သစ်ခက်သံလွင် ကဗျာ၊ သင်းရည်လွင် နှင့် ပိုင်စိုးဦးတို့၏ ကဗျာများ

ငြိမ်းချမ်းရေး အိပ်မက်မဝယ်ကြဘူး 
ArtNexus
 စစ်နဲ့ငြိမ်းချမ်းရေးတဲ့
ဘယ်တော့မက်မယ်မသိတဲ့ အိပ်မက်
နွေမှာ ပျိုးမိတဲ့ သစ်ပင်
အရိပ်ကိုစောင့်တဲ့ ကွင်းပြင်ထဲ။

ဂျုံခင်းထဲ စာကလေးတွေကျသလို
ဖြားယောင်းတတ်တဲ့ မိန်းမတယောက်
လျှပ်ပေါ်လောလီနေတာနဲ့ ဆင်တူတယ်။

လိုင်စင် ရသားသတ်သမား
ဈေးနေ့အမဲပေါ်နေတာမျိုး
အသားကောင်းလိုချင်သူတို့
စောင့်နေကြ ဈေးနေ့တွေဆိုပါတော့။

သေခြင်းဆိုတာ နွမ်းရိတဲ့ အဝတ်
ဘယ်သူမှ စိတ်မဝင်စားတာ
အပ်တိုတစ်ချောင်းမရှိတဲ့ ရေနည်းငါးတွေ
ကြုံသလိုကူးနေတဲ့ ခရီးရှည်ကြီး မဟုတ်လား ။

ပုရွက်ဆိတ် အိမ်ပြောင်းတာထက်
ထူးဆန်းတယ်
ကြောင်သားချီတာထက်
ပိုလေးနက်ရမယ်
ကိုယ်ချင်းစာတရားဟာ
သည်ခေတ်ထဲ အသုံးမဝင်ဘူးလား
ကမ္ဘာမီးလောင်နေတာ မဟုတ်ပဲ
သားကောင်လိုချနင်းခံရတာ
ဘယ်လောက်ကြေကွဲရတယ်ဆိုတာ
ဘာလို့ဟန်ဆောင်လေးတောင်
မပြောဖြစ်တာလည်း စဉ်းစားမရဘူး။

နှစ်ရှည်စိုက်နေတဲ့ စိုက်ခင်းပဲ
သမိုင်းအဆက်ဆက် ရေးနေတဲ့ ရာဇဝင်ပဲ
မြင်းကျိုးခွာလိပ်တာ ဆိုးပါ့။

အမြဲတန်းအိပ်ရေးပျက်တဲ့ ညစောင့်လို
အချိန်တန်သံချောင်းခေါက်နေတာ တခုပါပဲ
မနက်လင်းတော့
ဖုတ်ဖက်ခါ ထွက်သွားလိုက်တာ ။ ။

သင်းရည်လွင်
...
တို့မြေပေါ်မှာ
Artmajeur
 သူများမီးခိုးထွက်တိုင်း
ငါအူတယ်
အလှတရားရဲ့နားထင်ကိုတေ့ထားတဲ့သေနတ်တလက်
ဆိုတော့ကာ
ခင်ဗျားတို့အတွက် ကျွဲပါးစောင်းတီးသလိုဖြစ်မယ်။

စာအုပ်ထဲကဥပဒေဟာ
စာအုပ်ထဲမှာပဲ သေနေ
လမ်းပေါ် မတရားမှုတွေ
လေတိုက်ရင်လွင့်နေတဲ့အမှိုက်လား...
မတရားသောစစ်လည်း မလိုချင်ဘူး
တရားသောစစ်လည်း မလိုချင်ဘူး
ဒီမိုကရေစီတံဆိပ်ကပ်ထားရုံနဲ့တော့
လူ့အခွင့်အရေးက ဟို့အဝေးမှာ
ကျုပ်တို့ဟာ ဒုက္ခကိုကျောပိုးထားရတာကြာပြီ။

ဒီမြေမှာနေ
ဒီဆန်ကိုစား
ဒီရေကိုသောက်
ဟေ့ ဧရာဝတီ
နည်းနည်းမှမတွန့်ဆုတ်လိုက်လေနဲ့
ယမ်းခိုးတွေဖုံးလွှမ်းသွားအောင်
အလှဆုံးလှိုင်းခတ်သံနဲ့စီးဆင်းလိုက်။

ပိုင်စိုးဦး
 
 

Comments