Sunday, April 2, 2017

k

သစ်ခက်သံလွင်၊ စာပေဆောင်းပါး- နရီမင်း "ယဲ့ဗ်တူရှင်ကိုက တော်လှန်ရေး ကဗျာဆရာလား ၀ါဒဖြန့်ချိရေးသမားလား "

ယဲ့ဗ်တူရှင်ကိုက တော်လှန်ရေး ကဗျာဆရာလား ၀ါဒဖြန့်ချိရေးသမားလား

နရီမင်း 
 
ယဲ့ဗ်ဂျန်နီ ယဲ့ဗ်တူရှင်ကို
ဆိုဗီယက် ရုရှားကဗျာဆရာ ယဲ့ဗ်ဂျန်နီ ယဲ့ဗ်တူရှင်ကိုဟာ ဧပြီ ၁ ရက် အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန် သွားပါပြီ။ 
စတာလင်ဝါဒခေတ်လွန် ပျော့ပျောင်းလာတဲ့ကာလမှာ သူဟာ ရှေးရိုးစွဲဝါဒမဟုတ်တဲ့အတွက် ပြည်တွင်းမှာပါ မက ပြည်ပမှာပါ လေးစားဂုဏ်ပြုခံရတဲ့ကဗျာဆရာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆိုဗီယက်အစိုးရရဲ့ ၀ါဒ ဖြန့်ချိရေး ထောက်တိုင်ဖြစ်လာတာမို့ လူတော်တော်များများကို တုန်လှုပ်စေခဲ့ပါတယ်။
ယဲ့ဗ်တူရှင်ကိုရဲ့ ကဗျာတွေကို ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက မောင်သာနိုးဘာသာပြန်ပြီး ရှင်းလင်းတဲ့ “ထင်းရူးပင်ရိပ်” စာအုပ်မှာထည့်သွင်းခဲ့တာမို့ မြန်မာနိုင်ငံမှာ တောင်လူကြိုက်များတဲ့ ကဗျာဆရာတဦး ဖြစ်ခဲ့ ပါတယ်။ ထူးအိမ်သင်ရဲ့နာမည်ကြီးတဲ့ “အမေ့ရဲ့ဒုက္ခအိုးလေး” သီချင်းစာသားတွေ မှာတောင် ယဲ့ဗ်တူရှင်ကို ရဲ့ ကဗျာစာသားထဲက အရိပ်တွေ လွှမ်းနေတာ တွေ့ရပါတယ်။
မြသန်းတင့်က မောင်သစ်တည်ဆိုတဲ့ ကလောင်နာမည်နဲ့ ယဲ့ဗ်တူရှင်ကိုရဲ့ နာမည်ကြီးလှတဲ့ ဇာတ်ကြောင်း ပြောကဗျာရှည်ဇီမာလမ်းဆုံ” (၁၉၅၆) ကို တပုဒ်လုံး ဘာသာပြန်ပေးခဲ့တာမို့ ယဲ့ဗ်တူရှင်ကိုဟာ မြန်မာစာ ဖတ်ပရိသတ်တွေနဲ့ ပိုပြီးရင်းနှီးလာခဲ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံမတိုင်မီက ယဲ့ဗ်တူရှင်ကိုဟာ မြန်မာ နိုင်ငံကို လူကိုယ်တိုင်လာရောက်ဖူးသူလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက ရုရှားသံရုံးမှာလုပ်တဲ့ပွဲကို မောင် သာနိုးတို့၊ မောင်သော်ကတို့လို စာရေးဆရာကြီးတွေတက်ရောက်ခဲ့ပြီး မောင်သော်က, ကယဲ့ဗ်တူရှင်ကိုရဲ့ရုရှားများစစ်ကို လိုလားပါသလား” ဆိုတဲ့ကဗျာကိုဘာသာပြန်ရွတ်ဆိုပြခဲ့တာမို့ ယဲ့ဗ်တူရှင်ကိုက သူ့ကို ဖက် နမ်းသွားတယ်လို့ ဆိုပါတယ်။
ယဲ့ဗ်တူရှင်ကိုရဲ့ နာမည်ကြီးလှတဲ့ ဇာတ်ကြောင်းပြော ကဗျာရှည်တွေဖြစ်တဲ့ Zima Junction (1956) နဲ့ Babi Yar (1961) တို့ နှစ်ပုဒ်စလုံးဟာ သူအသက် ၃၀ မပြည့်မီကထုတ်ဝေခဲ့တဲ့ကဗျာတွေဖြစ်ပြီး စတာလင် ကိုဆက်ခံတဲ့ နီကီတာခရူးရှက်ဗ်က ကာလတိုလေးအဖြစ် ယာယီခွင့်ပြုခဲ့တဲ့ အနုပညာဆိုင်ရာပွင့်လင်းမှု ကာလအတွင်း နည်းနည်းပေါ်ပေါ်ထင်ထင် ဖြစ်လာတဲ့ ဆိုဗီယက်လစ်ဘရယ်ဝါဒီတွေကြားမှာ သူ့ကိုသူရဲ ကောင်း ဖြစ်လာစေခဲ့ပါတယ်။
ယဲ့ဗ်တူရှင်ကိုဟာ အနုပညာဆိုင်ရာလွတ်လပ်ခွင့်ပိုပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ စတာလင်ဝါဒနဲ့ဆိုဗီယက် ဗျူရိုကရေစီစနစ်ကိုထိုးနှက်တိုက်ခိုက်ခဲ့ပြီး သူရဲ့“စတာလင်ကိုဆက်ခံကြသူများ” (၁၉၆၂)ကဗျာမှာ အထွတ် အထိပ်ကို ရောက်လာပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက မသိမသာနားလည်မှုနဲ့ခွင့်ပြုခဲ့ပြီး သူဟာ ပြည်ပ မှာ နေရာအနှံ့ ခရီးသွားလာဖို့တောင် ခွင့်ပြုခံရပါတယ်။ ယဲ့ဗ်တူရှင်ကိုဟာ ကမ္ဘာအနှံ့လျှောက်သွားပြီး သူ့ကို အလွန်ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေရှေ့မှောက်မှာ ကဗျာရွတ်ခွင့် ရခဲ့ပါတယ်။
သူ့ရဲ့ ကလေးဆန်တဲ့ မျက်နှာအသွင် အပြင်ရယ်၊ အတိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဆန့်ကျင်တော်လှန်မယ် ဆိုတဲ့ မက်ဆေ့ခ်ျတွေရယ်နဲ့အတူ ယဲ့ဗ်တူရှင်ကိုဟာ ဆယ်စုနှစ်ချီကြာအောင် ကြီးမားတဲ့ပုံရိပ်တခု ဖြစ်ခဲ့ပါ တယ်။
သူ့ရဲ့လက်ရာတွေကို ဘာသာစကားပေါင်း များစွာနဲ့ ဘာသာပြန်ဆိုကြပြီး ကမ္ဘာတစ်လွှားမှာ သူ့စာအုပ်တွေ သန်းပေါင်းများစွာ ရောင်းချခဲ့ရပါတယ်။
သူ့ရဲ့အယူအဆကိုဖော်ပြတဲ့ သူ့စာကြောင်းတွေထဲကတကြောင်းကတော့ “ရုရှားက ကဗျာဆရာတယောက် ဟာ ကဗျာဆရာတယောက် အဖြစ်ထက်ပိုပါတယ်” ဆိုတာပါပဲ။ ကဗျာဆရာဟာ ခေတ်တခေတ်ကို ကိုယ် စားပြုလို့ နိုင်ငံတော်ရဲ့စိတ်ကူးကိုဖော်ပြပြီး မျှော်လင့်ချက်တွေကို သယ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ၁၉၆၃ ခုနှစ်အတွင်း ခရူးရှက်ဗ် ဖယ်ရှားခံလိုက်ရပြီးတဲ့နောက်မှာတော့ ယဲ့ဗ်တူရှင်ကိုရဲ့ အတိုက် အခံစိတ်ဓာတ်မီးတောက်က မှေးမှိန်သွားပါတယ်။ ၁၉၇၀ ပြည့်လွန် နှစ်တွေအရောက်မှာတော့ ယဲ့ဗ်တူရှင် ကိုဟာ ဆိုဗီယက်ရှေးရိုးဝါဒထံ ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်တယ်လို့ အမြဲတမ်းလိုလို စွပ်စွဲဝေဖန်ခံနေ ရပါတော့တယ်။
ယဲ့ဗ်တူရှင်ကိုကို ၁၉၃၃ ခုနှစ်မှာ အီရာကုစ်မြို့အနီးက ဇီမာမြို့ကလေးမှာ မွေးခဲ့ပါတယ်။ ယူကရိန်းက ထွက်ခွာလာတဲ့ အဆက်အနွှယ်တွေရဲ့ စတုတ္ထမြောက်မျိုးဆက်ပါ။
သူဟာ ၁၉၄၄ ခုနှစ်မှာ မော်စကို,ကို ပြောင်းလာခဲ့ပြီး ၁၉၄၉ - ၅၀ ခုနှစ်အတွင်း သူ့အဖေနဲ့အတူ ကာဇက် စတန်နဲ့ အယ်တိုင်းဒေသတွေကို ပထ၀ီရေမြေလေ့လာရေးအဖြစ် လျှောက်သွားနေခဲ့ပါတယ်။
သူဟာ ၁၉၅၁ ခုနှစ်ကနေ၁၉၅၄ ခုနှစ်အထိ မော်စကိုမြို့က ဂေါ်ကီတက္ကသိုလ်မှာ စာပေဘာသာကို သင်ယူ ခဲ့ပါတယ်။ အဲဒီမှာသူဟာ ကဗျာတွေစပြီးရေးသားလာရာမှာ တော်လှန်ကဗျာဆရာ ဗလာဒီမာမာယာ ကော့ဗ် စကီးရဲ့သြဇာတွေ သိသိသာသာ ပါဝင်နေခဲ့ပါတယ်။
သူရဲ့ Babi Yar ကဗျာရှည်မှာ ၁၉၄၁ ခုနှစ် စက်တင်ဘာလအတွင်းက ကိဗ်မြို့အပြင်ဘက် လျှိုမြောင်တခု အတွင်းမှာ ယူကရိန်းကဂျူးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့အကြောင်း စိတ်ခံစားမှုပြင်းပြင်းနဲ့ ရေး ထားပါတယ်။ သူဟာ ဂျာမန်တွေကိုသာမက ဆိုဗီယက်ရဲ့ဂျူးဆန့်ကျင်ရေး သဘောထားကိုပါ ပြစ်တင်ရှုတ်ချ ခဲ့ပါတယ်။ အဲဒီကဗျာကြောင့် ယဲ့ဗ်တူရှင်ကို, ကို ကမ္ဘာတလွှားက ပရိသတ်တွေ သိလာကြတာပါ။

ယဲ့ဗ်တူရှင်ကိုဟာ ဆိုဗီယက်ယူနီယံတလွှား လျှောက်သွားပြီး ကဗျာတွေရွတ်တယ်။ များသောအားဖြင့် သူ ကဗျာရွတ်တာဟာ ဘောလုံးကွင်းတွေထဲမှာ ဖြစ်တတ်ပြီး လူတွေပြည့်နှက်နေတတ်ပါတယ်။ သူ့ကဗျာ စကားလုံးတွေကို ၁၃ ခုမြောက် ဆင်ဖိုနီဆိုတဲ့ တးဂီတရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဒီမီထရီရှိုစတာကိုဗစ်ခ်ျက ဂီတနဲ့တွဲဖက်ခဲ့ပါသေးတယ်။
စတာလင်လက်သစ်ဝါဒီ အစိုးရဖြစ်တဲ့ လီယိုနစ်ဘရက်ဇညက်လက်အောက်မှာ ယဲ့ဗ်တူရှင်ကိုဟာ ပွင့်ပွင့် လင်းလင်းပြောဆိုမှုတွေ ဆက်လုပ်ပါသေးတယ်။ အထင်အရှားဆုံးက ရန်သူပတ်လည်ဝိုင်းနေတဲ့ အတိုက် အခံစာရေးဆရာ အလက်ဇန်းဒါးဆိုချင်နစ်ဇင်ကို အကာအကွယ်ပေးခဲ့တာပါပဲ။ ဒါပေမဲ့ သူရဲ့ပွင့်ပွင့်လင်း လင်း ပြောဆိုမှုက တဖြည်းဖြည်း အကြိမ်နည်းပါးကျဲပါးလို့ သွားပါတော့တယ်။

သူ့ကိုလေးစားခဲ့တဲ့သူတွေ တုန်လှုပ်မိလာတာကတော့ ယဲ့ဗ်တူရှင်ကိုဟာ တဖြည်းဖြည်းနဲ့ ဆိုဗီယက် ရှေးရိုး စွဲဝါဒနဲ့အညီ ဖြစ်လာတာပါပဲ။ သူဟာ ရေအားလျှပ်စစ်ထုတ်တဲ့ဆည်တွေနဲ့ ကုန်တင်ကားစက်ရုံတွေကို ချီး မွမ်းခန်းဖွင့်တဲ့ သီချင်းတွေဆိုတယ်။ အဲဒီကဗျာတွေမှာ သူ့ရဲ့အဆင့်က ကာရန်နဲ့သီထားတဲ့ အစီရင်ခံစာ အဆင့်အထိ လျှောကျလို့ သွားပါတော့တယ်။
ဒါ့အပြင် ဆိုဗီယက်ဝါဒဖြန့်ချိရေးကို ဆန့်ကျင်ခဲ့တဲ့အတွက် ၁၉၆၀ ပြည့်လွန် နှစ်တွေအတွင်း ထောင်ထဲ ထည့်ခံထားရတဲ့ အတိုက်အခံစာရေးဆရာတွေဖြစ်တဲ့ ယူလီဒင်နီယယ်နဲ့ အင်ဒရေစင် ယက်စကီးတို့ကို လည်း ယဲ့ဗ်တူရှင်ကိုက ဝေဖန်ခဲ့ပါသေးတယ်။
ယဲ့ဗ်တူရှင်ကိုဟာ မော်စကိုယဉ်ကျေးမှု အီလစ်အသိုင်းအ၀ိုင်းမှာ အခွင့်ထူးခံတဦးအဖြစ် ဆက်ရပ်တည်နေ တုန်းမှာပဲ သူ့ရင်ထဲကသူပုန်စိတ်က တခါတလေမှာတော့ လျစ်ခနဲထွက်လာတာမျိုးတွေတော့ ရှိတတ်ပါ တယ်။ အတိုက်အခံလုပ်တဲ့ သဘောတွေထွက်လာတတ်ပါတယ်။ သူ့ရဲ့ဖန်တီးနိုင်တဲ့ အရည်အသွေးက လည်း အမျိုးအစား ခွဲထွက်စပြုလာပါတယ်။
သူဟာ ဓာတ်ပုံရိုက်ကူးခြင်းနဲ့ သရုပ်ဆောင်ခြင်းတွေကို လုပ်လာပါတယ်။ ဒုံးပျံ ရှေ့ပြေးပုဂ္ဂိုလ်ဖြစ်တဲ့ ကွန် စတန်တင်စီယို ကော့ဗ်စကီးအကြောင်း ရိုက်ကူးတဲ့ Ascent (၁၉၇၈) ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ် ဆောင် ခဲ့ပါတယ်။

သူ့ရဲ့ကိုယ်ပိုင်အတိတ်ကာလအကြောင်း အများကြီးယူထားတဲ့ Wild Berries ဆိုတဲ့ ၀တ္ထုရှည်တပုဒ်နဲ့ ပြဇာတ်တပုဒ်ကိုရေးခဲ့ပြီး ရုပ်ရှင်နှစ်ကား ရိုက်ကူးခဲ့ပါတယ်။ အဲဒီထဲမှာ Kindergarten ဆိုတဲ့ ကားက ထင် ရှားပါတယ်။
၁၉၈၃ ခုနှစ် ပြင်သစ်မီဒီယာတခုနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာ ယဲ့ဗ်တူရှင်ကိုက ဘရက်ဇညက်အစိုးရ လက် အောက်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ပြောခဲ့တဲ့အထိ ဆိုးရွားလွန်းခဲ့ပါတယ်။
မစ်ခေးဂေါ်ဘာချက်ရဲ့ ပယ်ရီစထရိုင်ကာဆိုတဲ့သဘောထားပွင့်လန်းလာမှုက ယဲ့ဗ်တူရှင်ကို,ကို သူပစ်မှတ် ထားခဲ့ဖူးတဲ့အရာအတွေအပေါ် ပြန်လည်ဝေဖန်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အထူးသဖြင့် အတိတ်ကာလ စတာလင် ခေတ်လွန်က ပစ်မှတ်တွေပဲပေါ့။
ဒါပေမဲ့ ယဲ့ဗ်တူရှင်ကိုဟာ အာဏာပိုင်တွေခွင့်ပြုတဲ့ နယ်နိမိတ်အတွင်းမှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီကို တိုက်ရိုက်ဝေဖန်တာမျိုးကို သိသိသာသာ ရှောင်ရှားခဲ့ပါတယ်။

သူကိုယ်တိုင်က ကဗျာတပုဒ်ထဲမှာလူတွေက ကျွန်တော့်ကိုပြောတယ်၊ ခင်ဗျားက သတ္တိရှိသူလို့။ မမှန်ပါ ဘူး။ ကျွန်တော်ဟာ ဘယ်တုန်းကမှ သတ္တိမရှိခဲ့ပါဘူး။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ သတ္တိကြောင်မှု ဆီကို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်တဲ့ ဂုဏ်သိက္ခာမရှိတဲ့အရာပဲလို့ ဒါကိုကျွန်တော် တွေးမိရုံပါ” လို့ သူ့ ကိုယ်သူ ရေးထားပါတယ်။
ကွန်မြူနစ်ဝါဒပြိုလဲသွားပြီးတဲ့နောက် ယဲ့ဗ်တူရှင်ကိုဟာ KGB ဌာနချုပ်နဲ့ မျက်နှာချင်းဆိုင်မှာ စတာလင်ဝါဒ ရဲ့သားကောင် ဖြစ်ခဲ့ရသူတွေအတွက် အထိမ်းအမှတ်အဆောက်အအုံတရပ်ကိုထူထောင်ဖို့ စည်းရုံးလှုပ်ရှား ရာမှာ ပါဝင်ကူညီခဲ့ပါတယ်။
ကွန်မြူနစ် ခေတ်လွန်ကမ္ဘာကြီးမှာ ယဲ့ဗ်တူရှင်ကိုဟာလည်း တခြားဆိုဗီယက်ခေတ်က စာရေးဆရာများစွာ လိုပဲ အတားအဆီးမဲ့ဈေးကွက်အင်အားစုလောကထဲ ခေတ်နဲ့အံမ၀င်တော့ပါဘူး။ ဒါပေမဲ့ သူကတော့ ကဗျာ ဆက်ရေးတာနဲ့ကဗျာတွေ စုစည်းထုတ်ဝေတာတွေ လုပ်တုန်းပါပဲ။ သူကိုယ်တိုင်ရဲ့လက်ရာပေါင်းချုပ်ကို တည်းဖြတ်ထုတ်ဝေတဲ့စာအုပ် နဲ့ ၂၀ ရာစု ရုရှားကဗျာဆရာများဆိုတဲ့ စာအုပ်တွေက ထင်ရှားပါတယ်။
သူဟာ ၁၉၉၁ ခုနှစ် ဂေါ်ဘာချက်လက်ထက်မအောင်မြင်တဲ့ အာဏာသိမ်းမှုအကြောင်း Don’t Die Before You’re Dead ဆိုတဲ့ ၀တ္ထုရှည်တပုဒ်ကိုလည်း ရေးခဲ့ပါသေးတယ်။

ယဲ့ဗ်တူရှင်ကိုဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ကိုရွှေ့ပြောင်းသွားပြီး အိုကလာဟိုးမားပြည်နယ် က တယ်ဆာတက္ကသိုလ်မှာ ရုပ်ရှင်နဲ့ကဗျာအကြောင်း သင်ကြားပို့ချပေးမှု ပြုလုပ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ အဲဒီတုန်းကသမ္မတဖြစ်တဲ့ ဒီမီထရီမက်ဗီဒက်က ယဲ့ဗ်တူရှင်ကိုကို ကရင်မလင်မှာ ယဉ် ကျေးမှုဖွံ့ဖြိုးရေးဆိုင်ရာ  နိုင်ငံတော်ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ ယဲ့ဗ်တူရှင်ကိုဟာ ရုရှားကို ပြန်ပြန်သွားလေ့ ရှိပြီး စာပေအခမ်းအနားတွေမှာ ရွတ်ဆိုမှုတွေလုပ်ပါတယ်။ နောက်ဆုံးအနေနဲ့ ၂၀၁၆ ခုနှစ် ရင်ပြင်နီမှာ လုပ်တဲ့ စာပေပွဲမှာ ပါဝင်ခဲ့ပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ယဲ့ဗ်တူရှင်ကိုဟာ ကျန်းမာရေးဆိုးရွားလာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ခြေထောက် တဖက် ဖြတ်ခဲ့ရပါတယ်။

ယဲ့ဗ်တူရှင်ကိုဟာ လေးကြိမ်တိုင်တိုင်လက်ထပ်ခဲ့ပြီး သားငါးယောက်ရှိပါတယ်။ သူ့ပထမဆုံးဇနီး ဘယ်လာ အက်ခမာဒူလီနာဟာလည်း ထင်ရှားတဲ့ ကဗျာဆရာမဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။


နရီမင်း