သစ်ခက်သံလွင် အောက်မေ့တသခြင်း - မန်းရှာကျဆုံးခြင်း (၉)နှစ်မြောက်ဆောင်းပါး

ဗိုလ်ချုပ်လည်း မသေ၊ စောဘဦးကြီးလည်း မသေ၊ 
ဖဒိုမန်းရှာလည်း မသေ 
မန်းရှာ ကျဆုံးခြင်း ၇ နှစ်မြောက် အောက်မေ့တသခြင်းစာအုပ်မျက်နှာဖုံး
ခင်လွန်း



    ရှေးပဝေသဏီမှသည် ခေတ်အဆက်ဆက်လူသားတွေဟာ မိမိတို့အသက်ခန္ဓာ ထာဝရ ရှင်သန်နေရေး အတွက် သေခြင်းကိုလွန်ဆန်နိုင်မယ့်နည်းနာတခုခု အသည်းအသန်ရှာခဲ့ကြတာကို စာရေးသူငယ်စဉ် ကပင် သတိပြုမိပါတယ်။ ကလေးဘဝဖတ်ရတဲ့ပုံပြင်ဇာတ်လမ်းတွေမှာ လူတွေဟာ မသေဆေးရဖို့၊ ပြီးတော့ လူလူချင်း လုပ်ကြံသတ်ဖြတ်တာ မခံရဖို့၊ စစ်ပွဲတွေမှာ လက်နက်ဘေးနဲ့ မကျဆုံးဖို့၊ ဓားပြီးတုတ်ပြီး ကျည်မတိုး သေနတ်မပေါက်တဲ့ အဆောင်လက်ဖွဲ့တွေ မသေဆေးရှာပုံ တော်ဖွင့်တဲ့ဇာတ်လမ်းတွေ စသည်ဖြင့် အတော်များများကို တွေ့ခဲ့ရတာပါ။ နောက်ဆုံးတော့လည်း လူဆိုတာ သေမျိုးပဲဆိုတဲ့တရားကို သာ လူသားတိုင်းလက်ခံသွားရတယ်မဟုတ်လား။
    ဒါပေမဲ့ ဒီနေရာမှာ ပြီးဆေးမသုံး လက်ဖွဲ့မဆောင် မသေဆေးမတွေ့ခဲ့ပါဘဲ ဘယ်သော အခါမှ သေဆုံး သွားခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေလည်း လူ့ဘဝ လူ့ဘုံခန်းဝါကြီးမှာရှိနေတာ သတိထားမိ ပြန်ပါတယ်။ အဲဒီ့သူတွေကတော့ ဘဝသက်ဆုံးတိုင်ထိ မိမိယုံကြည်ရာပေါ်မှာ ထာဝရမြဲမြဲခိုင်ခိုင် မားမားမတ်မတ်ရပ်ပြီး အများအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေပါပဲ။ ဒီအသိ ဒီခံစားမှုနဲ့ပြော ရမယ်ဆိုရင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှသည် ၈၈-အရေးတော်ပုံမှာ အသက်စွန့်လှူသွား တဲ့ မဝင်းမော်ဦးလေးအထိ မသေ၊ ကရင်အမျိုးသားတရပ် လုံး စစ်ကျွန်ဘဝကလွတ်မြောက်ရေးအတွက် ခေါင်းဆောင်ခဲ့ကြတဲ့ စောဘဦးကြီးမှသည်…ဖဒိုမန်း ရှာအထိသည်လည်း မသေ။ သူတို့ဘယ်သောအခါမှ မသေခဲ့။
    အာဇာနည်ဆိုတာ ကမ္ဘာတည်သ၍ မြန်မာတည်သ၍ ဘယ်သောအခါမှ သေဆုံးသွားခြင်း မရှိခဲ့တဲ့ မသေဆေးတွေ့ခဲ့သူများပါတကား။ 


(၁)


    ၉၀ ခုနှစ်များရဲ့နှောင်းပိုင်းကာလ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ဆရာမန်းရှာကို ကျနော် ပထမဆုံး စတင် ဆုံဖူးမြင်ဖူးခဲ့တာပါ။ မြန်မာ့ ဒီမိုကရေစီရေး အတွက်ကြိုးပမ်း တိုက်ပွဲဝင်နေတဲ့ လွတ်မြောက်နယ်မြေ ဒေသက အင်အားစုတွေ နဲ့တွေ့ဖို့ ကျနော်တို့ပြင်ဆင်လာခဲ့ကြရာက တွေ့ရတာဖြစ်ပါတယ်။ ဘဝမှာ တချို့သော ကိစ္စတွေဟာ ဘယ်သောအခါမှ ထုတ်ဖော်ပြောဆိုမှု မပြုခြင်းဖြင့် ပိုမို ကောင်းမွန်မယ်လို့ ခံယူထားသူ အဖြစ်နဲ့ ကျနော်ပြောနိုင်သမျှကတော့ ကျနော် တို့ရဲ့အဓိကရည်ရွယ် ချက်တွေက အဲဒီ့ကာလက မြန်မာပြည်အတွင်းထဲမှာဖြစ်နေရတဲ့အခြေအနေအရပ်ရပ်ကို ကမ္ဘာက သိအောင် ဖောက်ခွဲဖော်ထုတ်ချပြဖို့။ စစ်အုပ်စုက သာမန်ပြည်သူတဦးမဆိုထားနဲ့ ၉၀-ပြည့် ရွေး ကောက်ပွဲအပြတ်အသတ်အနိုင်ရ ဒီ/ချုပ် ကို တောင် အစစအရာရာ တားဆီးပိတ်ပင် ကန့်သတ်ထား ချိန်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသား ဖြန့်ဝေခွင့်မှန်သမျှ နတ္ထိ။ ကမ္ဘာအရပ်ရပ်က ဖြစ်ထွန်း တိုးတက်မှုမှန်သမျှ ပြည်သူတွေမသိရအောင် သတင်း အမှောင်ချ။ မြန်မာနဲ့ကမ္ဘာကို အဆက်ဖြတ်၊ အထီးကျန်တံခါးပိတ်၊ ခြင်းထဲကကြက်တွေလို ပြည်သူတွေပေါ် သဘောထားဆက်ဆံ။ ဖြစ်လိုရာ ဖြစ်၊ သေလိုက သေ။ အနုပညာမှန်သမျှအားလုံး ချုပ်ကိုင်၊ ပြီးတော့ ဒီမို ကရေစီရေး ကြိုးပမ်းနေသူ တို့နဲ့ သူတို့ရဲ့မိသားစုသားစဉ်မျိုးဆက်တခုလုံးကို ဖမ်းဆီးအကျဉ်းချ၊ ဖြိုခွင်း ချိုးနှိမ်။ တနိုင်ငံလုံး လူ့ အခွင့်အရေးအလုံးစုံ ချိုးဖောက်ခံနေရ ..စတဲ့ သံလှောင်ချိုင့် အမှောင်ကမ္ဘာထဲက မြန်မာ့ဖြစ်ရပ် အလုံးစုံကို ရနိုင်သမျှဖော်ထုတ်ရင်း ကမ္ဘာ့ပြည်သူတွေသိဖို့ ကြိုးစားကြတာ။ ပြီးတော့ မြန်မာ့ အရေးကို ကမ္ဘာ့ပြည်သူတွေဝိုင်းပြီး တွေးတောကူညီပေးကြစေဖို့ရာ ဒါဟာ ကျနော်တို့လာရာလမ်းပေါ့။
    အဲ့ဒီမှာ ဆရာမန်းရှာကို အခြားသောကရင့်တော်လှန်ရေးခေါင်းဆောင်ကြီးများနဲ့အတူ ဆုံဖူး ခဲ့တာပါ။ ကျနော်တို့ရဲ့တွေ့ဆုံပွဲဟာ နာရီများစွာကြာလှတာမဟုတ်ပေမယ့် အကျိုးရှိလှပါတယ်။ 

ကျနော့်တို့ပြည်တွင်းမှာပြောပြောနေကြတဲ့ ကရင်သူပုန်တွေဆိုတာကို သက်ရှိထင်ရှားတွေ့ရတာလို့လည်း ဆိုနိုင်တာပေါ့။ အဲဒီ့အထဲမှာ ဗမာစကားကို ကျနော်တို့နားလည်နိုင်အောင် အပြောပြနိုင်ဆုံးက ဆရာမန်းရှာ ပါပဲ။ ဆရာ့အသံက ပကတိရှင်းလင်းကြည်လင်ပြီး တိတိပပပြတ်ပြတ်သားသားရှိ လှပါတယ်။ ထက်မြက်တဲ့မျက်လုံးအကြည့်ရှိသော်ငြား တဖက်သားအနေခက်စေမတဲ့ စူးစူးစားစားမျိုးမဟုတ်ဘူးပေါ့။ အထူးသဖြင့် ကျနော်တို့လို ပြည်တွင်းကနေ အရဲကိုးလာခဲ့ရသူတွေအတွက် အရာရာဟာ အကဲဆတ်လွန်း လှတယ်မဟုတ်လား။ အဲဒီ့အချိန်က လွတ်မြောက်နယ်မြေမှာ အခရာအကျဆုံးဖြစ်တဲ့ ကရင်အမျိုးသား အချင်းချင်းကြား အကွဲအပြဲပဋိပက္ခ မီးတောက်ဟာလည်း အရှိန်ကောင်းနေဆဲဆိုတော့ ရှုပ်ထွေးလှတဲ့ နောက်ခံကားချပ်က ရှိနေတာကိုး။ ဒါပေမဲ့ ဆရာမန်းရှာ ပြောလိုက်တဲ့စကားက ကျနော်တို့အပေါ် သာမန် ထက်နားလည်ထားတဲ့ပုံပေါ်နေတော့ ကျနော်တို့ ကို သက်သောင့်သက်သာ ရှိစေပါတယ်။ “ ခင်ဗျားတို့က ကဗျာဆရာတွေကိုး” တဲ့။ ပြီးတော့ ဆရာ က “အေးဗျာ ကဗျာဆရာလည်း ပြည်သူပဲဗျ၊ စစ်အာဏာရှင်ပြုတ် ကျဖို့က အားလုံး သူ့နေရာနဲ့သူ တာဝန်ရှိတယ်” လို့ ပြောပါတယ်။
    ဆရာမန်းရှာအဲ့ဒီလိုပြောခဲ့တုန်းက သူဟာ ကရင့်တော်လှန်ရေးရဲ့အရေးပါတဲ့ထိပ်ပိုင်းခေါင်းဆောင်တဦး အဖြစ်သာမက တိုက်ပွဲဝင်ကဗျာဆရာတဦးဖြစ်တယ်ဆိုတာကိုကျနော်မသိသေးပါဘူး။
    နောင်တော့ ဆရာမန်းရှာရဲ့ “ချစ်သမီးသို့” ဆိုတဲ့ကဗျာမှာရေးဖွဲ့ခဲ့သလို “မုန်တိုင်းက ထန်၊ လှိုင်းက ထန် လည်း၊ ရေဆန်လေကြမ်း၊ ခရီးလမ်းကို ဖြတ်သန်းနေသူတွေလည်း ရှိပါသည်” …ဆို သလိုမျိုး တော်လှန်ရေး တာဝန်ကို ကျရာနေရာကထမ်းရွက်နေသူများအပေါ် ဆရာတန်ဖိုးထားသူ အဖြစ် ကျနော်နားလည်ခဲ့ပါတယ်။ ဒါဟာ ကိုယ်တည်ရှိရာနေရာကနေ တာဝန်ယူမှုအရ ဆက်လက် ချီတက်နေဖို့ လမ်းညွှန်မှုလည်းဖြစ် ခွန်အားလည်း ဖြစ်တယ်မဟုတ်လား။


 (၂)


    တချိန်မှာတော့ ကျနော်ဟာ ပြည်တွင်းမှာဆက်လက်ရပ်တည်ဖို့မဖြစ်နိုင်တော့တဲ့အတွက် ထိုင်း-မြန်မာ နယ်စပ် လွတ်မြောက်နယ်မြေရှိရာကို ထွက်လာခဲ့ပါတယ်။
    လွတ်မြောက်နယ်မြေကိုရောက်တော့ ကျနော်တို့ ကနဦးထဲက စုဖွဲ့ထားခဲ့တဲ့ မိုးကြိုးသတင်း စာမှာ ဝင်ရပ်ပါတယ်။ “ မင်းဆိုးကို မိုးကြိုးပစ်မည်” ဆိုတဲ့ ကြွေးကြော်သံနဲ့ သူပုန်သတင်းစာပေါ့။ ကျနော်မရောက်ခင်က အဖွဲ့ကြီးတခုရဲ့အထောက်အပံ့နဲ့ထုတ်ဝေနေရာက နောက်ပိုင်း ထောက်ပံ့မှု လုံးဝ ရပ်ပစ်ခဲ့တဲ့အတွက် အားပေးသူတချို့ရဲ့ပံ့ပိုးမှုအနည်းငယ်မျှနဲ့ ဆက်ရပ်နေရချိန်ပါ။ မိုးကြိုး သတင်းစာက ပြည်တွင်းနိုင်ငံရေးနဲ့ ပြည်ပနိုင်ငံရေးကို စည်းချက်ညီပေါင်းစပ်ပုံဖော်၊ ပြီးတော့ ပြည်တွင်းနဲ့ နယ်စပ်ဒေသ တလျောက် တိုင်းရင်းသားဒေသတွေမှာ စစ်အုပ်စုရဲ့အထွေထွေလူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ တိုင်းပြည် ရဲ့စီးပွားဓနကို သူတို့မောင်ပိုင်စီးတာတွေကို ဖော်ထုတ်နေတာ ဆိုတော့ စစ်အုပ်စုကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ရမယ်ဆိုတဲ့အမြင်ရှိသူတိုင်း အားပေးကြပါ တယ်။ အဲဒီ့ထဲမှာ ဆရာမန်းရှာ ထိပ်ဆုံးက ပါပါတယ်။ အခါအားလျော်စွာ ဆရာနဲ့ဆုံကြတိုင်းလည်း အားပေးစကားပြောလေ့ရှိပါတယ်။ ကျနော်တို့က အခိုင်အမာနောက်ခံမရှိဘဲ သတင်းစာပုံမှန် ထုတ် နိုင်ဖို့ကိုပဲ အားခဲနေကြတာ မဟုတ်လား။ တကယ်က အဲဒီ့အချိန်မှာ ကျနော်တို့ဟာ အဖွဲ့ရဲ့နေရာ ထိုင်ခင်းနဲ့ အခြေခံရပ်တည်ရေးအတွက်တောင် အတန်တန် ရုန်းကန်နေကြရတာပါ။ လုံခြုံရေးက ပထမ ဆိုတဲ့အသိကို ခေါင်းထဲမထားအားတော့ပဲ ဈေးပေါလှတဲ့နေရာ ထိုင်ခင်းတွေဆီ ရွေးချယ်နေ ခဲ့ရတာမျိုးတွေလည်း ရှိလာပါတယ်။
    တကြိမ်မှာတော့ ဒီမိုကရေစီဘက်တော်သားအင်အားစုတွေအားလုံးနဲ့ အလှမ်းအကမ်း ဝေးလှတဲ့ တနေရာမှာ စရိတ်သက်သာလွန်းလို့ သွားနေကြရပါတယ်။ အဲဒီ့နေရာကို ကျင်လည်ဖူးခဲ့တဲ့ ကရင့်တော် လှန်ရေးရဲဘော်တချို့နဲ့ ကျောင်းသားတပ်မတော်ရဲဘော်တချို့က ဒီနေရာဟာ ရန်သူရဲ့ လက်တကမ်း အကွာလေးတင်ဖြစ်လို့ အချိန်မရွေးအန္တရာယ်ကျရောက်နိုင်ကြောင်း အမြန်ဆုံးနေရာသစ်တခုဆီ ရွေ့ပြောင်း သင့်ကြောင်း သတိပေးကြပါတယ်။ လူ့ဘောင်သစ်က တယောက်ကတော့ သူတို့သိသွားရင် ဆယ်မိနစ် အတွင်းပေါက်ချလာပြီး သြဇာသီးလာကျွေးသွားနိုင်တယ်တဲ့။ တလုံး လောက်ဆိုရင်ပဲ ခင်ဗျားတို့အတွက် လုံလောက်ပါပြီတဲ့။ ဒါပေမဲ့ ကျနော်တို့မှာ တခြား ရွေးချယ်ဖို့ကလည်း အချက်အလက်အားနည်းလွန်းတော့ ဒီလိုပဲ ပေပြီး ဆက်နေကြရတာပါပဲ။
    ဒီလိုနဲ့တနေ့မှာတော့ ကားလမ်းတောင် ပီပီပြင်ပြင်မရှိတဲ့အဲဒီ့နေရာကို ဆရာမန်းရှာ အမှတ် မထင်ပေါက် ချလာပါတယ်။ ကားမောင်းသူနဲ့မှနှစ်ယောက်ထဲ။ ကြိုတင်ပြောထားရအောင်ကလည်း ကျနော်တို့မှာ အိမ်သုံး ရုံးသုံး ဖုန်းမရှိကြ။ တာဝန်အကြီးဆုံးယူထားရတဲ့ ကျနော့်မှာတောင် လိုရမယ်ရ ပြင်ပနဲ့ဆက်သွယ်နိုင်ဖို့ လက်ကိုင်ဖုန်းလေးရယ်လို့မှမရှိဘဲကိုး။
    ရုံးလို့ပြောရမယ့် ကျနော်တို့နေရာကလည်း လုံလုံခြုံခြုံမရှိတာရယ် လူသူ ပြတ်တောင်းလှရုံ မက အိမ်ခြေ ပါးလျားလွန်းလှတဲ့ ပတ်ဝန်းကျင်အခင်းအကျင်းရယ် ဆက်သွယ်ရေးအသုံးအဆောင် နတ္ထိဖြစ်နေတဲ့ ကျနော် တို့အခြေအနေရယ်ကိုဆရာသိတော့ စိတ်ပူတဲ့အရိပ်အယောင်က မျက်နှာမှာ အထင်းသားနဲ့ပါ။
    ဆရာစိုးရိမ်မယ်ဆိုလည်းစိုးရိမ်စရာပါ။ တနေ့ကတင် ကျနော်တို့နောက်ဖေးဘက်ကျကျမှာ လူသေ အလောင်း ၂ လောင်း လာပစ်သွားသေးတာမဟုတ်လား။ ဒါက မကြာမကြာဖြစ်နေကြတဲ့။ ဆရာက ခပ်ဝေးဝေးမှာ ညှို့ညှို့လေးလှမ်းမြင်နေရတဲ့တနေရာကို လက်ညှိုးထိုးပြပြီး “ သူတို့က (ခွဲထွက်ကရင် အဖွဲ့ကိုဆိုလိုဟန်ရှိ) အဲဒီမှာတင် ထိုင်ထားတာဗျ၊ ၀င်လာရင် ဆယ်မိနစ်လောက်ပဲ လာရမှာ။ ဒီနားမှာ ခင်ဗျားတို့မနေအပ်ဘူး” တဲ့။ ဆရာဟာ ဒီလိုနေရာကနေ သတင်းစာပုံမှန်ထွက် နိုင်ဖို့ကြိုးစားနေတဲ့ ကျနော် တို့ကိုလည်း ရဲဘော်ရဲဘက်အရင်းအချာတွေလို စာနာမှုအပြည့်နဲ့နွေး ထွေးစွာ အားပေးသွားခဲ့ပါသေးတယ်။
    အဲဒီ့နောက် သိပ်မကြာခင်မှာတော့ ကျနော်တို့လည်း အဲဒီ့နေရာကို စွန့်ခွာခဲ့ကြပါတယ်။ 


(၃)


    “ခေတ်ပြိုင်မှာပါတဲ့ခင်ဗျားကဗျာကို မန်းရှာက ကြိုက်လို့တဲ့ဗျ။ အဲဒါ ခင်ဗျားကို ပြောခိုင်းလိုက်တယ်။ ကွန်ဂရက်ကျူလေးရှင်းဗျား”
    ဒီသတင်းကို ကျနော်ရှိရာနယ်စပ်ဒုက္ခသည်စခန်းထဲအထိ သယ်ဆောင်လာတာက မိုးကြိုး သတင်းစာ အယ်ဒီတာချုပ်ဦးသန်းထွဋ်ပါ။ သူက ကျနော့်အခြေအနေကိုလည်း ဆရာမန်းရှာက မေးမြန်းတဲ့အကြောင်း ပါ ဆက်ပြောပါတယ်။
    ၂၀၀၆ ရဲ့နိဂုံးပိုင်းမှာ ကျနော့်ရွေးချယ်မှုက တတိယနိုင်ငံတခုကိုထွက်ခွာဖို့ပါ။ လုပ်ငန်းစဉ်အရ ဒုက္ခသည် စခန်းတခုကို မဖြစ်မနေ ကျနော်ဝင်ရပါတယ်။ စခန်းထဲမှာ ကျနော့်လိုပဲ ဘဝကို ရွေး ချယ်လာခဲ့ကြ သူတွေဖြစ်တဲ့ တော်လှန်ရေးအဖွဲ့စုံက လုပ်ဖော်ကိုင်ဖက် ရဲဘော်ညီအကိုတွေနဲ့ ဆုံရ ကြုံရ။ 

ဆရာမန်းရှာကြိုက်တယ်ဆိုတာက အဲဒီမှာဆုံကြရတဲ့သူတွေနဲ့ ဆောင်းရက်ရှည်များကာလ ခံစားမှုကို ကျနော်ရေးဖွဲ့တာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် တတိယနိုင်ငံကိုထွက်ဖို့ ရွေးလာခဲ့သူ တွေဟာ တချိန်က ဒီမိုကရေစီအရေးတော်ပုံအတွက် ဘယ်လိုပင် ပါဝင်ခဲ့ဖြတ်သန်းခဲ့သည်ဖြစ်စေ၊ အဲဒီ့အချိန်မှာတော့ တော်လှန်ရေးကိုကျောခိုင်းသွားသူများအဖြစ် ဈေးပေါင်ချိုးတာခံထားရသလို ခံစားနေရချိန်လည်း ဖြစ်နေလို့ ပါ။ ကျနော်ကိုယ်တိုင်လည်း အဲဒီ့ခံစားမှုရှိနေတာပါ။ မှတ်မှတ်ရရ ဆောင်းနံနက်ခင်းတခုမှာတော့ တောကြီးခေါင်ခေါင်ထဲက ဒုက္ခသည်စခန်းတခုရဲ့ အေးလွန်းလှတဲ့ ဆောင်းကို ကျနော်တို့ဘ၀တူတွေ ဘေထုတ်ထည်ကိုယ်စီဝတ် ထင်းမီးဖိုလေးဖိုရင်း အချမ်းဒဏ် ကို အံတုခုခံနေကြပါတယ်။ ထုံးဓာတ်များလှတဲ့ရေနွေးကို လက်ဖက်ခြောက်ခါးခါးလေး နှပ်လို့ပေါ့။ အစီခံမှာ ထိုင်းစာတံဆိပ်ကပ်ထားတဲ့ ဆေးလိပ်ကိုယ်စီ ဖွာလို့ပေါ့။ အဲဒီ့အချိန်မှာပဲ ဆေးလိပ်ဖွာ နေသူတယောက်က ပတ်ထားတဲ့ထိုင်းတံဆိပ် အစီခံလေးကို ခွာလိုက်ပါတယ်။  အောက်မှာထပ်ပေါ် လာတာက ရွှေရောင်စက္ကူပတ်လေးပေါ် ဗမာ စာတန်းထိုးလျက်နဲ့…“သုခိတာ” တဲ့။
    ထင်းမီးပုံအခိုးအငွေ့တွေကြား မပီဝါးဝါးဖြစ်နေတဲ့ ဘဝတူတွေရဲ့မျက်နှာတွေ။ အပေါ်က ဖုံးအုပ်ခံထားရ တဲ့ သုခိတာဆိုတဲ့ရွှေရောင်အစီခံပတ်ကလေး။ ဒုက္ခသည်များအဖို့ သုခိချမ်းသာခြင်းတဲ့လား။  ဒီမြင်ကွင်းလေးကို ကဗျာရေးဖြစ်တော့ ဆရာမန်းရှာက ခံစားရတယ်ထင်ပါရဲ့။ ဒုက္ခသည် စခန်းတွေမှာ ကရင်လူထုသိန်းနဲ့ချီပြီး မှီခိုနေကြရတာကလား။ ဆရာမန်းရှာ နှစ်သက်တယ်ဆိုတော့ ကျနော်ပီတိ ဖြစ်မိ တယ်။ တော်လှန်ရေးခေါင်းဆောင်လည်းဖြစ် ကလောင်အမည် “ရေဆန်” လို့ အမည်ရတဲ့ကဗျာဆရာ တယောက်လည်းဖြစ်သူက နှစ်သက်တာလေ။ ကျနော် ဂုဏ်ယူရမှာပေါ့။ စိတ်ထဲမှာလည်း အခါအခွင့်ရရင် ဆရာ့ကိုဂါရ၀သွားပြုရမယ်ဆိုပြီး ကျနော်တေးထားလိုက်ပါတယ်။ ဒါပေမဲ့ ကျနော်အခွင့်အရးမရလိုက်ပါဘူး။ လူကိုခွေးသတ်သွားခဲ့ပြီ။


(၄)


တကယ်တော့လည်း သေခြင်းတရားဆိုတာ အသက်ရှင်နေထိုင်ခြင်းနဲ့အတူ တွဲဖက်ပါလာ တဲ့ အခွင့်အရေး တမျိုးပါပဲ။ မည်သူတဦးတယောက်မဆို ဒီအခွင့်အရေး နှစ်ရပ်ကို မလွဲမသွေ ခံစား ကြရပါတယ်။ ဒါကိုငြင်းပယ်ဖို့ ကြိုးစားခဲ့ကြတာတွေကိုလည်း အထက်မှာ ကျနော်ပြောပြီးခဲ့ပါပြီ။ တကယ်က သေခြင်း တရားဟာ ဘဝတန်ဖိုးရဲ့နိဂုံးတော့ မဟုတ်ပါဘူး။ အသက်ရှင်သန်စဉ်မှာ ဘဝ တန်ဖိုးကြီးမြတ်စွာနေထိုင် ရပ်တည်သွားတဲ့လူတွေအဖို့ လူ့သမိုင်းအစဉ်မှာ ဘယ်သောအခါမှ နိဂုံး ချုပ်မသွားခဲ့ပါဘူး။ ခုဆိုရင်ပဲ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ရှင်သန်နေမှုကို အနှစ်ရာ ပြည့်အထိမ်းအမှတ်အဖြစ် နှောင်းလူတွေက ဖော်ကျူးကြဦးမှာ မဟုတ်လား။ ဗိုလ်ချုပ်လို တိုင်းပြည် ခေါင်းဆောင်ကြီးမှ မဟုတ်၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့သူ အနစ်နာခဲ့ခဲ့သူ မည် သူမဆို ဘဝနိဂုံးချုပ်ခဲ့ သွားခဲ့ဖူး ပါသလား။
ကျနော့်ရင်ထဲမှာသာမက မြန်မာပြည်သူများအားလုံးမှာ ဗိုလ်ချုပ်အောင်ဆန်းလည်းမသေ။ ဝင်းမော်ဦးလေးလည်းမသေ။
    ကရင်အမျိုးသားတရပ်လုံး စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ကို ခေါင်းဆောင်ခဲ့ကြတဲ့ စော ဘဦးကြီးလည်းမသေ။ လူမသိသူမသိကျဆုံးသွားကြတဲ့ အညတြကရင့်ရဲဘော်များလည်း မသေ။ တော်လှန်ရေးခေါင်းဆောင် ဖဒိုမန်းရှာ သို့မဟုတ် ကဗျာဆရာ ရေဆန်သည်လည်း မသေ။ ဘယ် သောအခါမှ မသေ။


ခင်လွန်း

မှတ်ချက် ။ ။ ဤဆောင်းပါးသည် ၂၀၀၈ ခု ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ဖောက်ပြန်သူတို့၏လက်ချက်ဖြင့် သူရဲကောင်းဆန်စွာ ကျဆုံးခဲ့သော ကရင့်တော်လှန်ရေးခေါင်းေ်ဆာင်၊ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီ၏ ဒီမိုကရေစီရေး လွတ်မြောက်ရေး၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးတို့အတွက် ရဲဝံ့မှန်ကန်မဖောက်မပြန် ရပ်တည်ခဲ့သည့် နိုင်ငံတကာမှအလေးထားရသူ ခေါင်းဆောင် ဖဒိုမန်းရှာလာဖန်း ကျဆုံးခြင်း(၇)နှစ်ပြည့် အောက်မေ့တသ အမှတ်တရစာအုပ်တွင် ပါဝင်ရေးသားခဲ့သည့် ဆောင်းပါး ဖြစ်ပါ သည်။

 






Comments