သစ်ခက်သံလွင် ကဗျာစင်မြင့်၊ တကိုယ်တော်ကဗျာ- ဒီလူည ရဲ့ " နှစ်တနှစ်ရဲ့ ပြီးဆုံးခြင်း"

နှစ်တနှစ်ရဲ့ ပြီးဆုံးခြင်း
KT#
ငါ့ဝင်ရိုးပေါ်မှာ
လည်နေတဲ့ကမ္ဗာဟာ ဘယ်လောက်ဒီဂရီတိမ်းစောင်းပြီးလည်နေတာလဲ
ဆိုပါတော့ အဲ့ဒီဝါကျတွေကိုပိတ်ပြီး ဓားအိမ်ထဲဝင်သွားတယ်

အရှုံးခံပြီးလွမ်းရမယ့် ဆံပင်ရှည်ရှည်တွေကြား တိုးဝင်ပျောက်ကွယ်သွားရုံ

ပျံတက်လာတဲ့ အားလပ်ရက်တွေက အ ငွေ့ပျံလွယ်တဲ့
ပျော်ရည်တွေလိုပဲ ငါရောက်သွားချိန်မှာ
ကိုယ်လေးလက်ဝန်ဖြစ်နေတဲ့ မှတ်တိုင်တွေဟာ ဓာတ်ပုံတွေအရိုက်ခံလို့
အခါအားလျော်စွာ ပိတ်မိနေတဲ့ အနက်ရောင် စကားစုတွေဟာ
အရိုးငေါငေါထွက်နေတဲ့ ခေါင်းအစ ခြေအဆုံး နံ့သာခဲတွေကြား
ပြင်းထန်လွန်းတဲ့ လေပွေလိင်းတခုထဲက ဝါဂွမ်းစလေးလိုပေါ့

မသက်မပြည့်သေးတဲ့ သေဆုံးမှုဟာ လူရာဝင်လာတယ်

ငါ့ရဲ့ပျံသန်းမှုက သိပ်ကို အိပ်ချင် စိတ်တွေ များလာတယ်
ငါဟာ ဘာအဓိပ္ပာယ်မှန်းမသိတဲ့နာမည်တွေကို ရွတ်
ငါ့အသံဟာ အနက် ရှိုင်းဆုံးချောက်ရဲ့အောက်ခြေကြမ်းခင်းဆီက ထွက်လာသလို

ရေခဲတမျှ အပူလောင်နေတဲ့မျဉ်းတွေ

အဲ့ဒီဦးခေါင်းခွံကိုခွဲပြီး ဦးနှောက်တွေထုတ်၊ လမ်းဘေးမှာ
သွားလာနေတဲ့ ခွေးလေခွေးလွင့်တွေကိုချကျွေးရင် တောင် စားပါ့မလား

မျောပါလာတဲ့ လူသေအလောင်းတွေမှာ အမှတ်အသားမရှိ။
အမည်။ မွေးသက္ကရာဇ် ။ နိုင်ငံသားကတ်ပြားအမှတ်။ ပညာအရည်အချင်း။
စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတစောင်

မှန်ပေါ်မှာပေါ်နေတဲ့ ပုံရိပ်ရဲ့တည်ရှိမှုအနေအထား
စိတ်ရဲ့အနက်ရှိုင်းဆုံးဆီသွားနေတဲ့သီချင်း။ တံဆိပ်တွေ

ငါ့ဓာတ်ပုံဟာ လူတကာနင်းသွားတဲ့မြေကြီးပေါ်ကပ်လို့
ငါဟာအ ခေါင်းတခုထဲရောက်နေသလိုမှောင်မဲလို့

မိုးတွေက တအားရွာနေတယ်။

ငါ့အိမ်ရှေ့မှာ အော်အော် နေတတ်တဲ့ ကျီးတစ်ကောင် လည်း
အ တောင် တွေစိုပြီး လမ်းပေါ်ပြုတ် ကျလို့ ကားတိုက်မှုထဲ ပါသွားတယ်

ဆိုပါတော့၊ သစ်ရွက်တွေမှာ တွဲလွဲခိုနေတဲ့ရေစက်ကလေးတွေကို
ဘယ်သူက တယုတယရပ်ကြည့်မနေပါဘူး
ဆိုပါတော့၊ သတ်ကွင်းတခုရဲ့အလယ်တည့်တည့်လား သဲသဲကွဲကွဲ
မ တွေ့ရသေးတဲ့ လုံခြုံမှုပဲလားဆိုတာလည်းမသိဘူး

ရေတွေခဲနေတဲ့ နွေနေ့လယ်ခင်းကြီးတခုထဲ ရောက်နေသလို

စိမ်းစို နွေးထွေးတဲ့ဆောင်ပုဒ်တွေကြား
WY စာတန်းပါတဲ့ မိတ်ဆုံစားပွဲတွေဟာ လူစုံတက်စုံပဲလား
အိမ်မြှောင် အသေတကောင်ဟာ ငါ့ခေါင်းပေါ် ပြုတ်ကျလာတယ်

အဲ့ဒီအချိန်က ငါ့မှာ လုံလုံလောက်လောက်အကွာအဝေးတခုမှာ ရှိနေခဲ့တာ

အမှတ်ပေးစည်းမျဉ်းနဲ့အညီ ပြုစုထားတဲ့ တပတ်ခုနစ်ရက်တွေဟာ
ထုတ်လွှင့်နေတဲ့အသံကိုဖမ်းယူပြီး မနက်မနက် ဖွင့်လာတဲ့ မျက်ခွံတွေပေါ့
အာရုံမတက်ခင်အထိ ပင်ကိုယ်ဗီဇကို ခေါင်းမြှီးခြုံ ထားလို့ရတယ်
ဘယ်လောက်လျှောက် ရမယ်မှန်းမသိ တဲ့အကွာအ ဝေးကို အဆုံးသတ်ဖို့
နှုန်းမြေရဲ့ထွန်ယက်မှုပေါ် အင်္ကျီသစ်လွင်နေတယ်
မိုင်ထောင်ချီခရီးကြမ်းကို ဖြတ်သန်းလာရတဲ့ ရေတံခွန်ရဲ့နာကျည်းသံတွေလို
သင်္ချိုင်းရဲ့အေးစက်မှုဟာ ဝိညာဉ်တွေနဲ့အတူ လွင့်မျောနေရဲ့

ရှေ့ဆက်သွားဖို့ဆိုတာ ကြွက်သားတွေရဲ့တုံ့ပြန်သံကို နားထောင်ရဦးမယ်

သေချာပြီးသား စာမျက်နှာတွေပေါ်က သေဆုံးမှုတွေလိုပေါ့
သတင်းတပုဒ် ကိုဖတ်ပြီးတိုင်း ငါ့မှာ အခွင့်အရေး နှစ်ခုရတယ်
ငိုမလား။ရယ်မလား။ မေးခွန်ဟာ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းလာတယ်

စာရွက်တွေကိုလှန်ကြည့်တိုင်း ပုရွက်ဆိတ်တွေလိုကြိတ်ကြိတ်တိုးနေတဲ့
ဆာလောင်မှုတွေ။ စသဖြင့် ငါ့အိပ်မက်ဟာ ဘာမှမပါဘဲ အနက်ရောင်ကြီးဖြစ်လို့

ညှိုးနွမ်းနေတဲ့ ဘုရားပန်းတချို့ဟာ ကြွေကျလာတယ်
ဘုရားပန်းအိုးထဲက ဖားတကောင်ရဲ့အသံဟာ ထွက်လာတယ်
ရုတ်တရက် အထိတ်တလန့် ဖြစ်သွားတာကလွဲလို့  ပြက္ခဒိန်ပေါ်က
အနီရောင်အစက်ကလေးတွေဟာ မပြောင်းမလဲ ရှိနေတယ်

အချမ်းလွန်နေတဲ့ဆောင်းတခုလိုမျိုး

နင်းလိုက်တိုင်း နှင်းထဲကျွံကျသွားတဲ့ ဖိနပ်တွေ၊ အရိပ်တွေ
ငါ့မြင်ကွင်းဟာ နေရာဒေသအသစ်တခုကိုရောက်နေသလို ခံစားရတယ်

လက်သည်းကိုလည်း အရှည်ထားမိတယ်။

သေရာပါ ထမ်းတင်ထားတဲ့ အသားမာတက်မှုထဲမှာ
ဘယ်သူ့နာမည်နဲ့ကြယ်က လင်းနေတာလဲ။ 


ဒီလူည
17.2.17

Comments