သစ်ခက်သံလွင်ကဗျာ၊ မောင်နောင်မွန် နှင့် ရာမည မင်းငြိမ်းချမ်းတို့၏ ကဗျာများ

အိမ်ပြန်ချိန်
POS
ရွှေအိုရောင်ကနေ ပုစွန်ဆီရောင်သမ်းလာတဲ့ တိမ်စိုင်ပါးပါးတွေက ငြိမ်သက်နေတယ်။
လက်တန်းတွေခနော်ခနဲ့နဲ့တံတားပေါ်ကနေ ဆည်းဆားရဲ့အလှက ဣနြေ္ဒရလွန်းနေခဲ့။
နွေဦးရဲ့နေ၀င်ချိန်ကတိမ်အလွှာပါးပါးဇာပ၀ါကိုခြုံလို့။

ဂျင်းဘောင်းဘီအိတ်ထဲကဇစ်ပိုမီးခြစ်ကိုထုတ်ကာ မာဘိုလိုစီးကရက်ကိုတရှိုက်မတ်မတ် ရှုသွင်းလိုက်တယ်။
ဆေးလိပ်မီးခိုးတွေကလေထုထဲပျောက်ကွယ်တဲ့ပုံက ဖြည်းဖြည်းညင်းညင်းညင်သာလိုက်ပါဘိ။
တိုးတိုးတိတ်တိတ်နဲ့ညနေခင်းအလှထွက်ခွာချိန်မှာ ချောင်းရေစီးကတသဲ့သဲ့ကြားနေခဲ့။
အလင်းတဝက်နဲ့အမှောင်တစက်တပြောက်ကြား
ဆည်းဆားအလှက အပျိုဖော်ဝင်နေတုန်း။

ယောနသံစင်ယော်တွေအုပ်စုဖွဲ့အိမ်ပြန်နေတဲ့မြင်ကွင်း
မျက်ဝန်းထဲမှာမရှိတော့ပေမဲ့
အိမ်ပြန်လမ်းမှာတော့ ခြေရာတွေအထပ်ထပ်ထင်ကျန်နေတုန်း။   

မောင်နောင်မွန်
....

လှည်းကျိုးထမ်းသူများ
 
  ကူးစက်ရောဂါ
ပြန့်ပွားနှုန်းမြန်တဲ့အရပ်မှာ
သူ့ဇာတ်နဲ့ကိုက်ညီမယ့်ဆေး
တေ့လွဲနေသလို
ပရဟိတတရားဟောပြီ
အတ္တပျိုးခင်းအောက်
ဟဖြဲထားတဲ့ပါးစပ်ကြီးတွေ ...။

ရေဆေးငါးတကောင်ကို
ရမ္မက်မျက်လုံးနဲ့ကြည့်
သွားရည်တမြားမြားကျနေပုံများ
နှစ်ဦးနှစ်ဖက်
စိတ်ချင်းဆက်ဆုံမှတ်
နယ်စပ်မျဉ်းတားထားသလို
ဟန်ဆောင်မျက်နှာဖုံး
တဖြည်းဖြည်းကွာကျ
ဝါဒစိုးရိမ်ရေမှတ်ပြနေ။

ယုံကြည်ချက်တွေ
ဖောက်ပြန်တဲ့ရာသီဥတုနောက်
ဟောင်းလောင်းပေါက်များစွာ
အဆာပလာတွေ
တဖြည်းဖြည်းဗိုက်ဖွင့်ခံနေရ။

စားကျက်တွေ
ရှားပါးလာတဲ့ဝန်းကျင်
မေတ္တာတရားရှားပါးတာ
ထိချက်အပြင်းဆုံး။

ပခုံးခြင်းထိခတ်တိုင်း
မနိုင်ဝန်တွေ
ပေတရာလမ်းတွေပေါ်
ဟိုတစဒီတစပြန့်ကျဲ
လှည်းကျိုးထမ်းသူဟု
ကိုယ့်ကိုခံယူနေသူများ
လှည်းကိုတစစီချိုးဖဲ့နေ။ ။

   ရာမညမင်းငြိမ်းချမ်း
 

Comments