မောင်စိမ်းသစ်ရှင်သန်ရေး
ပန်းချီ ဖေစိုးအောင် |
မောင်စိမ်းသစ်ဟာ
မောင်စိမ်းသစ်ဖြစ်ခဲ့ပါပြီ။
သို့ပေမဲ့
မောင်စိမ်းခမျာမှာ
မဖြစ်စလောက်ကလောင်လေး
လှုပ်ခါရှင်သန်ရေးအတွက်
ရက်ရက်စက်စက်
သေရေးရှင်ရေးကြိုးစားပေးနေရလေရဲ့။
ကဗျာတပုဒ်ရေးတဲ့အခါ
အလင်္ကာနိမိတ်ပုံလှရဲ့လား
ဂုဏ်မြောက်ရဲ့လား
ခံစားမှုရသကိုရော
ပေးစွမ်းနိုင်ပါ့မလား။
ပြည်နယ်တောင်တန်းမြစ်ဝှမ်းလွင်ပြင်
ငြိမ်းချမ်းရေးကိုမြင်ချင်လိုက်တာ။
မောင်စိမ်းသစ်ဘဝမှာ
စာပေအနုပညာကဗျာကလွဲရင်
ဘယ်စင်မှမက်လောက်တယ်မထင်။
ကျေးလက်လယ်သမားကဗျာဆရာ
မောင်စိမ်းသစ်အတွက်မှာလေ
အကောင်းဆုံးဖျော်ဖြေရေးဟာ
ကဗျာအော်ဟစ်ရွတ်ဖတ်တာ
အကောင်းဆုံး
ကျန်းမာရေးလေ့ကျင့်ခန်းဟာ
မနက်ခင်းတွေမှာလမ်းလျှောက်တာ
အကောင်းဆုံး
စီးပွားရေးလုပ်ငန်းဟာ
အဝတ်အစားခြိုးခြံတာ။
ဘာပဲဖြစ်ဖြစ်
မောင်စိမ်းသစ်က
ခေတ်တခေတ်မဟုတ်ရင်တောင်
မောင်စိမ်းသစ်တော့ဖြစ်နေရမယ်မဟုတ်လား။။
မောင်စိမ်းသစ်
Comments
Post a Comment