သစ်ခက်သံလွင်၊ နိုင်ငံရေးသုံးသပ်ချက်- ထွန်းဝင်းငြိမ်း ၏ "လူထုနည်းနဲ့ ပြည်တွင်းစစ်ကို ရပ်ပစ်ဖို့လိုပြီ "

လူထုနည်းနဲ့ ပြည်တွင်းစစ်ကို ရပ်ပစ်ဖို့လိုပြီ
ထွန်းဝင်းငြိမ်း




“‘ပြည်သူတို့ ‘ဒီမိုကရေစီ’ တို့ ဆိုတဲ့စကားလုံးတွေကို ရေလဲနဲ့သုံးနေကြတယ်။ ဒါပေမဲ့ အမြဲပဲ အရိုးခံစိတ်နဲ့ သုံးတာတော့ မဟုတ်ဘူး။ ဒါတွေဟာ လူတွေကိုဖမ်းစားဖို့ စကားလုံးတွေပဲဖြစ်ပြီး ပြည်သူလူထုအကျိုး အတွက် အာဏာကိုအသုံးချမယ်လို့ ထင်ရသူတွေလက်ထဲ အာဏာရောက်အောင် လှည့်စားတာသာ ဖြစ်တယ်၊ ဒါပေမဲ့ ဒီလူတွေဟာ နောက်ဆုံးမှာတော့ ပြည်သူတွေရဲ့အကျိုးစီးပွားကို ဆန့်ကျင်ပြီး အာဏာရ လူတန်းစားအကျိုးအတွက်ပဲ ဒါတွေကို အသုံးချကြတယ်”
(ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှ)
 
အစိုးရပေါ်လစီ

မြန်မာပြည်ရဲ့လက်ရှိငြိမ်းချမ်းရေးအနေအထားက တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုး စစ်တွေ ဆင်နွှဲနေဆဲ ဖြစ်ပါတယ်။ စစ်ပွဲတွေ မရပ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ် နေတာ ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းမှုတွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ခွင့်မရရှိသေးတဲ့ အနေအထားဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အားလုံးပါဝင်လက်မှတ်ရေးထိုးဖို့ ဆွေးနွေးကြရာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို လက်မခံတာ၊ ကန့် သတ်ထားတာ၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခိုင်းတာစတဲ့ ဖိအားပေးမှုတွေ ရှိနေတာ တွေ့ရပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့် ပြုမယ်ဆိုတဲ့သဘောထားတွေကို အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို မပြင်ဆင်ဘဲ NCA ကို အတင်းအကြပ် လက်မှတ်ထိုးခိုင်းတဲ့ အစိုးရပေါ်လစီက ဝေဖန်စရာ ဖြစ် လာပါတယ်။ လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချို့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး လက်နက်ကိုင်တိုက်ပွဲတွေကို ဆူပူသောင်းကျန်းမှုအဖြစ် သတ်မှတ်တာ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က တည်ငြိမ်အေးချမ်းအောင် အခြေအနေကိုထိန်းသိမ်းနေတယ် ဆိုပြီး သတ်မှတ်တာတွေက တိုင်းရင်းသားအဖွဲ့အစည်းတွေအပေါ် မှန်မှန်ကန်ကန်မမြင်နိုင်ပဲ ဘက်လိုက်မှု တွေရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြားနည်းလမ်းတွေကို မရှာဖွေတော့ဘဲ NCA ကို မဖြစ်မနေ လက်မှတ်ထိုးရမယ် ဆိုတာကလည်း မှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းတခုအဖြစ် တိုင်းရင်းသားတွေက မသတ်မှတ်ကြပါဘူး။
အဲဒီလိုအခြေအနေတွေမှာ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ပွဲတွေနဲ့ တတိယအကြိမ် ပန်ခမ်းအစည်းအဝေးက တရားမျှတမှုရှိတဲ့အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ NCA ကို အစားထိုး ရေးဆိုတဲ့ နိုင်ငံရေး သဘောထားသစ် တရပ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို အနေအထားတွေ ရင်ဆိုင်နေရတာဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ တပ်မတော်က အမျိုးသားနိုင်ငံရေးကို ဦးဆောင်ရမယ်ဆိုတဲ့ အချက်တွေ ထည့်သွင်းထားတာတွေက အင်အားကြီးသူကသာ အခြေအနေတခုလုံးကိုပြဋ္ဌာန်းခွင့်ရှိတယ်ဆိုတဲ့ အယူအဆကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းတလျှောက်မှာ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု ရယူဖို့ဆောင်ရွက်ခဲ့ပါ သလားဆိုတာ ဆန်းစစ်သင့်ပါတယ်။

နိုင်ငံရေးဦးဆောင်မှုဆိုတာ

တပ်မတော်ကို အဓိကမွေးမြူတည်ထောင်ခဲ့သူဟာ သခင်အောင်ဆန်းဖြစ်ပါတယ်။ သခင်အောင်ဆန်းဟာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ်အသွင်ပြောင်းပြီး ဖွဲ့စည်းဦးဆောင်ခွင့်ရခဲ့စဉ်တုန်းက တပ်မတော်ကို ဖဆပလ အဖွဲ့ချုပ်ရဲ့နိုင်ငံရေးဦးဆောင်မှုအောက်မှာပဲထားခဲ့တဲ့အတွက် တပ်မတော်ရဲ့ ဂုဏ်သိက္ခာတက်ခဲ့တာ ဖြစ်ပါ တယ်၊ တပ်မတော်အနေနဲ့ တိုင်းပြည်မှာနိုင်ငံရေးဦးဆောင်မှုယူဖို့ဆိုတာကိုဗိုလ်ချုပ်အောင်ဆန်း အသက် ထင်ရှားရှိခဲ့စဉ်တုန်းက တခွန်းတပါဒမျှ မဟခဲ့ဘဲ တပ်မတော်ကို သူ့နေရာမှာပဲသူ ထားခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ စစ်ဘက်အပါအဝင် တိုင်းပြည်ရဲ့ ကာကွယ်ရေးပိုင်း ဆိုင်ရာကိစ္စရပ်တွေကို ဘာကြောင့် ကြီးကြပ်သင့်တယ်။ လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရသူတွေက ဘယ်လိုကြီးကြပ်သင့်တယ်။ လူထုအုပ်ချုပ်ရေးယန္တယားရဲ့ဘယ်လို အစိတ်အပိုင်းတွေက ဘယ်နည်း ဘယ်ပုံကြီးကြပ်သွားမယ် …စတာတွေ တလုံးမှ မပါရှိပါ။ အဲဒါတွေနဲ့ ပြောင်းပြန်ပါပဲ၊ တပ်မတော်ကို တိုင်း ပြည်ရဲ့ကယ်တင်ရှင်အဖြစ် အမွမ်းတင်။ လုံးဝလွတ်လပ်တဲ့ လက်နက်ကိုင် အင်အားစုအဖြစ် တရားဝင် ရပ်တည်ခွင့်ရအောင် ကြိုးပမ်းပြီး မြန်မာ့လူ့အဖွဲ့အစည်း တခုလုံးရဲ့အထက်မှာ နေရာယူထားတာကို တွေ့ရ ပါတယ်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ အတည်ပြုခဲ့ကြစဉ်က ပြည်သူလူထုရဲ့အချုပ်အခြာ အာဏာပိုင်မှု မူကိုသာကျင့်သုံးခဲ့ကြပြီး တပ်မတော်အနေနဲ့နိုင်ငံရေးမှာပါဝင်ဦးဆောင်သင့်တယ်ဆိုတာမျိုးကို ဘယ် တပ်မတော် ခေါင်းဆောင်ကမှ တင်ပြဆွေးနွေးခဲ့ကြတာမရှိခဲ့ပါဘူး။ ထည့်သွင်းပြဋ္ဌာန်းခဲ့တာလည်း တလုံး တပါဒမျှ မပါရှိပါဘူး။ လွတ်လပ်ရေးရတဲ့အချိန်ကစလို့  ၁၉၆ဝ ခုနှစ်အထိ တပ်မတော်ဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပေး ကာကွယ်စောင့် ရှောက်ဖို့မူဝါဒ ချမှတ်ကျင့်သုံးခဲ့တယ်။ ၁၉၆ဝ ခုနှစ် ဇန်နဝါရီလ သုံးဆယ်ရက်နေ့ရက်စွဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေထုတ်ဝေတဲ့နိုင်ငံတော်ဝါဒနှင့် တပ်မတော်လုပ်ငန်းစဉ်ဆိုတဲ့ စာအုပ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံသား တို့ထံ တည်သည်ဆိုတဲ့အချက်ကို မီးမောင်းထိုးဖော်ပြထားခဲ့တယ်၊ အဲဒီအချိန်အထိ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်သင့်တယ်ဆိုတဲ့မူမျိုးချမှတ်ခဲ့တာ မတွေ့ရပါ၊ လက်တွေ့အနေနဲ့လည်း လူထု အစိုးရရဲ့ဦးဆောင်မှုကိုသာနာခံပြီး တပ်မတော်တရပ်လုံးဟာ ကိုယ့်နေရာမှာသာ ကိုယ်နေခဲ့တဲ့အခါ မှာ တိုင်းပြည်ရဲ့စီးပွားရေးဟာ တလျှောက်လုံး တိုးတက်ခဲ့တာ တွေ့ရပါတယ်၊ ရေမြင့်ရင် ကြာတင့်ဆိုသလို တပ်မတော်သားထုတရပ် လုံးရဲ့စီးပွားရေးဟာလည်း တင့်တောင့်တင့်တယ်ရှိခဲ့ကြတာကို ပြန်လည်သုံး သပ်နိုင်ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်ပြီး တပ်မတော်အနေနဲ့ အာဏာသိမ်းလိုက်တဲ့အခါ နိုင်ငံရေးအရ တတိုင်းပြည်လုံး ကမောက်ကမဖြစ်သွားပြီး တိုင်းပြည်စီးပွားရေးကိုပါ ထိခိုက်ခဲ့ရပါတယ်၊ ၁၉၆၃-၆၄ ခုနှစ် လောက်ကနေစပြီး တိုင်းပြည်စီးပွားရေး တစတစ ကျဆင်းလာခဲ့တာ တပ်မတော်က နိုင်ငံရေးမှာ တိုက်ရိုက် ဝင်ရောက်ချုပ်ကိုင်လာခဲ့ပြီးတဲ့နောက် နှစ်ပေါင်းငါးဆယ်ကျော်ကာလ ယနေ့ အချိန်မှာတော့ လူထုအများစု ကြီးဟာ ဆင်းရဲတွင်းနက်တဲ့ဘဝကို ရောက်နေရပါတော့တယ်၊ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျတဲ့ဒဏ်ကို တိုင်းရင်းသား ပြည်သူတရပ်လုံးအပြင် တပ်မတော်သား မိသားစုအများစုလည်း ခါးစီးခံနေကြရတာ ဖြစ်ပါ တယ်။

တိုင်းပြည်တိုင်းမှာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ သူ့ အခန်းကဏ္ဍနဲ့သူ အရေးကြီးကြပါတယ်။ သူ့နေရာမှာ သူနေပြီး လူထုအစိုးရ က ပေးအပ်တဲ့ တိုင်းပြည်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ကိုသာ ထမ်းဆောင်နေမယ်ဆိုရင် ဂုဏ်သိက္ခာရှိတဲ့ ဘဝကိုလည်း တည်ဆောက်ခွင့်ရှိသူတွေ ဖြစ်ပါ တယ်၊ ဒါပေမဲ့ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်မှုကိုယူမယ်ဆိုတဲ့ မူကိုကျင့်သုံးပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲထားတာဖြစ်တဲ့အတွက် အကျိုးစီးပွားရှိတာက စစ်အုပ်စု ထိပ်သီးခေါင်းဆောင် တစုနဲ့ ခရိုနီများသာ ဖြစ်ပါတယ်၊ အကျိုးမဲ့ရတာက ပြည်သူလူထုတရပ်လုံးသာမက အောက်ခြေ တပ်မတော်သားတွေအားလုံးပဲ ဖြစ်တဲ့အတွက် တနိုင်ငံလုံး ဆင်းရဲတွင်းနက်ခဲ့ရပါတယ်။

ဖွဲ့သည်းပုံသည် ငြိမ်းချမ်းရေးအတွက်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်ထဲမှာ ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရေးအတွက် တည်ရှိဖို့ လိုအပ် တာ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာကာမှငြိမ်းချမ်းမှုကို ပိုမိုထိခိုက်ပျက်ပြားတာမျိုး မဖြစ်သင့်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းပြည်ထဲမှာရှိတဲ့ ပြဿနာတွေ ပဋိပက္ခတွေကို လက်နက်ကိုင်တဲ့နည်းနဲ့ ဖြစ်စေ၊ အခြားအကြမ်းဘက်တဲ့နည်းနဲ့ဖြစ်စေ ဖြေရှင်းတာမျိုးကို လုံးဝအားမပေးပါ။ အပြန်အလှန် လွတ် လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး မတူတဲ့အမြင်တွေကို စနစ်တကျထုတ်ဖော်ကာ ကွဲပြားတဲ့သဘောထားတွေကို ညှိနှိုင်းခွင့်ရနိုင်မယ့်အနေအထားမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေက လမ်းခင်းပေးရတာဖြစ်ကြောင်း ဥပဒေ ပညာရှင်တွေ ဖော်ထုတ်တင်ပြ ကြပါတယ်။

လူပုဂ္ဂိုလ်အချင်းချင်းကြားမှာဖြစ်စေ။ လူမျိုးတမျိုးနဲ့ တမျိုးအကြားဖြစ်စေ၊ အစိုးရနဲ့ပြည်သူအကြားမှာပဲ ဖြစ်စေ ဖြစ်ပွားတဲ့ပြဿနာမှန်သမျှကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့အတွက် ဖွဲ့သည်းပုံအခြေခံ ဥပဒေဟာ ကြောရိုးဖြစ်စေရပါမယ်။ နောက်ဆုံးမှာ ဆွေးနွေးညှိနှိုင်းအပေးအယူလုပ်ပြီး ဖြေရှင်းလို့ ဘယ်လိုမှ မရနိုင် တော့ဘူးဆိုရင် တရားဥပဒေရဲ့အဆုံးအဖြတ်ကိုခံယူပြီး ဖြေရှင်းနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားစီရင်ရေးမဏ္ဍိုင်ကို ကြံ့ခိုင်အောင်တည်ဆောက်ထားရတာဖြစ်ပါတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ငြိမ်းချမ်းမှုဦးတည်ချက်ကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ဖို့လူတိုင်းအတွက် သတ်မှတ်ပေးထားတဲ့ အခြေခံ ကောင်းတရပ် ဖြစ်ရပါမယ်၊ ဒီလိုဖြစ်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူပုဂ္ဂိုလ်တဦးနဲ့ အခြားတဦးအကြား၊ လူ့ အလွှာတခုနဲ့အခြားတခုအကြား၊ လူမျိုးတမျိုးနဲ့အခြားတမျိုးအကြား စတာတွေမှာ တန်းတူညီမျှမှုကို အာမခံရ ပါလိမ့်မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ တည်တန့်ခိုင်မြဲခြင်းမရှိဘဲ ပျက်သုဉ်းချုပ်ငြိမ်းသွားလေ့ရှိတာကို မြန်မာနိုင်ငံ ရဲ့သမိုင်းဖြစ်ရပ်တွေမှာ တွေ့နိုင်ပါတယ်၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာ ကောင်းလွန်းတဲ့ အတွက် ကမ္ဘာတည်သရွေ့တည်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်ဆိုပြီး ၁၉၅၈ ခုနှစ် တပ်မတော် ညီလာခံမှာ ကြွေးကြော်ခဲ့ဖူးပါတယ်။ နောက်ထပ် လေးနှစ်အကြာ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း လိုက်တဲ့အခါ စစ်အာဏာရှင်တွေဟာ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို စက္ကူစုတ်တခုလို လွှင့်ပစ် လိုက်ကြတာပါ။ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုကြီး ကနေ ရုပ်သိမ်းဖယ်ရှားပစ်ခဲ့တာပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ဒီကြမ္မာကနေ လွတ်နိုင်မှာ မဟုတ် ပါဘူး။
စစ်အာဏာရှင်တွေဟာ သူတို့အကျိုးစီးပွားနဲ့မကိုက်ညီတော့ဘူးဆိုရင် သူတို့ရေးထားတဲ့ ဖွဲ့စည်းပုံပင်ဖြစ်စေ ဦးတော့ ဖယ်ရှားပစ်ဦးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာရှင် စနစ် တည်မြဲကြီးထွားရေးအတွက် အဓိက ဒေါက်တိုင်ကြီးသာ ဖြစ်တယ်ဆိုတာကို လူထုအများစုကြီးက သဘောပေါက်လာကြရင် လူထုအုံကြွတိုက်ပွဲဝင်မှုကြီး ထပ်မံဖြစ်ပေါ်လာပြီး နောက်ထပ်တကြိမ် ဒီဖွဲ့စည်းပုံ ကို ဖယ်ရှားပစ်ဦးမှာ ဖြစ်ကြောင်း သုံးသပ်နိုင်ပါတယ်။

အဓိက အတားအဆီး 

ဒီနေ့ကာလရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အဓိကအတားအဆီးဖြစ်နေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ နိုင်ငံရေးအင်အားစုအများက သဘောပေါက်လက်ခံလာကြပြီ ဖြစ်ပါတယ်။ တပ်မတော်က လုပ်ပိုင်ခွင့်တွေ အလွန်အမင်းရယူထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်မှုတွေ ကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။ လက်ရှိ NCA စာချုပ်မှာလည်း လိုအပ်ချက်များစွာရှိနေပြီး UNFC က အကြောင်းပြန်ထား တဲ့ တောင်းဆိုချက်တွေကို ပြင်ဆင်ဆောင်ရွက်ပေးမှု မရှိသေး ပါဘူး။ ဒါကြောင့် NCA ကို အစားထိုး မယ့် “တရားမျှတသော အပစ် အခတ်ရပ်စဲရေးစာချုပ်သစ်”ကို “ ဝ သွေးစည်း ညီညွတ် ရေးအဖွဲ့ UWSA” ဦးဆောင်ကျင်းပတဲ့ ပန်ခမ်း အစည်းအဝေးက တောင်းဆိုလာတာတွေကို ကြည့်ခြင်းအားဖြင့် UNFC အပါအဝင် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေအနေနဲ့ အစိုးရအပေါ် ယုံကြည်မှု လျော့နည်းလာတာကို ဖော်ပြတာဖြစ်ပါတယ်။

လူထု အသံ၊ လူထု ပါဝင်မှု

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က တိုးတက်မှုမရှိတဲ့အပြင် နိုင်ငံတကာ အကူအညီနဲ့ ပြုလုပ်နေရတာဖြစ်တဲ့ အတွက် ကြာလာလေ ပိုမိုရှုပ်ထွေးလာ နိုင်ချေ ရှိပါတယ်။ ပြည်တွင်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ စစ်တပ်၊ လွှတ်တော်နဲ့အစိုးရတို့ဟာ ရည်ရွယ်ရာ အကောင်အထည် မဖော်နိုင်သေးတဲ့အပြင် ပြည်ပမှ ငြိမ်းချမ်းရေးအတွက် ကူညီပံ့ပိုးနေတဲ့နိုင်ငံတွေကလည်း သူတို့အကျိုး စီးပွားတွေသာ ဦးစားပေးတာကြောင့် ပြည်သူလူထုအတွက် စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့ မလွယ်ကူသေးပါဘူး။

ငြိမ်းချမ်းရေးအတွက် လူထုပါဝင်မှု၊ လူထု အခန်းကဏ္ဍ၊ လူထုအသံပျောက်နေပြီး လူထုလှုပ်ရှားမှု၊ လူထု တောင်းဆိုသံတွေက ကန့်သတ်ခံ၊ လျစ်လျူရှု ခံနေရဆဲဖြစ်ပါတယ်။ လက်ရှိ NLD အစိုးရနဲ့ တပ်မတော်တို့ အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့ ထိတွေ့ဆက်ဆံမှုအားနည်းနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လူထုဆန္ဒနဲ့အညီ ပြည်တွင်းစစ်ကို ဒီမိုကရေစီနည်းလမ်းတကျ အမြန်ဆုံး ရပ်စဲကြဖို့ သေရးရှင်ရေးတမျှ အရေးကြီးနေပါကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း 
၂၃-၃-၂၀၁၇

Comments