Monday, March 27, 2017

k

သစ်ခက်သံလွင်၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ)၏ "တော်လှန်ရေး ဥဒါန သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း "



တော်လှန်ရေး ဥဒါန သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း
 ငြိမ်းဝေ (ကဗျာ့ အိုးဝေ)

ဆရာကြီးမင်းသုဝဏ်- အင်တာနက်မှ

(က)

ရွာထဲမှာ ရန်သူမရှိတော့ဘူးထင်ရဲ့။
သေချာတိကျမသိရလို့ ရွာစပ်ကို ကပ်သွားတဲ့ အချိန်အထိ သူက သတိ လက်မလွှတ်။ ရွာဘေးက လယ်ကွက်တွေကိုမကျော်ခင် ရွာခြေ ဆီကိုစောင့်ကြည့်သည်။ ရွာထဲကအသံကို နားစွင့်သည်။ အသံတွေတိတ်ဆိတ် လွန်းနေ သည်။ ကွင်းထဲကဖြတ်လာတဲ့လေက သူ့ နားရွက်ဘေးနားက သစ်ရွက်ကိုတိုးတိုက်ပြီး လေကတော့ထိုးကာ တရွှီရွှီအသံကို ကြားနေရ၏။ သူက နားကို ပိုပြီးစွင့်သည်။ မျက်စေ့ကို ပိုပြီးဖွင့်သည်။

ရွာ့ဟိုဖက်ထိပ်တွင် ရန်သူ့တပ်ခွဲစခန်းရှိခဲ့၏။ ညက ရန်သူ့စခန်းကို ပြောက်ကျားတပ်က ၀ိုင်းတော့ ရန်သူက ရွာထဲသို့ဝင်ပြီးခံသည်။ ပြောက်ကျားရဲဘော်များက ရွာကိုထိမည်စိုးသဖြင့် သေနတ်သံပေးပြီး ခြောက်သည်။ ရန်သူ့စခန်းနှင့် လယ်တကွက်ခြားအထိပြေးကပ်ကာ လက်ပစ်ဗုံးနှင့်ထုသည်။ စခန်းကုန်ပေါ်က သေနတ် သံခြောက်တိခြောက်ချက်သာ ပြန်ကြားရသည်။ အင်နှင့်အားနှင့် ခုခံခြင်းမပြု။ ထိုအခါ ရန်သူက ရွာထဲတွင် ၀င်ခိုပြီး ရွာကို ဒိုင်းအဖြစ်လုပ်နေသည်ကို အားလုံးသဘောပေါက်၏။ ထို့ကြောင့် မိုးလင်းကာနီးအထိ ရွာကို ပစေါက်သဏ္ဍာန် ခတ်ကြဲကြဲဝိုင်းထားလိုက်၏။ ရန်သူ့တပ်ကို ထွက်ပေါက်တခုပေး ပြီး ၀ိုင်းထားလိုက်ကြ၏။
နေရာင်ခြည်မြင်ရသောအခါ သူနှင့် အခြားရဲဘော် (၅)ဦး ရွာထဲသို့ ရှေ့မှဝင်ရန် တာဝန်ယူလိုက်သည်။ ပြောက်ကျားတချို့က ရန်သူ့တပ်ခွဲကုန်းကို ၀င်သိမ်းလိုက်ကြ၏။ သူက စခန်းကုန်းသိမ်းအဖွဲ့နှင့် လိုက်ချင် သော်လည်း အဖွဲ့ခေါင်းဆောင်က ရွာထဲဝင်ရန်သာ တာဝန်ပေး၏။ ထို့ကြောင့် ယခုအခါ သူနှင့် ပြောက်ကျား ရဲဘော် (၅) ဦး ၊ ရွာနှင့် လယ်တကွက်အကွာ ရိုးထဲတွင် ငြိမ်သက်စွာ နေရာယူထားလိုက်ကြ၏။

ရွာထဲက ကြက်တွန်သံများ တိတ်ဆိတ်သွားခဲ့ကြပြီ။ ရွာမလှမ်းမကမ်း တောအုပ်တောတန်းဆီက ကြက်တွန် သံများပင် တိတ်ဆိတ်သွားခဲ့ပြီ။ တဆက်တည်းဆိုသလို အိပ်တန်းဆင်းငှက်မြည်သံများပါး သွားခဲ့ပြီ။ နေရာခန့်မှန်းရခက်သည့် ရွာထဲတနေရာက ခွေးဟောင်သံကြားရ၏။ တခြားမည်သည့်အသံမျှ မကြားရ။
သူနှင့်ရင်ဘောင်တန်းပြီး ၀ပ်နေသည့်ရဲဘော်များကိုလက်ဖြင့် အချက်ပြလိုက်သည်။ ရွာထဲသို့ဝင်ရန် လယ် ကွက်ကို ဖြတ်ကျော်ပြီး ပြေးကပ်သည်။ ရွာစည်းရိုးအတွင်းအထိ တဟုန်ထိုးပြေးဝင်သည်။ 


စည်းရိုးနှင့်ကပ်လျက် အိမ်နှစ်လုံးကြားတွင် နေရာယူသည်။
တပြိုင်နက်တည်းဆိုသလို သူနှင့်ယှဉ်လျက် ခြေသံများကြားရသည်။ သူက ကျန်ရဲဘော်များကို လက်နှင့် အချက်ပြကာတားသည်။ သူတဦးတည်း ရွာလည်လမ်းပေါ်တက်နှင့်မည့်အကြောင်း အချက်ပြသည်။ ထို့နောက် ရွာလည်လမ်းဘေးကို ပြေးကပ်သည်။ ရွာထဲတွင် လူသူမရှိသလောက် တိတ်ဆိတ်လွန်းနေ သဖြင့် သူက ရောက်ရာနေရာတွင်ပင် သေနတ်ကိုအသင့်ကိုင်ပြီးရပ်သည်။ ရွာလည်လမ်းပေါ်တက်သည်။ မျက်စေ့လျင်လျင် နားတစွင့်စွင့်နှင့် ရှေ့ကိုဆက်ပြီး လျှောက်သည်။ ခြေလှမ်းနှစ်ဆယ်မျှလှမ်းပြီးမှ နောက်က ရဲဘော်များကို ပြန်ငဲ့ကြည့်သည်။
ထိုစဉ်မှာပင် သူ့ညာခြေဖ၀ါးအောက်က အရာကို သတိပြုမိတော့သည်။ သူက ခြေထောက်ပြန်မကြွပဲ သည် အတိုင်း ရပ်သည်။ သူ့ကိုလှမ်းမော့ကြည့်နေကြသူမျာကို မြေကြီးနဲ့ကပ်ပြီးဝပ်နေရန် အချက်ပြသည်။ သူ့ခြေဖ၀ါးအောက်ကို လက်ညှိုးထိုးပြီး မိုင်းဗုံးနင်းမိထားကြောင်း အချက်ပြသည်။ ထိုစဉ်မှာပင် ပေါက်ကွဲ သံကြီး ထွက်ပေါ်လာခဲ့၏။
လူတယောက် ဖုံလုံးနှင့်အတူ လက်ခုပ်တဖောင်ခန့်အထိ မြောက်တက်ပါသွားပြီးမှ ပြန်ကျသည်။ ခွေးဟောင်သံများ၊ လူသံများ ဆူညံသွား၏။ သေနတ်သံများကိုမူ မကြားရ။ ရဲဘော်တချို့ သူ့ဘေးသို့ ရောက်လာကြသည်။ ရွာသားတချို့ သူ့အနားကို ရောက်လာကြသည်။ သူက မျက်လုံးများကို မှိတ်ကာ သေနတ်ကိုသာ တင်းတင်းဆုပ်ထားမိ၏။ ထို့နောက် သူ့ဘေးတွင် အမှောင်ထုကြီး ရုတ်တရက် လွှမ်းမိုးသွားလေသည်။


(ခ)

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း..။


အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း” ။


ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ” ။


မျက်လုံးများကို ဖွင့်ကြည့်သည်။ စူးရှတင်းမာသည့်အလင်းရောင်များက သူ့ဦးနှောက်အထိ တိုးဝင်လာသလို နာကျင် သွားရ၏။ မျက်လုံးများကို ပြန်ပိတ်သည်။ သူ့ခန္ဓာကိုယ်တနေရာမှလေများ ခန္ဓာကိုယ်အတွင်း တိုးဝင် လာနေသလို ခံစားရ၏။ လက်ကို မကြည့် သည်။ ခြေထောက်ကို ဆကြည့်သည်။ သူသည် လေထဲ၌ မျောပါ နေသလိုဖြစ်နေ၏။
နားထဲတွင် ကြားရသမျှအသံများကို စစ်ထုတ်နေရသည်။ မည်သည့်အသံမျှ အဓိပ္ပာယ် မသဲကွဲ။ မည်သည့်အသံမျှ အဆုံးအထိ ဖမ်းဆုပ်လို့မရ။ သူ ဘယ်ရောက်နေသလဲ။ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ ဖြစ်နေတာလဲ ....။ ဘာတခုမျှ မသဲကွဲ။

ခန္ဓာကိုယ်အတွင်းက အင်အားဟူသမျှ ကျစ်သထက်ကျစ်အောင် စုစည်းကာ၊ အတွေးအာရုံကို မြှင့် သည်။ ထိုအခါ သူ့ဘေးတွင် လူတချို့ဝိုင်းအုံပြီး ရှိနေသည်ကို သတိပြုမိလာရသည်။ မည်သူမျှ စကား မပြောကြ။ သူ့ကို ငုံ့ကြည့်နေကြသည်။

ကျနော့် ... မိန်းမကို ပြောလိုက်ပါ၊ မတတ်သာတဲ့အဆုံး နောက်အိမ်ထောင်ပြုမယ်ဆိုရင် ကျနော် ခွင့်ပြု တယ်”

လူတချို့ထံမှ ငြီးငြူစုတ်သပ်သံများကို ကြားရသလိုရှိသည်။ သူတို့ငိုနေကြတာများလား။ သူ့အဖြစ်က မျက်ရည်ကျရလောက်အောင် တန်ဘိုးကြီးနေလို့လား။ လူတယောက် ...။ သေနတ်တလက်နှင့် ...။ တော်လှန်ရေးသမား ...။ ပြောက်ကျားရဲဘော်။ တိုက်ပွဲဝင်။ ဒဏ်ရာရသေဆုံး...။ သူ့အဖြစ်မျိုး... သူ တယောက်တည်းသာ ကြုံရသည့် ထူးခြားသီးသန့်ဆန်သည့်ဘ၀တခုပေလား။ သူဒီလို မယုံကြည်ပါ။ သူသည် အညတြလူတယောက်။ လူထဲက လူတယောက်။ သူသည် လူတယောက်လို မွေး၊ လူတယောက်လို ကြီးပြင်းကာ၊ လူတယောက်လို ပြုမူသွားလာခဲ့။ လူတယောက်လို နိဂုံးချုပ်ခြင်း သဘောမျှသာ။ ထို့ကြောင့် သူသည် ...။

အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း”။
မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ”။


ဖခင်ဖြစ်သူရဲ့ ချောင်းဟန့်သံကို သူကြားလိုက်ရ၏။ မိခင်ဖြစ်သူ၏ ကြည်မြလေးနက်လှသည့် ဘုရားရှိခိုး ဆုတောင်းသံကိုလည်း ကြားရ၏။ ဖခင်ဖြစ်သူ၏ ခြေသံ၊ မိခင်ဖြစ်သူ၏ ဆုတောင်းသံများမှာ သူနှင့် နီးလာ လိုက်၊ ဝေးသွားလိုက်။ ထိုအခါ သူ့ခန္ဓာကိုယ်မှာ မည်သည့် ဝေဒနာဒုက္ခမျှ မခံစားရ။ လေထဲတွင် ပေါ့ပါးစွာ မျောပါလျက်။ သို့မဟုတ် ရပ်တန့်လျက်။

မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ” ။


ထူးခြားလှသည့် တူရိယာသံကို သူကြားရသည်။ ထောင်သောင်းမကသော သူရဲကောင်းတို့၏ အော်သံ ဟစ်သံများကို သူကြားရသည်။ စစ်သည်ရဲမက်များ၏ လှံများ ဓားများ ... ဒိုင်း၊ ကာ၊ လွှားတို့နှင့် ရိုက်ခတ်သံ ကို သူကြားရသည်။ တိုက်စည်တိုက်မောင်းများ တပြိုင်နက် တီးခတ်လိုက်သည့် မိုးခြိမ်းသံကြီးကို သူ ကြားရသည်။ မြေပြင်လွှာသည် ပြင်းစွာတုန်ခါလျက်။ မိုးသက်မုန်တိုင်းများ ကျလျက်။

ဘယ်ရောက်ကုန်ကြပြီလဲ။ သူနှင့်အတူ တောအုပ်ကို ဖြတ်လာခဲ့ကြသည့် သူ့ရဲမက်များ ဘယ်ပျောက်ကုန် ကြပြီလဲ။ သူက အဘယ့်ကြောင့် ကွင်းစပ်တခုတွင် ရပ်နေခဲ့သည်လည်း။ ရဲမက်တို့၏ခြေသံများကို သူ မကြားရတော့။ ရဲမက်တို့၏ အော်ဟစ်သံမျာကို သူမကြားရတော့။ တိုက်စည် တိုက်မောင်းသံများမှာ ရုတ် ချည်းပျောက်ကွယ်၏။
သူသည် ရဲမက်တို့၏နောက်တွင် တဦးတည်းကျန်ရစ်ခဲ့ပြီကို သတိပြုမိ သောအချိန်၌ နေရာင်ခြည်များလည်း အားအင်ဆုတ်ရုပ်လာခဲ့ပြီဖြစ်သည်။ သူ လက်ကိုလှုပ်သည်။ ခြေထောက်များကို လှုပ်သည်။ မည်သည့်အရာမျှ လှုပ်ရှားလို့မရတော့။ သူ့ခန္ဓာကိုယ်တွင် ခြေလက်အင်္ဂါများ မရှိတော့။ ထိုအခါ သူ့နှုတ်ခမ်း မှ တစုံတရာစကားတခွန်းကို အပီသဆုံး ပြောထွက်နိုင်အောင် ကြိုးစားရတော့သည်။ သူသည် အဘယ့် ကြောင့် ရဲမက်တို့နှင့်အတူ လိုက်ပါမသွားခဲ့သနည်း။ သူသည် အဘယ့်ကြောင့် တော်လှန်ရေးခရီး အဆုံး အထိ မချီတက်နိုင်ပဲ ရပ်နေခဲ့ရသနည်း။ သူသည် သူရဲဘောကြောင်သူလော။ 

အခွင့်အရေးသမားလော။ မဟုတ် ...။ လုံးဝမဟုတ်။ ထို့ကြောင့် သူ့မှာ ရှိသမျှ ခွန်အားဟူသမျှကို တစက် မကျန်အောင်ညှစ်ထုတ်ကာ စကားတချို့ကို အပီသဆုံး ပြောလိုက်၏။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း” ။

ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အးနာခဲ့ကြောင်း ပြောပါလေ” ။


(ဂ)

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။ ။



ငြိမ်းဝေ(ကဗျာ့ အိုးဝေ)
(ကဗျာဆရာကြီး မင်းသုဝဏ် ရဲ့ “သူ့မှာတမ်း” ကဗျာကို ခံစားဖြန့်ခင်းကြည့်ခြင်းဖြစ်ပါတယ်။)