သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ "အပြာရောင်အလံမလွှင့်နိုင်သေးတဲ့နိုင်ငံတော် "

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၅ )
အပြာရောင်အလံမလွှင့်နိုင်သေးတဲ့နိုင်ငံတော် 
ကိုနိုင်း
သူရိယနေဝန်း-Vol 1.No 141. 18 March 2017 မှဖော်ပြပြီးဆောင်းပါး-စာရေးသူခွင့်ပြုမှုအရ။
 
နွေရာသီရဲ့ကောင်းကင်ဟာလင်းရှင်းပြီး တိမ်ကင်းစင်တဲ့သဘာဝ တရားနဲ့ လှပနေရပါလိမ့်မယ်။ သဘာဝ တရားကောင်းကင်ကြီး ကတော့ လှပသစ်လွင်ချင် သစ်လွင်နေမှာပါ။ ဒါပေမဲ့ မြန်မာ နိုင်ငံရဲ့ကောင်းကင်ကို မော့ကြည့်လိုက်မိတဲ့အခါမှာတော့ အုံ့အုံ့ ဆိုင်းဆိုင်း မှိုင်းမှိုင်းညို့ညို့နဲ့ ကောင်းကင်ဟာ ပြိုကျတော့ မယောင် ထင်မှတ်နေရပါတယ်။ ခေတ်အပြောင်းအလဲကာလမှာ ဒီလိုဖြစ် တတ်ပါတယ်လို့ ကိုယ့်စိတ်ကိုယ် ဖြေသိမ့် လိုက်ရပါတယ်။ ဒီလိုဖြေသိမ့်ခဲ့ရပေါင်းလည်း များလှပါပြီ။ သမိုင်းတကွေ့ကြုံခဲ့ပေမယ့် ကံမကောင်း အကြောင်းမလှနိုင်သေးတဲ့ ကျွန်တော်တို့နိုင်ငံဆိုပြီး ညည်းပြရမလိုပါပဲ။

ဒီအချိန်မှာ ကျွန်တော့်လိုပဲညည်းလိုက်တဲ့ အောင်စိုးသူ (တခါတုန်း က ချစ်မင်းကိုကို ဟင်္သာတ)ရဲ့ ခေတ်ပေါ်ညည်းချင်းကဗျာကို ဖတ် လိုက်မိတယ်။
သူပြောတာက ကိုယ်ကျိုးကြည့် ကိုယ်ကျိုးသိစိတ်ဓာတ်ရှိသူတွေနဲ့ ဗုန်းဗုန်းလဲကျနေတဲ့ နိုင်ငံတော်မှာ ကျွန်တော်နေပါသည် ..တဲ့။
ဘယ်လိုဗုန်းဗုန်းလဲကျနေလည်း ဘယ်လိုနေလည်းဆိုတာ ဆက်နားထောင်ကြည့်ရအောင်


အရေးပါချင်သူတွေက
အရေးမပါခဲ့တဲ့သမိုင်းအတုတွေကို ကိုးကား
အပျိုရည်ပျက်နေတဲ့စာမျက်နှာများကို
လက်ကလေးနဲ့ထောက်ထောက်ပြရင်း
အရာရောက်လိုခြင်းသီချင်းတွေကိုဆို
အသိဥာဏ်နေညိုနေတဲ့နိုင်ငံတော်မှာ
ကျွန်တော်နေတယ်။

လူဖြစ်ပြီး လူစကားမပြောတတ်သူတွေ
အရည်ခြုံအရည်ခွာ၊ အရည်နွှာချည်သူတွေ
ဇာတ်တိုက်ပြတိုင်း အတူလိုက်က
အတူလိုက်ကြွ၊ အတူမိုက်ပြနေရင်း
အဓမ္မကို ဓမ္မလို့ ထင်နေကြသူတစုက
တဘဝစာအရေးကြည့်ပြီး ဆိုပြတဲ့သံစဉ်ဟောင်းကို
လွဲမှားစွာ နားဝင်ချိုနေတတ်သူများတဲ့နိုင်ငံတော်ကြီးမှာ
ကျွန်တော်တို့နေတယ်။


အခုအချိန်က အဓမ္မလို့အော်ပြီး အရှေ့က ထကပြမယ့်သူတယောက်နောက်မှာလည်း အသိတရားမဲ့ သူတွေက လိုက်အော်နေကြတယ်။ ဒီခေတ်ကြီးကလည်း ဘာကိုမှသေသေချာချာမကွဲပြားတဲ့ ခေတ်ကြီး ဖြစ်နေတယ်။ အနီလိုလို၊ အစိမ်းလိုလို၊ အနီဘက်ရောက်ရင်နီလိုက်ပြီး အစိမ်းဘက်ရောက်ရင် စိမ်းလိုက်ကြသူတွေလည်း ရှိတယ်။
အနီထဲမှာတောင် တဖက်ပိတ်နဲ့ဆန့်ကျင်လာရင် အသေငြင်းပစ်လိုက်ကြသူတွေလည်း ရှိတယ်။ ဒါတွေက အဓမ္မကို ဓမ္မလိုထင်နေကြတာပါပဲ။ ကဲ ဘာကြောင့် နိုင်ငံတော်ပြိုလဲခန်းကို ကဗျာဆရာက ဘယ်လိုမြင်လည်းဆိုတာ ကြည့်လိုက်ကြရအောင်...


ပြဒါးပျက်နေတဲ့မှန်ကွဲကို
ငတေမာအသိနဲ့ပြန်ဆက်ဖို့ကြိုးစား
မိမိအနေအစားချောင်ရေးသာကြည့်
အနာဂတ်တွေအားလုံးကိုဖိချေ
လူတေလေတွေရဲ့အဓမ္မနဲ့
ဗုန်းဗုန်းလဲကျခဲ့ရတဲ့ နိုင်ငံတော်ကြီးမှာ ကျွန်တော်နေတယ်။


ကဗျာဆရာအောင်စိုးသူကတော့ အဓမ္မကိုလက်ကိုင်တုတ်အဖြစ်ကိုင်စွဲထားသူတွေကြောင့် နိုင်ငံတော်ကြီး ဗုန်းဗုန်းလဲကျခဲ့ရတာပါတဲ့။ သူကတော့ ခပ်ရှင်းရှင်းပဲပြောပါတယ်။ ဒီပြောင်းလဲလာတဲ့ခေတ်ပေါ်ကဗျာတွေကလည်း လူနားလည်အောင် တိုက်ရိုက်ပြောနေကြတဲ့ကဗျာတွေ များနေပါပြီ။ နိမိတ်ပုံတွေသိပ်မသုံးပဲရေးတဲ့ကဗျာတွေ ဖြစ်နေပါပြီ။ ဒါကလည်း ခေတ်ကိုး။ ကျွန်တော်ကလည်း တခုတော့ပြောချင်ပါတယ်။ အနုပညာစာပေ၊ ကဗျာမှာ ရသတွေဗုန်းဗုန်းလဲကျနေတဲ့ နိုင်ငံတော်မှာ ကျွန်တော်တို့ နေသည်ပေါ့။ ခေတ်ရေစီးကြောင်းကမကောင်းတော့ ဒိုက်တွေ၊ အမှိုက်တွေကို ရှောင်ရင်း ဝထဲမှာရသစာပေဟာ နစ်မြုပ်နေပါပြီ။
နောက်ကဗျာဆရာတယောက်ကပြောပြန်ပါပြီ။ တောင်ပံကျိုးနဲ့ ခံတွင်းပျက်တဲ့။ ကဗျာဆရာ စိုးနေလင်းကတော့..
.

လေရူးလို့ဆိုဖို့ကလည်း
နွေဦးစစ်မဟုတ်သောကာလ
သူခိုးကလူလူဟစ်
မြစ်မချမ်းသာဖြစ်စဉ်ထဲ
ဘာနဲ့ပဲလဲရ လဲရဆိုပြီး
မီးကိုတိုးမယ့်ပိုးဖလံမျိုး
ရိုးတိုးရွတ ဖြစ်နေကြပြန်ရဲ့။

မြစ်နက်တွေဟာ ရေစီးတည်ငြိမ်ကြသတဲ့
အမျိုးသား(ရေး) အမျိုးသား(ရေး)ဆိုပြီး
နိုးကြားခဲ့တဲ့ကာလရှိခဲ့ပေမယ့်
အမိမဲ့သား ရေနည်းငါး
တုံးအောက်ကဖား ပြားပြားချည်းသာ
ရွာနာတာလည်း ကာလရှည်ကြာ

ဟောဟိုမှာတော့
ဘာလင်တံတိုင်းကြီးကိုဖြိုချလိုက်ကြတာ
နှစ်၂၀ ကျော်ကြာခဲ့ပေါ့။


ကဗျာဆရာက ဘာကိုပြောချင်လဲဆိုတာ ကဗျာဖတ်သူတွေသိကြမှာပါ။ ဟိုတပေါက် သည်တပေါက် ပြောသွားတာကိုတော့ နားပေးကြမှာပါ။ ဒါကလည်း ခေတ်ကိုး။ ၈၀ ဆယ်ကျော်ကာလက မောင်ချောနွယ်တို့၊ မြေချစ်သူတို့ပြန်ဖတ်ချင်လို့မှမရတော့ပဲ။ ခေတ်ကပြောင်းသွားပြီ။ လူတွေကလည်း ပြောင်းကုန်ပြီ။ လူဟောင်းတွေကလည်း ခါးကုန်းကုန်ပြီ။ ကဗျာတွေလည်း ခါးကုန်းကုန်မှာပေါ့။ ဖြတ်သန်းခဲ့တဲ့ခေတ်တွေမှာ ဒဏ်ရာတွေကလည်း တနင့်တပိုး။ နာတာရှည်ရောဂါရနေတဲ့ရသမဲ့နိုင်ငံတော်ကြီးမှာ ကျွန်တော်တို့ နေသည်ပေါ့။
ကျွန်တော်တို့နေတာက ခေတ်အသစ်ပါပဲ။ ဒါကို ခေတ်ကအသစ်ဆိုပေမယ့်လည်းဆိုပြီး ဆောင်းယွန်းလ ကဗျာကို ဖတ်လိုက်မိတယ်။


ခေတ်ကအသစ်ဆိုပေမယ့်
လူကမသစ်လေတော့
အခင်းအကျင်းတွေနဲ့ အခင်းဖြစ်ပွားမှုတွေရဲ့ကြား
စကားနဲ့တရားဟာ
သမုဒ္ဒရာတစင်းလိုခြားသွားတယ်။

ဓားသွားထက်ပိုထက်ခဲ့ကြသော အသွားများ
အပြန်မရှိခဲ့တဲ့ နေ့ရက်အမှားတွေထဲ
သံသရာလည်းမဆုံးတော့ပါ။

ကယ်တင်ခြင်းဟာ
ရေငတ်တုန်းခဏမှာ
ပင်လယ်ပြာကိုရှာတွေ့ခဲ့သလိုမျိုး
နှောင်ကြိုးဟာ
အဓိပ္ပာယ်မဲ့ခြင်းအထပ်ထပ်နဲ့ ရစ်ပတ်ရင်း
ချောင်းဖျားရေတိမ်ကို ရေသောက်ဆင်းလာခဲ့ရပြန်ပေါ့။


ကျွန်တော်တို့တိုင်းပြည်ရဲ့သရုပ်မှန်ပြယုဂ်ကိုပြသသွားနိုင်ခဲ့တဲ့ကဗျာတပုဒ်ပါ။
ကျွန်တော်တို့မျှော်လင့်နေချိန်မှာ ကယ်တင်ခြင်းလက်ဆောင်ကိုရခဲ့ ပါတယ်။ ရပြီးချိန်မှာတော့ ကယ်တင်ရှင်ဟာ နှောင်ကြိုးတွေအထပ်ထပ်ထူးခတ်ခံထားရတဲ့သူ ဖြစ်နေသလို၊ သူ့ကိုပြန်ကူမယ့်သူ မရှိဘူးဖြစ်နေပါတယ်။


ခေတ်ကမဟောင်းပေမယ့်
လူကမကောင်းတော့
ရေမရှိတဲ့ချောင်းတွေထဲမှာ
ဖော်စရာနှာခေါင်းနဲ့ပေါ်စရာအလောင်းလည်းမရှိခဲ့
ပညာမရှိတဲ့ကျောင်းတွေထဲမှာ
ဆွဲဖွင့်စရာတံခါးနဲ့တွဲကျင့်စရာတရားလည်းမရှိခဲ့ပါ။

ခေတ်ကအသစ်ဆိုပေမယ့်
လူက လူမစစ်လေတော့
ငါတို့နေထိုင်ရာ ကမ္ဘာကြီးထဲမှာ
မေတ္တာတရားကိုမီးခွက်ထွန်းပြီးလိုက်ရှာတိုင်း
အမှောင်ထဲ
နှလုံးသားမရှိတဲ့ ရင်သားတွေချည့်ပဲ ထွက်ကျလာတယ်။

ခေတ်ကအသစ်ဆိုပေမယ့်လည်း လူတွေကမသစ်တဲ့ခေတ်ကြီးကိုလှတယ်လို့ ဘယ်ဆိုနိုင်ပါ့မလဲ။ မလှတာကိုလှအောင်ဖွဲ့ပြသွားတာ ရင်ထဲကို တိုးခတ်ဝင်လာပါတယ်။ ဒီအပတ်ဖတ်မိတဲ့ကဗျာတွေထဲမှာ ခံစားမိတဲ့ကဗျာတပုဒ်ပါ။
နောက် ဒီအပတ် သတိရမိတာက မတ်လအတွက် မေ့ဖျောက်လို့မရတဲ့အရာတွေပါ။ 
မတ် ၁၃၊၁၆ စက်မှုတက္ကသိုလ်နဲ့ အင်းလျားတံတားနီအဖြစ်တွေရော၊ သတိအရဆုံးသူကတော့ ထာဝရ အပြာဝတ်အကျဉ်းသားဘဝကနေ အပြင်ဖက်ကိုထွက်ခွာသွားသူတယောက်။ သူ့အကြောင်းကို ကဗျာဆရာမောင်မောင်ငြိမ်းအေးက တမ်းတလိုက်သံ ကြားလိုက်ပါတယ်။

အပွင့်တွေများများ
သေနတ်ကြီးတွေတကားကားနဲ့
လူထုရဲ့ကျောပြင်ကို စစ်ဖိနပ်တွေနဲ့နင်း
စားကောင်းခြင်းမစားရအောင်
အိပ်ကောင်းခြင်းမအိပ်ရအောင်
အချိန်ပြည့်
အာဏာလောင်နေတဲ့သူတွေ
အမိန့်ဒီကရီတွေထုတ်တိုင်းပြည်ယုတ်တော့
ဒီအပြာရောင်အလံတော်ကပဲ
မတရားတဲ့အမိန့်ဟူသမျှ
တာဝန်အရဖီဆန်ကြ တဲ့
တကယ့်ကို ရဲရဲတောက်တော့
သေနတ်တွေကြောက်
အမြောက်တွေတုန်
သမိုင်းဝင် သမိုင်းတွင်မယ့်
ဂုဏ်သိက္ခာဆိုတာမျိုးကို
လက်တွေ့ကျကျပြသ
လွတ်လပ်စွာ၊ တလူလူလွင့်ခဲ့တယ်မဟုတ်လား။


အော်၊ တချိန်တုန်းအခါကကို ပြန်သတိရနေမိတယ်။ အနီရဲရဲတွေလက်ထဲက လွှင့်ထူထားခဲ့ စစ်ဝါဒ တော်လှန်အလံတော်က ကောင်းကင်ပြာပြာထဲ တလူလူလွင့်နေခဲ့တာကို သတိရလိုက်မိပါတယ်။
အခုထိတော့ ကောင်းကင်ပြာပြာထဲမှာ ကြည်ပြာရောင်ငြိမ်းချမ်းရေးအလံတော်ကို မလွှင့်ထူးနိုင်သေးတဲ့ နိုင်ငံမှာ ကျွန်တော်တို့ နေထိုင်ပါသည်ဆိုတဲ့အကြောင်း။


ကိုနိုင်း

ထုံကူးခဲ့သည့်ကဗျာများ

၁။ အောင်စိုးသူ(ကိုယ်ကျိုးကြည့် ကိုယ်ကျိုးသိစိတ်ဓါတ်ရှိသူတွေနဲ့ဗုန်းဗုန်းလဲကျနေတဲ့နိုင်ငံတော်မှာကျွန်တော်နေပါသည်)
၂။ စိုးနေလင်း(တောင်ပံကျိုးနဲ့ခံတွင်းပျက်)
၃။ ဆောင်းယွန်းလ(ခေတ်ကသစ်ပေမယ့်လည်း)
၎။ မောင်မောင်ငြိမ်းအေး(အပြာရောင်အလံ

Comments