သစ်ခက်သံလွင်ကဗျာစင်မြင့်၊ သင်းရည်လွင်၊ တည်ဘွားဦး နှင့် မိုးအိမ်တို့၏ကဗျာများ

အရောင်များသို့ ဦးညွတ်ခြင်း
ပန်းချီ-သန်းဌေးမောင်
 အမှန်တရား လက်တဆုပ်စာထဲ
သွေးမကြောင်ခဲ့သူ
လမ်းပြကောင်းတယောက်
ပန်းတိုင်ကို ရဲရဲ လျှောက်တယ်
သူပွင့်နိုင်တာထက်
ပိုပြီး ပွင့်ပေးခဲ့ ပြီးပြီ
စိတ်ချလက်ချ သည်ခရီးကို
လျှောက်သွားတာလို့တော့ မယုံမိဘူး
ရောက်တဲ့ အရပ်မှာ အဆင်ပြေပါစေကြောင်း
သည်ဆုက မတောင်းလည်းပြည့်မှာပါ
ငြိမ်းချမ်းတဲ့ တရားကို ရှုမှတ်
ကဗျာဆရာ ဆိုတာ
ခေသူမဟုတ်
သေခြင်းကို ရယ်သွမ်းနိုင်သူတွေဖြစ်တယ်
ကဗျာသေတယ်လို့ ကြားဘူးပါသလား
စောလွန်းတယ်လို့အလွမ်းနဲ့ နှမျောမိရုံ
ကြည့်လိုက်ပါလေ
အားလုံးရဲ့  နံဘေးမှာ
စိမ်းရောင်စို နံနက်ခင်းတွေ
နီနီ ရဲရဲ   ပွင့်လို့ဝေလို့ ။ ။
(ဆရာ မောင်စိမ်းနီ-သို့ )
သင်းရည်လွင်
2 . 2 . 2017
ကျောက်ဖြစ်ရုပ်ကြွင်း
Artsy
 ငါဟာ ကျောက်ရုပ် ဆိုပါတော့
ငါ့ကို လေးမြားနဲ့ ပစ်ပါ
ငါ့ကို ဓားလှံနဲ့ ထိုးပါ
ဒါကိုမှ မကျေနပ်သေးရင်
ငါ့ကို မီးရှို့လိုက်ပါ
ငါ့မှာ မည်းသွားရုံအပြင် ပို၍ နားကျင်စရာမရှိ
မရဘူး ဒီ့ထက်ပို၍ နာနာကျင်ကျင်ဆိုရင်တော့
ငါ့ကိုသာ ဒိုင်းနမိုင်းခွဲပြီး
ကျောက်တုံးတွေအဖြစ်
လမ်းနံဘေးသာပုံထားလိုက်ကြပါတော့
ငါဟာ ကျောက်ဖြစ်ရုပ်ကြွင်းပါ
ငါ့ကို လမ်းနဘေးမှာ မှိုတက်နေတယ်လို့
ဝါဒဖြန့်လိုက်ကြစမ်းပါ
နင်တို့သာ ငါ့ကို ခလုတ်တိုက်ပြီး
ဒူးမကွဲပါစေနဲ့
မီးလျှံနှစ်ဆထက်ပို၍ပြင်းပါစေ
အများလက်ညှိုးထိုးထားတာကို မခံရပါစေနဲ့
ကျောက်ဖြစ်ရုပ်ကြွင်းသမိုင်းထဲမှာတော့
ငါဟာ ကျောက်ရုပ် ဆိုပါတော့ ။ ။
တည်ဘွားဦး
ကဗျာ
Brenda Heim
အသွေးထဲအသားထဲ
စီးဆင်းနေသမျှ
မိုးရေလိုစုဆောင်းခဲ့ရ။

ချစ်ခြင်းမေတ္တာနဲ့ အသက်ဓာတ်မှာ
စကြဝဠာအနှံ့စိတ်ကူးများပျံသန်း
မွှေးရနံ့ကိုစုပ်ယူ
အဆိပ်အတောက်တွေခံစား
ချစ်သော     
ကဗျာ။  ။ 
  
မိုးအိမ်

Comments