သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ "စင်မြင့်ပေါ်ကလွင့်လာတဲ့အသံ "

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၈ )
စင်မြင့်ပေါ်ကလွင့်လာတဲ့အသံ
ကိုနိုင်း

ကျနော်တို့မြန်မာနိုင်ငံက ခေတ်ပျက်ကြီး ဖြစ်နေရပါတယ်။ ခေတ်ဆိုးထဲက ဆယ်ယူလိုက်တဲ့ခေတ်ဟာ အပျက်ကြီး ဖြစ်နေ ပါတယ်။ ဒီခေတ်အပျက်ကြီးကို ပြန်ပြင်ဖို့အတွက်လည်း ဝိုင်းဝန်း ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ နေရာတိုင်းမှာပျက်နေလေတော့ ကြိုးစားပြင်နေပေ မယ့်၊ အပျက်တွေကတော့ ဆက်ပြီး ပျက်နေ တာပါပဲ။ ဒီအပျက်တွေက ရုပ်လက္ခဏာတင်မဟုတ်ပဲ၊ စိတ် သဘာဝတွေပါ စွဲလောင်နေကြပါတယ်။ ရုပ်လက္ခဏာတွေကပြင်လို့ လွယ်ကူကောင်းလွယ်ကူပါလိမ့်မယ်။ စိတ်တွေကပျက်သွားရင် ပြန်ပြင်ဖို့ အရမ်း ခက်ခဲပါလိမ့်မယ်။ မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစဉ်လာအရဆိုရင် လက်မခံနိုင်စရာတွေပါပဲ။ ဒါပေမဲ့ တိုင်း ပြည်ရဲ့ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်ပေါ်လာတဲ့ စရိုက်ပျက်တွေကို စာနာ  သနားစရာအဖြစ် မြင်ကောင်း မြင်နိုင်ပါလိမ့်မယ်။ ဒီဆင်းရဲမွဲတေမှုတွေကိုအခွင့်ကောင်းယူပြီး မပျက်ပျက်အောင် ဖန်တီးဖျက်ဆီးနေကြတဲ့ လောဘတွေ၊ တဏှာမီးတွေကြောင့်လည်း ရိုးသားတဲ့ဘဝတွေ တစစနဲ့ မီးစွဲ တောက်လောင်နေရပါတယ်
ဒါကို ပုဂံညောင်ဦး တနင်္ဂနွေစာပေစကားဝိုင်းပေ့ခ်ျထဲက ကဗျာတပုဒ်က ပြနေပါတယ်။
ဒါကိုပြနေပြောနေတာက ကဗျာရေးသူ မုတ်သုံသွန်းဆိုသူပါ။ သီချင်းဟာ အရက်ပရိုမိုးရှင်းလုပ်ဖို့ဂီတလား ဆိုတဲ့ကဗျာမှာ တွေ့ရပါတယ်။

နာမည်ရ အမှတ်တံဆိပ်ရဲ့
အင်ဘားဒိုင်းဆင်းလှည့်ကွက်မှာ
လှလှပပ အသုံးချခံနေရ
ဂီတဟာ စိတ်သက်သာယာမှန်ပေမယ့်
နေရာတွေဟာ လွဲလွဲနေရ
ဘဝဟာ အရက်ထက်ခါးတယ်
ဘဝဟာ အရက်တွေထက် ပိုပူတယ်
လောင်မြိုက်နေဆဲမီးတွေနဲ့
သံစဉ်တွေ ဖရိုဖရဲ
ဆင်းရဲတာအပြစ်လား၊ မပြည့်စုံမှုဟာအပြစ်လား

ဒီအထိ ဆင်းရဲမှု၊ ဘဝမပြည့်စုံမှုတွေကြောင့် ခက်ခက်ခဲခဲရုန်းကန်ရှာဖွေစားသောက်နေရတဲ့ မိန်းကလေး တွေရဲ့ဘဝတွေကိုအပြစ်လို့ မထင်ချင်တော့ပါဘူး။ ဒီမိန်းမပျိုလေးတွေဆိုတာကလည်း မြို့ပြက မိန်းမပျိုတွေထက် ကျေးလက်တောရွာတွေက မိန်းမပျိုတွေ အများစုပါပဲ။ အားလုံးသိနေကြတဲ့အတိုင်း မြန်မာဓလေ့အနေနဲ့ ကျေးလက်တောရွာကမိန်းကလေးတွေဟာ ရိုးသားဖြူစင်ကြတယ်ဆိုပြီးသိထားခဲ့ကြ ပါတယ်။ ကျေးလက်တောရွာမှာ အေးချမ်းစွာလုပ်ကိုင်စားသောက်နေထိုင်ချင်ကြတာပါ။ ဒါပေမဲ့ လယ်မြေ တွေ၊ ယာတွေအသိမ်းခံခဲ့ရတဲ့ ခေတ်ပျက်ကြီးထဲမှာ ကျေးလက်တောရွာတွေရဲ့ စရိုက်တွေပါ ဖျက်ဆီးပစ် ခြင်းခံခဲ့ရတာ အားလုံးအသိပါပဲ။ ဒီလို မြို့ပြကြီးတွေပေါ် စွန့်စားတက်ပြီး ဘဝရှင် သန်ရေးအတွက် ရုန်းကန် နေရတဲ့ဘဝကိုရောက်ခဲ့ရပါတယ်။ ဒီကမှ နောက်တဆင့်အနေနဲ့ မြို့ပြကြီးရဲ့ လှည့်ဖျားမှုကွန်ယက်ထဲကို တိုးဝင်ခဲ့ရတော့တာပါပဲ။

ပန်းကုံးလို့အမည်ရတဲ့လက်နက်ပုန်းနဲ့ပစ်ခတ်ခြင်းမှာ
အမျိုးကောင်းသမီးတွေ ဘယ်လောက်ဆုံးရှုံးခဲ့ပြီလည်း
အကွဲဝတ်တာ မြှူဆွယ်မှုလား
လွန်ဆန်မရတဲ့ယူနီဖောင်းလား
စိတ်ကောင်းနှလုံးကောင်းနဲ့ရှန်သန်လည်း
ဘယ်သူကမှအတည်မကြံကြ
ညတွေရဲ့အမှောင်ဟာ
ချောက်ချားစရာဖြစ်ရမယ့်အစား
ပုံသေဝတ္တရားနဲ့ အလိုမတူပျော်ပါးနေရ
ညကျရင် အပြင်လိုက်မလားဆိုတဲ့
လူကြီးလူကောင်းအမည်ခံများကြား
ဘဝဟာ ဈေးကောင်းရတဲ့အခါလည်းရ
အကြွေးကျတဲ့အခါလည်းကျ
ဂီတကိုဈေးချပြီးလည်းဆိုရ
ကီးမကြောင်တဲ့အသံဟာ
ငွေဒဏ်မှာ ဘဝတွေကြောင်ခဲ့တယ်
အနာဂတ်ဟာ မှောင်ခဲ့တယ်
လှောင်ပြောင်ရယ်သံတွေဟာ လက်ခုပ်ပေါ့
လက်ခုပ်ထဲရောက်လာအောင်တီးတဲ့လက်ခုတ်
မနည်းရုန်းထွက်နေရ
အရက်ဆိုင်ထဲကဂီတဟာ စိတ်ညစ်ညူးစရာသာ
ဆိုနေတဲ့သီချင်းက၊ သူ့စိတ်ထဲဒဏ်ရာမျှသာ။
 

ဒါတွေဟာ ခေတ်ဆိုးကြီးမှာဖြစ်လာခဲ့တဲ့ တကယ့်အဖြစ်မှန် ဘဝတွေပါပဲ။ ခေတ်ဆိုးကြီးထဲက ဆယ်ယူလိုက်တဲ့ခေတ်ပျက်ကြီး ထဲမှာလည်း ဆက်ဖြစ်နေတဲ့အဖြစ်ဆိုးတွေပါ။ ဒါကို မုတ်သုံသွန်းက ဘဝသရုပ်ဖော်ပြပါ တယ်။ ဖတ်သူတွေ ရိုးရိုးရှင်းရှင်း နားလည် အောင်လို့ ရိုးရိုးလေး ရေးသွားပါတယ်။ ခေတ်ပေါ်ကဗျာရဲ့ပုံသဏ္ဍာန်တွေကို ဒီကဗျာမှာမသုံးထားပါဘူး။ ဒါပေမဲ့ သူပြထားတဲ့သရုပ်မှန်က ပေါ်လွင်ပါတယ်။ ကဗျာထက် ဝတ္ထုတိုတပုဒ်လို သရုပ်ဖော်ပြသွားတယ်လို့ ဆိုချင်ပါတယ်။
နောက် စင်မြင့်ပေါ်ကလွင့်လာတဲ့ အသံကို ထပ်နားထောင် လိုက်မိ ပါတယ်။ ဒီကဗျာကိုရေးတဲ့သူကတော့ ကဗျာဆရာညီမင်းညိုပါ။ သူကခေတ်ရနံ့မဂ္ဂဇင်းထဲက ကဗျာကို ဇာတ်ပျက်နိုင်ငံတော်လို့ အမည်ပေးထားပါ တယ်။ ကဗျာကတော့ ကဗျာရှည်တပုဒ်ပါ။ တချို့ခံစားမိတဲ့အပိုဒ်တွေကို ထုတ်နုတ်ညွှန်းဆိုပြချင်ပါတယ်။

နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ့်ညလို့ ပွဲခင်းကကြွားတယ်
နောက်ဆုံးတော့ အိတ်ထဲအကုန်ထည့်ပြီး
တိုင်းပြည်ကို အကြွေးတွေနဲ့ မျက်နှာလွဲခဲပစ်ခဲ့တယ်လို့
ကျွန်တော်ဆိုတယ်
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ကေ
ကမ္ဘာ့အစုတ်ပြတ်ဆုံးတိုင်းပြည်အခြေအနေထိ
နိုင်ငံတော်ညံ့ခဲ့ဖျင်းခဲ့တယ်လို
နိုင်ငံတော် ခပ်ရဲရဲကောက်ချက်ချတယ်။

ရွှေပွဲလာ ရွှေပွဲလာ ရွှေပွဲလာလို့
ပွဲခင်းက တကြော်ကြော်အော်ခေါ်တယ်
ဖျာနေရာသေးသေးကို တင်ကြီးကြီးနဲ့ကုပ်ကပ်ထိုင်ရသလို
တိုင်းပြည်သေးသေးကို
သူခိုးသူဝှက်ကြီးကြီးတွေ ထင်ရာစိုင်းခဲ့ကြတယ်လို့
ကျွန်တော်အော်တယ်
အရှက်အကြောက်တရားကင်းမဲ့သူတွေ
မတရားသဖြင့် နေရာယူ အုပ်မိုး ဆိုးကြတယ်လို့
နိုင်ငံတော်က ပြန်အော်တယ်။

စင်ပေါ်ကလွင့်လာတဲ့အသံကတမျိုး၊ ကဗျာဆရာအော်လိုက်တဲ့အသံကပိုဆိုး၊ နောက် နိုင်ငံတော် ပြန်အော် လိုက်သံကြောင့်အဆိုးဆုံး ကိုရောက်သွားခဲ့တယ်။ ကျနော်တို့နိုင်ငံရဲ့အခြေအနေက အတော့်ကို ဆိုးနေပါ ပြီ။ ခေတ်ဆိုးကြီးထဲကပြန်ဆယ်လိုက်ပေမယ့် ကောင်းတာတွေ တခုမှမပြင်နိုင်သေးပါဘူး။ ပြန်ပြင်မယ့်လူတွေအနေနဲ့အတော်ကြီးကို အချိန်ယူရဦးမှာပါ။ တိုင်းပြည်ပြန်တည်ဆောက်ဖို့ထားဦး အပျက်တွေပြင်ဖို့တောင် ခက်နေမှာပါ။ ပြင်မယ့်သူတွေကလည်း အားမရှိတော့ ပိုပျက်နေရတာပါပဲ။

နှင်းပျောက်တဲ့နွေဦးရောက်ပြီလေ
အဖွင့်သီချင်းနဲ့ ပွဲခင်းကနိဒါန်းပျိုးတယ်
အခက်အခဲတွေကြားက မြန်မာ့ဒီမိုကရေစီနွေဦးလို့
ကျွန်တော်က ဟစ်ကြွေးတယ်
သီလ သမာဓိ ပညာပျောက်ဆုံးနေတဲ့နွေဦးရောက်နေတာလို့
နိုင်ငံတော်က ရက်ရက်စက်စက် နိဂုံးချုပ်ပစ်တယ်။

ပွဲခင်းထဲ
ငါးမည်ရပြည်ရွှေဘိုသီချင်းပြီးတော့
လူဆိုသည်မှာ လူနဲ့တူအောင်နေစမ်းပါသီချင်းဆက်လာတယ်
ကျွန်တော်က နိုင်ငံသားကောင်းတစ်ယောက်ရဲ့
တာဝန်ဝတ္တရားကျေဖို့ ဆုံးဖြတ်တယ်
နိုင်ငံတော်ကလည်း နိုင်ငံတော်နဲ့တူအောင်
နေချင်လှတဲ့အကြောင်းဖွင့်ဟတယ်။

အော်၊ ဟုတ်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံဟာ နိုင်ငံချင်းယှဉ်ရင် မျက်နှာမပြချင်လောက်အောင်၊ တခြား နိုင်ငံက နိုင်ငံငံသားနဲ့နိုင်ငံသားချင်းယှဉ်ရင်တောင် အဖိနှိပ်ခံနေရတဲ့အဖြစ်တွေကိုရောက်နေရပါတယ်။ အင်မတန်မှရှက်စရာကောင်းပါတယ်။ ဒီလောက်ပဲထုတ်ပြညွှန်းဆိုချင်ပါတယ်။ ဒါပေမဲ့ ကဗျာဆရာနိဂုံးချုပ် လိုက်တာကတော့

ဒီလိုနဲ့
သန်းခေါင်ထက် ညဥ့်ထပ်မနက်နိုင်တော့တဲ့
မပျော်မရွှင် ပွဲခင်းထဲ
နောက်ပိုင်း ဇာတ်ထုပ်မပီတဲ့
နောက်ပိုင်းဇာတ်ရှုပ်
ရုန်းရင်းဆန်ခတ် တဒုန်းဒုန်း တဒိုင်းဒိုင်း
ဝုန်းဒိုင်းကြဲ ဇာတ်ပွဲအပြီးမှာတော့
ကျွန်တော်နဲ့နိုင်ငံတော်
ရင်ဘတ်ပြိုင်တူမရင်း
ရှိုက်ကြီးတငင် ငိုခဲ့ကြပါတယ်။

ကဗျာဆရာနဲ့ နိုင်ငံတော်ကြီးဟာ ဘယ်အချိန်ကာလအထိ ရှိုက်ကြီးတငင် ငိုနေကြဦးမှာလဲ။ နိုင်ငံတော်ကြီးငိုနေရင် နိုင်ငံသူ နိုင်ငံသားတွေလည်း ငိုနေကြရဦးမှာပါ။   ခေတ်ဆိုးကြီးထဲက ဆယ်ယူ လိုက်တဲ့ခေတ်ပျက်ကို ဘယ်အချိန်မှာ ပြန်ပြင်နိုင်ဖို့အတွက်လုပ်ဆောင်နိုင်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ ကျနော်တို့ခေတ်၊ ကျနော်တို့ဘ၀အချိန်တွေမှာမဖြစ်ရင်တောင် ကျနော်တို့ရဲ့ေ နာက်မျိုးဆက်တွေ အတွက် တိုင်းပြည်ကြီးကိုငြိမ်းချမ်းစွာပြန်တည်ဆောက်နိုင်မယ်ဆိုရင် ကျေန်ာတို့ ဘဝတွေပေးဆပ်ခဲ့ရကျိုးနပ်မှာပါ။ ဒီအကြောင်းကိုအမှတ်မထင်ပဲ ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့် ကဗျာအင်အားစု ဂရုပေ့ခ်ျထဲမှာ ဝင်ရောက်ရေးထားတဲ့ ကိုထွန်းထွန်းဆိုသူရဲ့ ဆုတောင်းကဗျာကို ဖတ်လိုက်မိတယ်။

မငြိမ်းချမ်းတဲ့ရင်ခွင်ရပ်ဝန်း
တလှမ်းချင်းလှမ်းဝင်လာခဲ့မယ့်သူမရှိ
ငြိမ်းချမ်းရေး အသိအမြင်ပေးမယ့်သူမရှိ
မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းထတောက်တဲ့သတ္တိနဲ့
ကူညီဖေးမလာပေးမယ့်သူမရှိ။
ကိုယ့်နေရာ ကိုယ့်ရပ်ဝန်း ကိုယ်ပိုင်မျိုးဆက်တွေနဲ့
ကိုယ့်ရဲ့မျိုးဆက်သစ်ရင်သွေးကိုချီ
ကိုယ်မသိတဲ့အရပ်က ကိုယ့်ကိုကြိုဆို
မျိုးဆက်သစ်ရင်သွေးအတွက်လည်းအနာဂတ်မဲ့
တရက်တနပ် ထမင်းတောင်နှပ်မမှန်ခဲ့ဘူး။

ကဗျာရေးသူရဲ့ဆုတောင်းထဲကအတိုင်း ကျနော်တို့ရဲ့မျိုးဆက်တွေကိုတော့ အနာဂတ်မမဲ့စေချင်ပါဘူး။ နောက်မျိုးဆက်သစ်တွေ အနာဂတ်မဲ့နေရမယ်ဆိုရင်၊ ကဗျာဆရာမုတ်သုံသွန်းရေးတဲ့ကဗျာလို မျိုးဆက်တွေ ရဲ့ဘဝတွေဟာ လောဘတွေရဲ့မီးတွေလောင်မြိုက်ပြီးပြာကျသွားရမှာပါ။

ငါဆုတောင်းတယ်
လူလားမြောက်တဲ့အသိ
လူလားမြောက်တဲ့ ဘဝ
လူလားမြောက်တဲ့ပညာတွေ ရစေချင်ပါတယ် 
နိုင်ငံကိုနိုင်ငံပီပီ ဖြစ်စေချင်ပါတယ်။ 
လူသားကို လူသားပီပီ နေထိုင်နိုင်စေချင်ပါတယ်။ 
ငါတို့ဟာ မြန်မာနိုင်ငံသားဆိုပြီး 
နိုင်ငံသားအချင်းချင်းယှဉ်ရင် ဂုဏ်ယူနေစေချင်ပါတယ်။ 

အခုကြားနေရတဲ့စင်မြင့်ပေါ်ကအသံတွေကို ပြောင်းပြန်လှန်ပြီး ပြောင်းလဲပစ်ရမှာပါ။ အနုပညာကို တန်ဖိုး ထားနိုင်သူတွေအတွက် အဆင့်အတန်းမြင့်မားတဲ့ဖြေဖျော်မှုအသံတွေနားဆင်ပြီး တနေ့တာအတွက် အမော ဖြေနိုင်ကြတဲ့ခေတ်ကိုရောက်ပါစေ။

ကိုနိုင်း

ထုံကူးခဲ့သောကဗျာများ

၁။ မုတ်သုံသွန်း(သီချင်းဟာ အရက်ပရိုမိုးရှင်းလုပ်ဖို့ ဂီတလား)၊ ပုဂံညောင်ဦးတနင်္ဂနွေစာပေစကားဝိုင်း Page၊ ၃၀ မတ်၊၂၀၁၇။
၂။ ညီမင်းညို(ဇာတ်ပျက်နိုင်ငံတော်)၊ ခေတ်ရနံ့မဂ္ဂဇင်း၊ ဧပြီ၊၂၀၁၇။
၃။ ကိုထွန်းထွန်း(ဆုတောင်း)၊ ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့် ကဗျာအင်အားစု Groud Page၊  မတ်၊၂၀၁၇။ 

-စာရေးသူခွင့်ပြုချက်အရ- မူရင်း -သူရိယနေဝန်းဂျာနယ် -Vol 1.No 144 .8 April 2017


Comments