သစ်ခက်သံလွင် ကဗျာခံစားမှု၊ မိုးသက်ငြိမ်ဦး ရဲ့ "လွင့်နေတဲ့ ကြေကွဲမှု/ ပိုက်ဆံဟာ စက္ကူ တရွက်ဖြစ်နေတယ်"

လွင့်နေတဲ့ ကြေကွဲမှု/ ပိုက်ဆံဟာ 
စက္ကူ တရွက်ဖြစ်နေတယ်

 မိုးသက်ငြိမ်ဦး
Rssing.com
................................ ၁ ................................


ကမ္ဘာ့နေရာတချို့က နိုင်ငံတချို့ဟာ နတ်ဘုံ နတ် နန်းတမျှ ကြီးကျယ်ခမ်းနား ၀င်းလက်တောက်ပြောင်နေပြီး နိုင်ငံတချို့ ကတော့ လောကငရဲလို ပိန်းပိတ်မှောင်မိုက် ဆင်းရဲတွင်းဆုံးနက်နေပါ တယ်။ ထားစရာမရှိလောက်အောင် ပေါများနေ တဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဘဏ်အကောင့် ကိုယ်စီနဲ့ လျှို့ဝှက်ထိန်းသိမ်းကြသူတွေရှိနေသလို စားစရာမရှိလောက်အောင် ဒုက္ခပင်လယ်ဝေနေ သူတွေလည်း ရှိနေကြပါတယ်။ လူတချို့အတွက် ငွေကြေးဥစ္စာ စည်းစိမ်ချမ်းသာ ပိုက်ဆံအသပြာဟာ သူ့ အလိုလို ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိလာပေမယ့် လူတချို့အတွက်ကတော့ ပိုက်ဆံရှာရတာဟာ လေကို လက်နဲ့ လိုက်လံဖမ်းဆုပ်ရသလိုပါပဲ။

ရင်မှာပိုက်ထားရမယ့် အစေ့အဆံဆိုတဲ့အဓိပ္ပာယ်နဲ့များပိုက်ဆံလို့ခေါ်ကြလေသလားမသိ။ လူတွေရဲ့သည်းခြေကြိုက် ပိုက်ဆံဟာ ဒုတိယဘုရားသခင်အဖြစ် နှစ်ပေါင်းများစွာလွှမ်းမိုးထားဆဲ နှစ်ပေါင်း များစွာ လွှမ်းမိုးထားနေဦးမှာပါပဲ။ ပိုက်ဆံကိုသာ သည်းကြီးမည်းကြီးလိုက်လံဖမ်းဆုပ်နေသူအဖို့ ပိုက်ဆံ ဟာ လေထဲလွင့်နေဦးမှာပါ။ ရေထဲမျှောနေဦးမှာပါ။ လူတွေကလဲ ရေထဲမျောနေတဲ့ လေထဲလွင့်နေတဲ့ ပိုက်ဆံကို အပြေးအလွှား လိုက်ဖမ်းနေကြဦးမှာပါပဲ။ 

 .............." ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံတွေ လွင့်နေတယ်
လေထဲမှာလွင့်နေတယ် ပိုက်ဆံ
ပိုက်ဆံ ပိုက်ဆံရေထဲမှာ မျှောနေတယ်
ပိုက်ဆံ ရေထဲမှာ မျှောနေတယ် ပိုက်ဆံ.. ......... "........


....................................... ၂ ......................................


မရှိမဖြစ်မဟုတ်ရင်တောင် အရေးအပါဆုံးတွေထဲမှာ အရေးတကြီးပါဝင်နေတာ ပိုက်ဆံပါပဲ။
ပိုက်ဆံမရှိပဲ ဘာနဲ့စားမလဲ ဘာနဲ့ဝတ်မလဲ ဘယ်လိုနေကြမလဲ။ ပိုက်ဆံမရှိပဲ ကလေးဘ၀မှာ ဘာနဲ့မုန့်ဝယ် စားမလဲ၊ ပိုက်ဆံမရှိပဲ ကိုယ့်ချစ်သူနဲ့ ရုပ်ရှင်ဘယ်လိုကြည့်မလဲ။ ပိုက်ဆံမရှိပဲ V Day လက်ဆောင် ဘာနဲ့ဝယ်ရမလဲ၊ ပိုက်ဆံမရှိပဲမိသားစုဘ၀ဘယ်လို
ရပ်တည်မလဲ၊ ပိုက်ဆံမရှိပဲ စိတ်အေးလက်အေး ကဗျာဘယ်လိုရေးရမလဲ၊ ပိုက်ဆံမရှိပဲ လောကဓံကိုဘယ်လိုရင်ဆိုင်ရမလဲ၊ ပိုက်ဆံမရှိပဲ ဘယ်လို အို / နာ / သေရမလဲ။ ပိုက်ဆံမရှိပဲဘယ်လိုဘ၀ကူးရမလဲ၊ ပိုက်ဆံမရှိပဲ ဘယ်လ်ုဘ၀သစ်ရမလဲ။ ပိုက်ဆံမရှိပဲ.......။ ပိုက်ဆံကြောင့် ပျော်ရွှင်ရသလို ၊ ကြေကွဲမှု ပေါင်းများစွာနဲ့ ဆုံစည်းရတာလဲ ပိုက်ဆံကြောင့်ပါပဲ ။


.........." ပိုက်ဆံကို ပျော်ရွှင်မှုလို့လည်းခေါ်တယ်
ကြေကွဲမှုလို့လည်း ခေါ်တယ် ပိုက်ဆံကို ......."...........


ပိုက်ဆံဟာ လူသားတွေကို ပျော်ရွှင်မှုတွေပေးနိုင်သလို သံသရာအဆက်ဆက်မှာလဲ ပိုက်ဆံကြောင့် ကြေ ကွဲ ဒုက္ခရနိုင်ကြတာပါပဲ။ ကိုင်တွယ်အသုံးပြုသူတွေရဲ့တန်ဖိုးကိုလိုက်ပြီး ပြောင်းလဲသွားတတ်တာ ပိုက် ဆံပေါ့။ လူတချို့အတွက် ပိုက်ဆံများများ ရယူပိုင်ခွင့်ရှိရေးဟာ အန္တိမရည်မှန်းချက်ကြီးဖြစ်နေပေမယ့်၊ လူတချို့အတွက် ပိုက်ဆံများများ ရယူပိုင်ဆိုင်နေရတာကိုက ကြေကွဲစရာတွေဖြစ်နေတတ် တာ လောက ကြီးရဲ့ သရော်ချက်တခုနဲ့တူပါတယ်။
ဘာပဲဖြစ်ဖြစ် စိတ်ကို အစွန်ဆုံးမှာမထားဖို့ ပိုက်ဆံက သင်ခန်းစာ ပေးနေတယ်လို့ မြင်ရင်လည်း ရတာပါပဲ။


....................................  ...............................................


ငွေနံ့ကြေးနံ့ပိုက်ဆံနံ့ဟာ မြို့ကြီးပြကြီး မှ ရတတ်တာမဟုတ်ပါဘူး။ ကျေးလက်တောရွာ ဇနပုဒ်တွေ ထဲမှာလည်း ပိုက်ဆံနဲ့ ကင်းကွာလို့မရပါဘူး။ ရန်ကုန်မြို့ပြကလမ်းမတွေပေါ် လမ်းသလားနေတဲ့ နှုတ်ခမ်းနီ မလေးတွေဟာလည်း ပိုက်ဆံနံ့ရကြသလို သနပ်ခါးဘဲကြားနဲ့ ရွာအ၀င်ညနေစောင်းမှာ ရေခပ်ဆင်းနေကြ သူ လုံမေပျိုတို့တတွေဟာလည်း ငွေနံ့ကြေးနံ့ပိုက်ဆံနံ့ကို သိကြ ရကြတာပေါ့။ နေ့ပြန် တိုးအကြွေးတွေ လည်ပင်းနစ်နေတဲ့ ရွာထဲကဒေါ်ဘုမက ပိုက်ဆံနံ့ကိုရသလို၊ မြို့ပြရဲ့ အထွေထွေအသုံးစရိတ်တွေကြောင့် အကြွေးပင်လယ်ဝေနေတဲ့ ကေတီဗီက ကောင်မလေးကလည်း ပိုက်ဆံနံ့ကို ရတာပါပဲ။ အဲ့ဒီလို ပိုက်ဆံ အနံ့တွေဟာ ပတ်ဝန်းကျင်လေထုထဲ လွင့်နေတော့ ပိုက်ဆံကိုလိုအပ်နေသူတို့ဟာ အလဲလဲအကွဲကွဲ လိုက်ဖမ်းကြပါတယ်။ အပြေးအလွှားလိုက်ဖမ်းကြပါတယ်။ သက်စွန့်ဆံဖျား လိုက်ဖမ်းကြပါတယ်။ မရပ်မနားလိုက်ဖမ်းကြပါတယ်။ ပိုက်ဆံကို လိုအပ်နေသူတွေရော မလိုအပ်သူတွေပါ ပိုက်ဆံကို လိုက်လံ ဖမ်းယူနေကြတော့ ပိုက်ဆံဟာ ဖမ်းဆုပ်ရခက်ခဲလာပါတယ်။ အူလျားဖားလျားလိုက်လံဖမ်းယူနေကြတာ ပိုက်ဆံတွေမှ ဟုတ်ရဲ့လားလို့ တွေးဖို့အချိန်မရတဲ့အထိ ပတ်ဝန်းကျင်လေထုထဲက အနံ့ရရာ ပိုက်ဆံနောက်ကို လိုက်လံဖမ်းယူနေကြတာ အတောမသတ်တော့ ပါဘူး။


........." မြို့ကြီးဟာ ပိုက်ဆံနံ့အများအပြားရတဲ့နေရာပေါ့
ရွာထဲမှာလည်း ပိုက်ဆံနံ့ရတာပါပဲ
ပိုက်ဆံ ပိုက်ဆံ ငါ့ပတ်ဝန်းကျင်ထဲ
လွင့်နေတယ် လွင့်နေတယ်
ငါလိုက်ဖမ်းတယ် အပြေးအလွှား
ငါလိုက်ဖမ်းတယ် အလဲလဲအကွဲကွဲ.. ......."..........


ပိုက်ဆံကိုသာ လိုက်လံဖမ်းယူနေသူဟာ ပိုက်ဆံတွေ ရှာကြံဖမ်းယူနေတုန်းမှာရော၊ လိုက်လံဖမ်းယူနေတဲ့ပိုက်ဆံတွေရယူပိုင်ဆိုင်သွားတော့ရော စိတ်ကျေနပ်ချမ်းမြေ့မှုတစုံတရာ ရပါရဲ့လား ဆိုတာ မေးခွန်းထုတ်ဆန်းစစ်ရမှာပဲ ဖြစ်ပါတယ်။ လွင့်ကျနေတဲ့ ပိုက်ဆံတွေကြားက ဘယ်သူမှမသိလိုက် တဲ့ နာကျင်ကြေကွဲမှုတွေလည်း ရှိနေနိုင်ပါတယ်။ လွင့်နေတဲ့ပိုက်ဆံတွေ လက်ဝယ်ပိုင်ပိုင်ရရှိဖို့ စွန့်လွှတ် စတေးခဲ့ရတာတွေ ပေးဆပ်အနစ်နာခံရတာတွေလည်း ကျိန်းသေပေါက် ရှိနေပါပဲ။ ပိုက်ဆံကိုသာ လိုချင်နေတော့ ထိုက်တန်ရာကို ပေးဆပ်ရတာဟာ သဘာဝပါပဲ။ 


................" ငါလဲကျခဲ့ရတယ် ပိုက်ဆံတွေ လွင့်နေတယ်
ငါနာကျင်ခဲ့ရတယ် ငါငိုကြွေးခဲ့ရတယ်
လွင့်နေတယ် ပိုက်ဆံတွေ ပိုက်ဆံတွေ လွင့်နေတယ်.. .."


................................ ၄ ......................................


ပိုက်ဆံတွေဟာ လေမှာလွင့်နေသလို လွင့်နေပေမယ့် ပိုက်ဆံတွေကြောင့် ရရှိခံစားရတဲ့ နာကျင်ကြေကွဲ ငိုကြွေးရမှုများကိုတော့ လေထဲမှာ လွင့်နေသလို မြင်နိုင်ကြမယ် မဟုတ်ပါဘူး။ ဒါဟာလည်း သဘာဝကျ ပါတယ်။ လူအများစုက ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝမှုများကိုသာ မြင်တတ်ကြပြီး ဒီငွေကြေး ပိုက်ဆံတွေအတွက် စတေးခဲ့ရတာတွေကို စိတ်မ၀င်စားကြတဲ့အတွက်ပါ။
အမှန်တကယ်တော့ အသည်းအသန်ရှာဖွေဖမ်းဆုပ်ဖို့ကြိုးစားကြတဲ့
 ပိုက်ဆံဆိုတာဟာလည်း စက္ကူတရွက်ပဲ မဟုတ်ပါလာ။


.............." နောက်ဆုံး ငါဖမ်းဆုပ်မိလိုက်တယ် ပိုက်ဆံ
လက်ထဲကျစ်ကျစ်ဆုပ်ထားမိတယ် ပိုက်ဆံ
လက်ကို ဖြည်းဖြည်းချင်း ဖြေကြည့်လိုက်တယ်
စက္ကူ တစ်ရွက် ဖြစ်နေတယ် ..........."........


စက္ကူ ရွက်သာဖြစ်နေတဲ့ ပိုက်ဆံကို အပြေးအလွှား အလဲလဲအကွဲကွဲ လိုက်ဖမ်းနေသူအကြောင်းကို ကဗျာ ဆရာ လင်းသက်ငြိမ်က ပိုက်ဆံ ဆိုပြီး ကဗျာတပုဒ် ရေးဖွဲ့ထားပါတယ်။


ပိုက်ဆံ


ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံတွေ လွင့်နေတယ်
လေထဲမှာ လွင့်နေတယ် ပိုက်ဆံ
ပိုက်ဆံ ပိုက်ဆံ ရေထဲမှာ မျှောနေတယ်
ပိုက်ဆံ ရေထဲမှာ မျှောနေတယ် ပိုက်ဆံ
ပိုက်ဆံကို ပျော်ရွှင်မှုလို့လည်းခေါ်တယ်
ကြေကွဲမှုလို့လည်းခေါ်တယ်ပိုက်ဆံကို
မြို့ကြီးဟာ ပိုက်ဆံနံ့ အများအပြားရတဲ့နေရာပေါ့
ရွာထဲမှာလည်း ပိုက်ဆံနံ့ရတာပါပဲ
ပိုက်ဆံ ပိုက်ဆံ ငါ့ပတ်ဝန်းကျင်ထဲ
လွင့်နေတယ် လွင့်နေတယ်
ငါလိုက်ဖမ်းတယ် အပြေးအလွှား
ငါလိုက်ဖမ်းတယ် အလဲလဲအကွဲကွဲ
ငါလဲကျခဲ့ရတယ် ပိုက်ဆံတွေလွင့်နေတယ်
ငါနာကျင်ခဲ့ရတယ် ငါငိုကြွေးခဲ့ရတယ်
လွင့်နေတယ် ပိုက်ဆံတွေ ပိုက်ဆံတွေ လွင့်နေတယ်
နောက်ဆုံး ငါဖမ်းဆုပ်မိလိုက်တယ် ပိုက်ဆံ
လက်ထဲ ကျစ်ကျစ်ဆုပ်ထားမိတယ် ပိုက်ဆံ
လက်ကို ဖြည်းဖြည်းချင်း ဖြေကြည့်လိုက်တယ်
စက္ကူတရွက်ဖြစ်နေတယ် ။ ။


လင်းသက်ငြိမ်
ကဗျာဆယ်ပုဒ် စာအုပ် မှ...။
စက္ကူ တရွက်မျှသာဖြစ်သောပိုက်ဆံကို လိုက်လံဖမ်းယူသူအကြောင်း ကဗျာဆရာ လင်းသက်ငြိမ်၏ ကဗျာဆယ်ပုဒ် စာအုပ်ပါ ပိုက်ဆံ ကဗျာအား ခံစားရေးဖွဲ့ပါသည်။ ။

မိုးသက်ငြိမ်ဦး

Comments