆၈ ကနေ ၁၉၇၂ အထိ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများတွင် လူထုဦးလှ၊ လူထုဒေါ်အမာတို့နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။ မန္တလးတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူရင်းပင် ရန်ကုန်သို့ဆင်းကာ သတင်းစာသင်တန်းများလည်း ပို့ချပေးခဲ့သည်။ သတင်းစာသမိုင်းပြုစုရန်ကိုလည်း ဦးထင်ကြီး၊ လူထုဦးလှ၊ ရွှေဥဒေါင်းတို့နှင့်အတူ အထူးအားထုတ်ခဲ့သူ ဖြစ်သည်။
၁၉၇၇ – ၇၈ ခုတွင် မြန်မာစာပေလှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေစာပေဝိုင်းကို ဦးဆောင်ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဦးဝင်းတင်ဦးဆောင်ကျင်းပသော စနေစာပေဝိုင်းမှာ မဆလတပါတီ လမ်းစဉ်ကိုဝေဖန်သည့် စာတမ်းတစောင် တင်သွင်းဖတ်ကြားခဲ့သည်။ ထိုဖြစ်ရပ်၏ရလဒ်အဖြစ် အာဏာပိုင် များက ဟံသာဝတီသတင်းစာကိုပိတ်ပစ်လိုက်ကာ ဦးဝင်းတင်ကိုလည်း ရာထူးမှထုတ်ပယ်ခဲ့သည်။

လေးစားချစ်ခင်သူတွေ မျှော်လင့်
၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလက နအဖ ထောက်လှမ်းရေးမှ မှားယွင်းဖမ်းဆီးထားသော အကျဉ်းသားများကို ပြန်လည်လွှတ်ပေးစဉ်က ဆရာဦးဝင်းတင်လည်း ပြန်လည်လွတ်မြောက်လာနိုးဖြင့် သူ့ကိုလေးစား ချစ်ခင် သူများက မျှော်လင့်ခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး စာပေအသိုင်းအဝိုင်းနှင့် လူထုက လေးစား ချစ်ခင်သည့် သတင်းစာဆရာမကြီးလည်းဖြစ်၊ စာရေးဆရာမကြီးလည်းဖြစ်သည့် လူထုဒေါ်အမာ ပြောပြခဲ့သည်မှာ၊
“အမေကလေ ကိုဝင်းတင်လဲ လွတ်လာတယ် ကြားတော့ ဝမ်းသာပြီး မျှော်နေတာပေါ့။ နောက်တော့ မပါဘူးဆိုတော့လဲ အရင်ကတည်းက တွက်ထားပြီးသားပဲလို့အောက်မေ့ပြီး နေလိုက်တာပါပဲ။ နောက်တာ့ ဒုဝန်ကြီးကိုယ်တိုင်က လွှတ်ပေးမယ့်လူတွေရဲ့စာရင်းထဲမှာ ဦးဝင်းတင်ပါတယ်လို့ပြောတော့လဲ ပြန်ပြီး မျှော်နေမိတာပေါ့ကွယ်။ ဟုတ်တယ်မို့လား။ ဒုဝန်ကြီးကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံး ကျတော့လဲ လွတ်မလာဘူး။ အမေ့စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်း ဖြစ်သွားတယ်။ စားလို့လဲ မကောင်း အိပ်လို့ လဲမကောင်းနဲ့ အတော်နေမကောင်း ဖြစ်သွားရတယ်။”

၂၀၁၃ အောက်တိုဘာလ၊ မိုးမခနှင့် နောက်ဆုံးအင်တာဗျူးတွင် လက်ရှိနိုင်ငံရေးလမ်းခရီးသည် အာဏာရှင် စနစ်၏လမ်းခုလတ်မဟုတ်ကြောင်း၊ ဒီမိုကရေစီနှင့်တိုင်းပြည်လွတ်မြောက်ရေးအတွက် လမ်းခွဲအဖြစ် ရွေးချယ်ရမည်ဖြစ်ကြောင်း ၎င်း၏အမြင်ကို ပြတ်ပြတ် သားသား ပြောကြားခဲ့သည်။ ဆရာသည် နိုင်ငံရေး ကိစ္စရပ်များတွင် ထိုသို့ ရှင်းရှင်းလင်းလင်းမြင်ပြီးရပ်တည်ခဲ့သလို အနုပညာတွင်လည်း သိမ်မွေ့စွာ ချည်းကပ် တင်ပြတတ်ပုံကို ပေါ်သစ်ဘဝတွင် တွေ့ရပေသည်။


 အလှရှာတော်ပုံ

ဆရာ ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ် ချက်များကို ‘ပေါ်သစ်’ အမည်ဖြင့် ရေးသားခဲ့သည်။ ပန်းချီသမိုင်းနှင့် ပန်းချီဝေဖန်ရေး ဆောင်းပါးများ စုစည်းထုတ်ဝေသည့် “အလှရှာတော်ပုံ” စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်အမည်ပေးပုံမှာ မြန်မာစာပေ၌ထင်ရှားသော စာဆိုတော်ဦးကြော့၏ စုံနံသာမြိုင်မှ “ရှာပုံတော်” ဟူသော ဝေါဟာရကိုမယူဘဲ “ရှာတော်ပုံ” ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။
အဘယ့်ကြောင့်သုံးနှုန်းထားရကြောင်းကို ဆရာက “ စင်စစ်မျက်မှောက် ကာလတွင် ကျွန်တော်တို့ ဖွေရှာရ မည့် အလှသစ္စာသည် အပူလုံးကြွ ယူကြုံးမရဖြင့် ငိုကြီးချက်မဖြစ်ရမည့် လင်ပျောက်မဟုတ်ပါ။ ပြည်သူတို့ဘက်မှ ရပ်တည်ဆင်နွှဲရမည့်တိုက်ပွဲဖြစ်ပါသည်။ အရေးတော်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် ရှာပုံတော်မဟုတ်ပါ။ အရေးတော်သဘောနွယ်သော ရှာတော်ပုံ ဖြစ်ပါသည်။ ” ဟု ရှင်းပြသည်ကို တွေ့ရ သည်။

ယဉ်ကျေးမှုအင်အားစု

ငြိမ်းချမ်းရေးစာဆို၊ ကဗျာဆရာ၊ နိုင်ငံရေးနှင့် အနုပညာသဘောတရား၊ ဒဿနပညာရှင်ဖြစ်သော ဆရာ ဒဂုန်တာရာက ပေါ်သစ်၏ “အလှ ရှာတော်ပုံ” စာအုပ်အမှာတွင် “အနုပညာနှင့်ပတ်သက်သော သဘော တရားရေးရာ စာအုပ်များ ကျနော်တို့နိုင်ငံ၌ ရှားပါးလှသည်။ အနုပညာနှင့် ပတ်သက်သော ကျောင်းများပင် လျှင် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်သည်မှာ သိပ်မကြာသေးပေ။ လွတ်လပ်သောနိုင်ငံတနိုင်ငံ၏ ကြန်အင်မှာ အမျိုးသားအင်အားများ စွမ်းသန်နိုင်ရေးဖြစ်ပေသည်။ အမျိုးသားအင်အားများလွတ်လပ်စွာ စွမ်းသန်နိုင်သော အခြေအနေရှိခြင်းကို အမျိုးသားလွတ်လပ်ရေး၏ အနှစ်သာရအဖြစ် မှတ်ယူရပေမည်။ အမျိုးသားအင်အားရပ်ထဲ၌ ယဉ်ကျေးမှုအင်အားစုသည်လည်း ပါဝင်ပေသည်။” ဟု ဆိုသည်။
ဆက်လက်ပြီး “အမျိုးသားအင်အားကိုထူထောင်ကြရာ ၌ ပြည်သူ့ ဘက်မှလည်း တယောက်တလက် ပါဝင်ကြရပေမည်။ ယခုပေါ်သစ်၏စာအုပ်သည် ယဉ်ကျေးမှုစွမ်းအားစုကို ထူထောင်ရာ၌ အားထုတ်မှု တခုဖြစ်သည်ဟု ယုံကြည်မိပေသည်။” ဟုရေးသည်။ စာအုပ်အမှာ၏ နိဂုံးတွင် ဆရာတာရာက ပေါ်သစ်၏ အလှရှာတော်ပုံကို အနုပညာနှင့် နိုင်ငံရေးအရ ဤကဲ့သို့ အကဲဖြတ်ပြသည်။ “ယခုပေါ်သစ်၏ အလှ ရှာတော်ပုင်္စာအုပ်သည် ယနေ့ပန်းချီ အနုပညာပြဿနာများကို ကြည့်မြင်ရာ၌ အထောက်အကူပြုသော ပညာရေးစာအုပ်ဖြစ်ပေသည်။ အနုပညာသဘောတရားရေးရာနှင့် ကမ္ဘာ့ပန်းချီရာဇဝင်ကို နောက်ခံထားကာ မြန်မာပန်းချီရာဇ၀င်ချုပ်နှင့် ယနေ့ပန်းချီပညာ ပြဿနာများကို ပြည့်စုံစွာဖေါ်ပြထားပေရာ ပန်းချီအနုပညာ အကဲဖြတ်သူများ၏ လက်စွဲဖြစ်သင့်ပေသည်။ ယဉ်ကျေးမှုအင်အား ဖြည့်တင်းရေး၌ ပြည်သူ့ဘက်မှ အား တအား ဖြစ်ပေသတည်း။” ဟု တင်ပြခဲ့သည်ကိုတွေ့ရပေသည်။


ခင်မောင်ရင်နှင့် ပေါ်သစ်

၂၈၊ ၁၁၊ ၂၀၁၁ နေ့က ရေကျော်လမ်းနှင့် သံလမ်းထောင့်ရှိ ဝင်အမ်ဘီအေဖက်အခြမ်း ပထမထပ်တွင် Culture Bridge Gallery ဖွင့်ပွဲသို့ ဆရာရောက်လာခဲ့သည်။ ဆရာဦးခင်မောင်ရင်၏ တကိုယ်တော် ပန်းချီပြပွဲပြသထားသည်။ ထိုနေ့က ပြခန်းတွင် စန္ဒယားဦးသိမ်းမောင်၊ မောင် ညိုဝင်း၊ အောင်မင်း၊ စိုးဝင်းငြိမ်း၊ ဘဌေးကြည် စသောပန်းချီဆရာများ ဆရာ့ကိုစောင့်နေကြသည်။ ဆရာရောက်လာပြီး ထိုသူတို့ နှင့်အတူ စကားဝိုင်းဖွဲ့သည်။ ထို့နောက် ပြခန်းပိုင်ရှင် ရန်နောင်ဦးက ပြပွဲကို လှည့်ပတ်ပြသသည်။ ဆရာက ဦးခင်မောင်ရင်၏ ပန်းချီကားများကို တချပ်ချင်းအသေးစိတ်ကြည့်ရှုသည်။ မှတ်စုစာအုပ်တွင် ရေးမှတ်သည်။ ပန်းချီပြခန်း၏ ပြပွဲမှတ်တမ်းစာအုပ်တွင် ဦးခင်မောင်ရင်၏ပန်းချီ ကားများထဲမှ Nude ပန်းချီကားများအပေါ် မှတ်ချက်ပြုသွားသော ပေါ်သစ်၏ပန်းချီဝေဖန်ရေးသုံးသပ်ချက်များကို အောက်ပါအတိုင်း စိတ်ဝင်စားဖွယ် တွေ့ရပေသည်။
“ခင်မောင်ရင်တို့၊ ပေါ်ဦးသက်တို့ ဝင်းဖေတို့ကို ကျွန်တော်သိခဲ့တာ နှစ်ပေါင်းကြာလှပြီ။ ခန့်မှန်းဖို့တောင် မတတ်နိုင်အောင်ပဲ။ ခင်မောင်ရင် လက်ရာများစွာကို မြင်တွေ့ခံစားခဲ့ရတာလည်း မနည်းမနောပါပဲ။ ဒီပြပွဲမှာ ကြိုက်တဲ့လက်ရာတွေကတော့ လူပုံတူတွေပါပဲ။ ခင်မောင်ရင်ရဲ့ခင်မောင်ရင်ပုံတူတွေအပါအဝင်ပေါ့။ ပုံတူအများစု (အားလုံးလိုလို)က ကိုယ်သိတဲ့လူတွေဆိုတော့ ပုံတူရှင်တွေရဲ့ပုံတူပုံရိပ်တွေဟာ အနုပညာ ရှင်ရဲ့ အနုပညာအဖုံးအကွယ် အပိတ်အဆို့အောက်မှာ အယိုင်အရွဲ့၊ အကွေ့အလိန်တွေအောက်မှာ ပျောက်ကွယ်မသွားတဲ့အပြင် ပိုလို့တောင် ပီပြင်ကြည်လင်ပြီး လှပလာပါတော့တယ်။ ရှေးမြန်မာမိန်းမသားတွေရဲ့အနွဲ့ဟန်ကို ပန်းချီဆရာရဲ့အရွဲ့ဉာဏ်နဲ့ ပေါင်းစပ်ရေးဖွဲ့ချက်တွေကို မြင်ရတော့ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က ဒီလိုပုံတွေ ခင်မောင်ရင် ရေးဆွဲခဲ့တာ အမှတ်ရတယ်။”

“ကျနော်သြဘာပေးလိုက်ချင်တာကတော့ Nude ပုံတွေပါပဲ။ မြန်မာပန်းချီဆရာတွေ Nude ပုံရေးကြပါတယ်။ ဒါပေမယ့် နည်းတယ်။ ဦးငွေကိုင် ရေးတဲ့ Nude ပုံတပုံကိုမှတ်မိတယ်။ နှစ်ခြောက်ဆယ်လောက်ကပါ။ ပန်းချီဆရာနန်းဝေရေးဆွဲခဲ့တဲ Nude ပုံတပုံ ကျွန်တော့်မှာ ရှိခဲ့ဖူးတယ်။ ၁၉၈၉ တုန်းက ကျွန်တော့်အိမ် “ဝေသာလီပြည် ဘီလူးဝင်မွှေ” သလိုဖြစ်ခဲ့ရလို့ ပုံလည်း ဘယ်ရောက်လို့ ဘယ်ပေါက်တယ် မသိတော့ပါ။ Nude ပုံတွေနဲ့ ပတ်သက်လို့ ပြောချင်တာက မြန်မာတွေက Nude ပုံကို မျက်စိရိုင်းတယ်။ ပန်းချီဆရာက ပန်းချီဆွဲပြန်တော့လည်း ပန်းချီဆရာရဲ့ မျက်စိက “ရိုင်း”နေပြန်ရော။ မြန်မာ Nude တိုင်းလိုလိုက မိန်းမများ ရဲ့ “သားစိမ်းငါးစိမ်း” ဖြစ်နေပြန်တယ်။ မြန်မာတွေ မြန်မာ Nude ပုံတွေကို မျက်စိမရိုင်းပဲ ဘယ်နေပါ့မလဲ။ ခင်မောင်ရင်ရဲ့ ဒီပွဲက Nude တွေက တယ်နိပ်သဗျာ။ ဘယ်အင်္ဂါအစိတ်အပိုင်းမှ ဟင်းလင်းမပြဘူး။ ဘယ်အသားမှ “အစိမ်းတိုက်” မဟုတ်ဘူး။ ဘယ်မျက်နှာမှ “ခါးတကယ် မတို့ခင်က ယားတယ် အကို့” မဟုတ်ဘူး။ ခင်မောင်ရင် စိတ်အမြင်ကောင်း ပါပေတယ်။ ခင်မောင်ရင် လက်ရာကောင်းပါပေတယ်။ ပေါ်သစ်ဆိုပြီး လက်မှတ်ထိုးထား သည်ကို တွေ့ရပေသည်။

ထွန်းဝင်းငြိမ်း
၂၀၊ ၄၊ ၂၀၁၇