နွေဦးရာသီရဲ့တိုက်ပွဲခေါ်သံ
သူရိယနေဝန်း-Vol 1.No 139. 4 March 2017 မှဖော်ပြပြီးဆောင်းပါး-စာရေးသူခွင့်ပြုမှုအရ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ နွေဦးရာသီကိုရောက်လာခဲ့ပါပြီ။ နွေဦးရာသီရဲ့ခြောက်သွေ့တဲ့ကာလမှာရှေးဘုရင်များ လက်ထက်က စစ်ခင်းဖို့အတွက် စစ်ချီသံတွေ ကြားခဲ့ရပါ လိမ့်မယ်။
အဲဒီလိုပါပဲ၊ ၁၉၄၅ ခုနှစ် နွေဦးကာလမှာ ဖက်ဆစ် ဂျပန် တော်လှန်ရေးကို စတင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနီးဆုံးရန်သူကိုရှာပြီးတိုက်ကြဆိုတဲ့ စစ်ချီမိန့်ခွန်းသံနဲ့ ဖက်ဆစ်ဂျပန်တွေကိုမြန်မာပြည်ထဲက အပြီးအပိုင် မောင်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကတည်းက နယ်ချဲ့ စစ်ကိုငြိမ်းသတ်နိုင်ခဲ့တာပါ၊
ဒါပေမဲ့ တိုင်းရင်းသားအချင်းချင်း ထဖြစ်တဲ့ပြည်တွင်း စစ်မီးကတော့ နှစ်ပေါင်းခုနှစ်ဆယ်ကြာခဲ့ပေမယ့်၊ မငြှိမ်းသတ်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာကျင်းပဖို့ရည်ရွယ်ထားတဲ့၊ ၂၁ရာစု ငြိမ်းချမ်းရေးညီလာခံ မကျင်းပဖြစ်ဘဲ ရက်ရွှေ့ သွားခဲ့ရတာလည်း စဉ်းစားဖို့ကောင်းပါတယ်။ ဒီအချိန်မှာပဲ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဝပြည်နယ်မှာကျင်းပတဲ့ အစည်းဝေးကြေညာချက် ထွက်လာခဲ့ပါတယ်။ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကြေညာချက်ကပြည်ထောင်စုတပ်မတော်ရဲ့တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်ကို ငြင်းဆန်လိုက်သလိုဖြစ်နေလေတော့၊ ဒီနွေဦးရာသီမှာ တိုက်ပွဲခေါ်သံတွေ ထွက်ပေါ်လာလေမလားလို့ တွေးမိရင်း၊ ပြတင်းတံခါးကို ဖွင့်လိုက်မိပါတယ်။
စစ် ဆိုတဲ့အသံကို စကြားလိုက်ရတယ်။
တောကျီးကန်းတွေ ထပျံသွားရလောက်အောင်ထိ
ဘယ်သူက ဘယ်သူ့နားထင်တေ့ပစ်လိုက်တာလဲ
တချက်တည်းဆိုပေမယ့် အသံပေါင်းများစွာ
ဒါဟာ ကိုယ်ပြုသည့်ကံမဟုတ်တာတော့ သေချာတယ်။
တာဝန်တော့ တာဝန်ပဲလေ
ဘယ်သူ့တာဝန်မှန်းမသိတာကို ချီပိုးထားရတယ်
လက်နက်မရှိပေမယ့် ကျည်အိတ်တော့ ထမ်းထားရတယ်
မိုင်းခွင်းဖိနပ်မပါပေမယ့် ရှေ့ဆုံးကလျှောက်ရတယ်
အကာအကွယ်မရှိပေမယ့် ရင်ကော့ထားရတယ်
ထမင်းသာနပ်မမှန်ပေမယ့် ရိက္ခာထုပ်တော့ ဆွဲထားရသေးတယ်။ တဲ့
စစ်ခင်းတဲ့ရာသီအစမှာ နောင်မင်းခိုင်ရဲ့ ပေါ်တာ ကဗျာစတွေ့ရတယ်။ ခေတ်ရနံ့မဂ္ဂဇင်းထဲမှာ တွေ့လိုက်ရတဲ့ ကဗျာက ရိုးရိုးရေးဖွဲ့သွားတာပါ။ ရှေ့တန်းကိုစစ်ပွဲထွက်ဖို့ ပေါ်တာတွေ ဆွဲခံရတာကို ခံစားမိရင်း ကျွန်တော် တို့ပြည်သူတွေဟာလည်း ပေါ်တာအဆွဲခံထားရသလိုပါပဲ။ မိုင်းကွင်းတွေကိုရှေ့ဆုံးက နင်းနေရပါတယ်။ အကာအကွယ်မရှိပေမယ့် ရင်ဘတ်ဟင်းလင်း ဖွင့်ထားကြသလိုပါပဲ။ ဒီလိုပါပဲ။
ကျွန်တော်ဖွင့်ပြီး ခံစားလိုက်တဲ့ပြတင်းတံခါးထဲ အမှောင်ထဲကြိုးညှိနေတဲ့ဂစ်တာသံက မထင်မှတ်ပဲ ဝင်လာပါတယ်။ ဒီဂစ်တာကိုကာရန်နဲ့တီးခတ်နေတာကတော့ အောင်ကျော်ဗိုလ်ပါ။
ကျွန်စော်နံသေးသလားဟေ့
စစ်နွံတောမှာ မျောနေသူတွေ
ထလော့
ပြောင်းလဲခြင်းကို၊ တန်ဖိုးထား ဇာတ်ရှိန်မြှင့်ကြ
ပေးဆပ်ခဲ့တဲ့အခင်းအကျင်းဟာ
မနေ့ကများစွာရဲ့အရင်းအနှီး
ဒီမနက်အား၊ ဈေးကြီးကြီးနဲ့ တိုက်ယူခဲ့ကြတယ်
ကိုယ့်ကံကြမ္မာ ကိုယ်ကိုယ်တိုင်ပဲ
တောင်းဆိုသိမ်းပိုက်ထား
ရထားဟာ အမှောင်ကို၊ ထိုးဖောက် ခုတ်မောင်းနေပြီ
ဤခရီး မနီးသရွေ့
ဒီခရီးလည်း မပြီးသေးဘူး
မပြီးသေးတာတော့သေချာပါတယ်။ သံစဉ်မညီတဲ့ဂစ်တာကို တီးခတ်နေသလိုကြားနေရတာတော့။ ကဗျာရေးသူကလည်း ကာရန်ညီအောင်မရေးတတ်သေးပါဘူး။ ဒီခေတ်ကြီးထဲကကြားနေရတဲ့အသံတွေအတိုင်းပါပဲ။ အကြောင်းအရာကောင်းပေမယ့်၊ ပုံသဏ္ဍာန်တွေက အားမလိုအားမရဖြစ်နေပါတယ်။ မနီးသေးတဲ့ခရီးမှာ ဒီလိုတွေလည်း အများကြီးတွေ့နေရဦးမှာပါ။ ပြောင်းလဲရမယ်ဆိုတာက ကောင်းပါတယ်။ ဒါပေမဲ့ မပြောင်းလဲနိုင်သေးတဲ့အရာတွေ၊ မပြောင်းလဲနိုင်သေး တဲ့ပုံသဏ္ဍာန်တွေ အများကြီး ရှိနေဦးမှာပါ။ အဲဒါနဲ့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းကိုပြတင်းတံခါးထဲကနေ ခံစားမိတဲ့အကြောင်းကို စိတ်ထဲမှာပဲ ထည့်သိမ်းထားလိုက်မိပါတယ်။
ဆက်ပြီးငေးကြည့်နေတာက နွေဦးရောက်ခဲ့တဲ့အကြောင်းတွေဆီကိုပေါ့။ စစ်ပွဲတွေမရပ်ကြသေးဘူးလား။ စစ်ပွဲတွေဖြစ်နေကြတုန်းပဲလား။ နွေဦးရာသီမှာစစ်ပွဲတွေထပ်ဖြစ်နေမှာလား။ စစ်ရှောင်စခန်းကိုရောက်ကြည့်ချင်စိတ်တွေဖြစ်ပေါ်လာတယ်။ ကျွန်တော့်ရဲ့စိတ်ကို ဆွဲခေါ်သွားသူက မိုးမခတောအုပ်ထဲက ကဗျာဆရာ လင်းသက်ငြိမ် ဆိုသူပါပဲ။
လက်ဆွဲနှုတ်ဆက်လိုက်ရုံနဲ့
ခြေထောက်တွေလက်တွေ
အသစ်ပြန်မထွက်လာဘူးဆိုတာသိပါတယ် - တဲ့
ဒါကိုတကယ်သိကြလို့လား၊
သိနေရင်ဘာကြောင့်စစ်ပွဲတွေမရပ်နိုင်ကြရတာလဲလို့ ကျွန်တော်အော်ဟစ်ပြီး မေးလိုက်ချင်ပါတယ်။
တဖက်နဲ့တဖက် ဝါဒဖြန့်ရင်း မြက်ပင်တွေကြေမွ
သေမင်းကို အပြိုင်အဆိုင်အလုပ်အကျွေးပြုလို့
ပိုက်ဆံတွေနဲ့ပစ်လိုက်တာ သေချာတယ်
တွင်းကြီးထဲ အရှိန်နဲ့ ထိုးဆင်း
တရားသောစစ်လည်း လူသတ်တာ အသေအချာပဲ
ဟော၊ ဒါသေချာသွားပြီ၊ လူတွေမှာအတောမသတ်နိုင်တဲ့အတ္တတွေကြောင့် စစ်ပွဲတွေမရပ်နိုင်တာ သေချာပါ တယ်။ အတ္တတွေအပြင်အညှိုးအတေးတွေကလည်း ပိုပြီး လူလူချင်းသတ်တဲ့အမှုတွေကို ကျူးလွန်အောင် ဖန်တီးနေကြပါတယ်။ ဒီအတိုင်းဆိုရင် စစ်ပွဲတွေကြားမှာ စစ်ရှောင်စခန်းတွေကလည်း လူသား အသက်ကို မလုံခြုံနိုင်တော့ပါဘူး။
သတင်းတွေဟာ ကြေးစည်ထုပြီး
ငိုသံရှည်ကြီးနဲ့ မြည်ဟီး
ဆုတောင်းပွဲတွေဟာ အသက်ငင်နေကြတုန်း
မနက်ဖြန်သီချင်းထဲ
သာယာသံတွေထည့်မစပ်ကြရတော့ဘူးလား
ခေတ်မမီတော့တဲ့လူလူချင်းအမဲလိုက်ခန်းတွေ
အစဉ်အလာဖြစ်နေတဲ့ ရန်ညှိုးအာဃာတတွေ
သူများပြားလို့ လိုက်ပြားနေတဲ့ ကမ္ဘာကြီးလား
အတွေးအခေါ်မှာ အခုထိသွေးညှီနံ့တွေစွန်းပေလို့
ဘုရားသခင်လည်း လာမတားဘူးဆိုပြီး ဆက်မှားနေကြဆဲလား
မာရ်နတ်စိတ်ထားနဲ့ ဘယ်အခါမှတရားထူးမရနိုင်တဲ့အကြောင်း
မိုးကာတဲထဲက ဘဝတွေက အပီအပြင်ဖော်ပြ။
စစ်ရှောင်စခန်းထဲကနေ ကျွန်တော်ဟင်းခနဲမြည်အောင် သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။ တော်တော်အတ္တတွေကြီးတဲ့နိုင်ငံပါလားလို့လည်း တွေးနေမိတယ်။ ပိုက်ဆံတွေအကုန်ခံပြီး လူတွေသတ်နေကြတာ၊ အတွေးအခေါ်တွေလူစဉ်မီဖို့ကောင်းနေပါပြီ။ ကိုယ့်ပြည်နယ်ကိုယ်ကာကွယ်ဖို့စစ်တိုက်နေမှလား၊ တဖက်ကလည်း တရားသောစစ်ဆိုတာကြွေးကြော်ပြီး လူတွေသတ်နေတာလား။ ဒီလိုသာအာဃာတတွေ၊ အတ္တတွေနဲ့အမှောင်ကြီးစိုးနေရင် ကျွန်တော်တို့ တိုင်းပြည်ဟာ ဘယ်တော့မှတိုးတက်တော့မှာ မဟုတ်ဘူး။
ကျွန်တော်တခုစဉ်းစားလိုက်မိတာက ပြည်သူတွေကိုကာကွယ်ဖို့လား၊ လူတယောက်ကို ကာကွယ်ဖို့လား။ ကျွန်တော်စစ်ပွဲအကြောင်းတွေးမိတဲ့အခါ သစ်ခက်သံလွင် ဝက်ဆိုဒ်ထဲကို ဝင်ရှာလိုက်မိတယ်။ ဒီမှာထက်လူအောင်က ပြောပြပါတော့တယ်။ သူပြောပြတာရဲ့နောက်ဆုံးစကားကိုပြန်ပြောပြချင်ပါတယ်။
စစ်ပွဲနားကရွာလေး
စာသင်ကျောင်းလေးပျက်စီးသွား
ကလေးတွေရဲ့အိပ်မက်များ
ကောင်းကင်ကိုတက်သွား
ဘယ်ကလေးတွေ မိဘနဲ့ကွဲသွားလဲ
ငါမတွေးမိတော့ဘူး
ငါမတွေးခင် ငါ့ဦးခေါင်းကိုကျည်ဆန်မှန်သွားခဲ့။
သူကရိုးရိုးလေးပြောပြသွားတာပါပဲ။ ရိုးစင်းတာကလည်း တခါတခါ ရင်ထဲထိရောက် လာတတ်ပါတယ်။ ဆန်းဆန်းပြားပြားပုံသဏ္ဍာန်တွေက လူတွေရဲ့နားလည်မှုနဲ့ ဝေးနေတတ်ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ရင်ဘတ်ထဲက ပြောချင်တဲ့အသံတွေကို လူတွေနားလည်ဖို့တော့ လိုအပ်ပါတယ်။ လူတွေနားမလည်အောင် လုပ်ကြံဖန်တီးထားတဲ့အရာတွေ၊ စတန့်ထွင်ပြီး လုပ်ပြနေတဲ့အရာတွေက နာမည်ကြီးလေမလားလို့ လုပ်ပြနေတာတွေလို့ ထင်ပါတယ်။
လောဘမီးတွေထတောက်နေတာပါ။ လွင်ရည်သင်းက သစ်ခက်သံလွင်မှာဒီလို မီးဆိုတာငြှိမ်းရတယ်လို့ပြောပြပါတယ်။
ပြတင်းတွေမဖွင့်ကြဘူး
အန္တရာယ်ဆိုတာ အလင်းအမှောင်မရှောင်ဘူး
ဘုရားသခင်နားပူရှာမယ်
ဒါပေမဲ့ ဘုရားသာအားကိုးစရာအမှတ်နဲ့
တင်းတိမ်နေရသူတို့ အတွက်
သည်မီးတွေမငြိမ်းမခြင်း
ကောင်းကင်ကိုသာ မော့ကြည့်နေကြတယ်။
ကျွန်တော်တို့ပြည်သူတွေအတွက် မော့ကြည့်စရာကတော့ ကောင်းကင်ကြီးပါ။ ကောင်းကင်တခိုပြိုမလို တိမ်ညိုဘာကြောင့်မှိုင်းရတယ်ဆိုသလို တဖြည်းဖြည်းနိမ့်ကျလာတဲ့ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့ မီးခိုးတွေမှိုင်းနေကြတယ်။ စစ်ငွေ့တွေ အရောင်သန်းနေကြတယ်။ စစ်ချီသံတွေညံနေတာကိုကြားနေရတယ်။
အော် နွေဦးရောက်နေပြီလို့သတိရလိုက်မိတယ်။ ဒီနွေဦးမှာကျင်းပမယ့် ၂၁ ရာစုပင်လုံလည်း ငြိမ်းချမ်းရေးနဲ့ အတူ ထူမတ်နိုင်ပါစေ။ ဒါပေမဲ့ ငြိမ်းချမ်းရေးစားပွဲကအပြန်လမ်းရောက်တိုင်း သေနတ်သံ၊ အမြှောက်သံ၊ မိုင်းကွဲသံတွေ ပိုပြီးကျယ်လောင်လာတတ်တာ ပြည်တွင်းစစ်ရဲ့အစဉ်အလာလို ဖြစ်နေတော့။
၂၁ ရာစုပင်လုံအောင်မြင်ပါစေလို့ဆုတောင်းနေရမလိုပါပဲ။ ဆုတောင်းတွေကလည်း တောင်းတိုင်းမပြည့်တတ်လေတော့ ကဗျာဆရာမ မြတ် ရဲ့ကဗျာကိုပဲရွတ်နေမိတယ်။
ရင်နှစ်ခြမ်း
ဗြန်းဗြန်းကွဲသွားရင်တောင်မှ
ရင်ကြားစေ့ပေးနေဦးမှာပဲလား မေမေ
ဟောဒီ တောကြီးမျက်မည်းထဲက
တောရိုင်းဥပဒေတွေက
မေမေ့လက်ထဲက ချိန်ခွင်မှာ အလေးလာလာခိုးနေတုန်း
မေမေ့နောက်ကျောက
ဘရူးတပ်(စ)တွေမှာ၊အထူးသေနတ်တွေရှိတယ်
သူတို့လက်ထဲက နိုင်းမမပစ္စတိုတလက်ဟာ
မေမေ့ဆံပင်တွေကြားက၊ ပန်းခက်တွေပေါ်တဝဲဝဲ
မေမေ့နားက Bishop တရုပ်တော့၊ ဖဲ့ထုတ်ခံလိုက်ရပြီ
သိတယ်၊ တရုပ်ထဲကျန်လည်း
မေမေကတော့ ဆက်ကစားမှာပဲဆိုတာ
အော် မြန်မာပြည်ရဲ့အနာဂတ်ကိုတွေးမိရင် ဆက်သွားရမယ့်ခရီးက အရှည်ကြီးရှိသေးတယ်။ ဆက်ပြီး ရုန်းကန်ကြရဦးမယ်။ တွေးမိရင် ရင်လေးမိတယ်။
ဒါပေမဲ့ မေမေမရှိရင်
အဲဒီစစ်တုရင်ခုံပေါ်၊ ကျကျနနထိုင်ပြီး
ကိုယ့်ကိုယ်ကိုယ် ဘုရင်မလုပ်ပြီး
ရွှေ့မယ့်လူမရှိဘူး
ဘုရင်မကျသွားရင်၊ တိုင်းပြည်ဟာ ချောက်ထဲကျသွားမှာပဲ
အသူတရာနက်တဲ့၊ သွေးချောင်းစီးနေတဲ့ ချောက်ထဲ
သုံးကြိမ် သုံးခါမြောက်၊ ဒလိမ့်ခေါက်ကွေး ကျသွားဦးမှာပဲ
ကဲ၊ ခင်ဗျားတို့ကိုမေးလိုက်မယ်။ အော်ဟစ်ပြီးမေးလိုက်ချင်တယ်။
ဒီနွေဦးမှာ လူတွေသတ်နေဦးမှာလား။ စစ်ပွဲတွေနဲ့ တိုင်းပြည်ကိုပြာကျသွားအောင် မီးတင်ရှို့နေကြတော့မှာလား။
ကိုနိုင်း
ထုံကူးခဲ့သောကဗျာများ
၁။ နှောင်မင်းခိုင်(ပေါ်တာ)၊ ခေတ်ရနံ့မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၁၇
၂။ အောင်ကျော်ဗိုလ်(အမှောင်ထဲကြိုးညှိနေတဲ့ဂစ်တာ)၊ ရုပ်ရှင်တေးကဗျာ၊ ဖေဖော်ဝါရီ၊၂၀၁၇
၃။ လင်းသက်ငြိမ်(စစ်ရှောင်စခန်း) မိုးမခ၊ ဖေဖော်ဝါရီ၊၂၀၁၇
၎။ (စစ်ပွဲအကြောင်းတွေးမိတဲ့အခါ)၊သစ်ခက်သံလွင်၊ ဖေဖော်ဝါရီ၊၂၀၁၇
၅။ သင်းရည်လွင်(မီးဆိုတာငြိမ်းရတယ်)၊ သစ်ခက်သံလွင်၊ ဖေဖော်ဝါရီ၊၂၀၁၇
၆။ မြတ်၊Mon Mon Myat timeline။ ဖေဖော်ဝါရီ၊၂၀၁၇
Comments
Post a Comment