သစ်ခက်သံလွင်- ၆၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ ဖိုးမှတ်- ဂဠုန် ဦးစော၏ နောက်ဆုံးစာတစောင်




 ဂဠုန်ဦးစော၏ နောက်ဆုံးစာတစောင် 

 
ဂဠုန် ဦးစော- မူလဓာတ်ပုံရှင်ကို Credit ပေးပါသည်။

ကျနော်သည် ဂဠူန်ဦးစော၏ဘဝနေဝင်ချိန်နောက်ဆုံးကာလများ၌သူ၏ ပုဂ္ဂိုလ်ရေးစိတ်ခံစားမှု မည်သို့မည်ပုံရှိခဲသည်ကို အထူးစိတ်ဝင်စားခဲ့သည့်အားလျော်စွာ အောက်ပါ စာလေးတစောင်ကို ချစ်ကြည်ရေးကြည်ညွန့်ရေးသားခဲ့သည့် "သမိုင်းဝင် သူရိယ မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး" စာအုပ်မှ ကောက်နှုတ်ယူထားမိခဲ့ပါသည်။
မိမိကဲ့သို့ ဂဠူန်ဦးစော၏ဘဝနေဝင်ချိန်နောက်ဆုံးကာလများတွင် ယင်း၏စိတ်ခံစားဖြစ်ပေါ်မှုနှင့် ဘဝအမြင်မည်သို့မည်နှယ်ရှိနေမည်ကို စိတ်ပါဝင်စားသူများအတွက်သော်လည်းကောင်း၊ ထိုစာလေးကိုမတွေ့မမြင် မဖတ်ဖူး မကြားဖူးခဲ့သူများအတွက်သော်လည်းကောင်း မျှဝေပေးလိုက်ပါသည်။

 .....................

ဦးစော သမီးမေသန်းစော (ဘေဘီစော) ထံပေးစာ …

ဦးစောသည်သူ၏သမီးမေသန်းစော (ဘေဘီစော) ထံသို့ နောက်ဆုံးပေးစာ မှာတမ်းတစောင်ကို ကြိုးပေးခံရတော့မည့် ဆဲဆဲရက်ပိုင်းအတွင်း ရေးသားသွားခဲ့လေသည်။ ထိုစာကို သက်ဆိုင်ရာမှ အာဏာပိုင်တို့က မေသန်းစောထံသို့ ပေးခဲ့သည်ဟု ဆိုပါသည်။


ဖခင်ဦးစောက သမီးမေသန်းစောထံသို့ နောက်ဆုံး ရေးသားသွားခဲ့သည့်မှာတမ်းစာထဲတွင် …

“ဒေါသနှင့် အာဃာတတရားသည် ကောင်းကျိုးကိုမပေးဘဲ ဆိုးကျိုးကိုသာ ပေးသည်။ သူတို့အမျိုးသည် သူများကတချက်ရိုက်လျှင် ကိုယ်ကနှစ်ချက်ပြန်ရိုက်ရမှ ကျေနပ်သည့်အမျိုး၊ ထို့ကြောင့် သူသည် ဒေါသမီးကို ရင်ဝယ်ပိုက်ပြီး အာဃာတတရားကြီးမားလွန်းခဲ့သဖြင့် သူ၏ဘ၀ကို တိုတိုနှင့်ပိုင်းကာ ဇာတ်သိမ်းဆိုးခဲ့ရသည်။ 

အကယ်၍ဒေါသမီးကို ရင်ဝယ်မပိုက်ဘဲ ငြိမ်းသတ်နိုင်ခဲ့ပြီး အာဃာတ တရားကိုလည်း ဖျောက်ဖျက်ပစ်နိုင်ခဲ့မည်ဆိုပါလျှင် ယခုလို အသက်ငယ်ငယ်နှင့် ဘဝကိုတိုတိုပိုင်းရမည်မဟုတ်ချေ၊ သူမြတ်နိုးသောဇနီး၊ သူချစ်သောသမီးတို့နှင့်လည်း အို အောင်မင်းအောင်နေထိုင်ရပြီး တိုင်းပြည်ကျိုးကို သည်ပိုးထမ်းဆောင်သွားနိုင်မည်ဖြစ်သည်။ 

ယခုမူကား လွန်ခဲ့လေပြီ၊ ပြီးခဲ့လေပြီ။ သို့တစေလည်း ဖခင်ဖြစ်သူ၏အမှားမျိုး၊ နောင်တမျိုး၊ သံဝေဂမျိုးကို သမီးဖြစ်သူ မကြုံတွေ့ရလေအောင်၊ ဖခင်၏ဘ၀သင်ခန်းစာကိုယူ၍ ဒေါသမီးကိုရင်ဝယ်မပိုက် ထွေးဘဲ ငြိမ်းသတ်ပစ်ပါ။ မည်သူ့အပေါ်မျှ ရန်ငြိုးဖွဲ့၊ ရန်ငြိုးမထားဘဲ အာဃာတတရားကို ဖျောက်ဖျက်မေ့ပျောက် ပစ်ပါလေချစ်သမီး” ဟူ၍ ဖော်ပြပါရှိသည်ဟု သိရလေသည်။

ချစ်ကြည်ရေးကြည်ညွန့် -သမိုင်းဝင် သူရိယ မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး  (စာ -၄၀၅ မှ…)


Comments