သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း၏ ခေတ်ပေါ်ကဗျာများကို ခံစားကြည့်ခြင်း


ပြတင်းတံခါးအဖွင့်
ဇာခန်းဆီးအလွင့်
ခေတ်ပေါ်ကဗျာများကိုခံစားကြည့်ခြင်း
သူရိယနေဝန်း-Vol 1.No 137. 18 Feb 2017 မှဖော်ပြပြီးဆောင်းပါး-စာရေးသူခွင့်ပြုမှုအရ။
သစ်ခက်သံလွင်

ကျွန်တော်လွန်ခဲ့ပြီးသောနှစ် နှစ်ဆယ်ကျော်ကာလ ပိတောက် ပွင့်သစ်မဂ္ဂဇင်းမှာ ကဗျာ ဝေဖန်ရေး ရေးခဲ့ပါတယ်။ အဲဒီအချိန်ကစစ်အာဏာရှင်ခေတ်မှာ စာပေကင်တိုင်ရုံးကို ဖြတ် သန်းပြီး လွတ်မြောက်လာတဲ့ခေတ်ပေါ် ကဗျာတွေကို ဝေဖန် သုံးသပ်ခံစားပြီး ရေးခဲ့တာပါ။ အဲဒီအချိန်က ခေတ်ပေါ်ကဗျာတွေ အားကောင်းမောင်းသန် ရှင်သန်နိုင်ခဲ့ပေမယ့်၊ ခေတ်ပေါ်ကဗျာတွေ ဟာ ခေတ်ကိုမကျေနပ်သံတွေ၊ စိတ်ပျက်သံတွေ၊ ညည်းညူသံတွေ၊ မာန်တင်းလိုက်သံတွေ၊ အုတ်တံတိုင်းကို ခေါင်းနဲ့ဝင်တိုက်လိုက် သံတွေဟာ ကာရန်အဖြစ် ထွက်ပေါ်နေခဲ့ပါတယ်။ ကျွန်တော်ရေးစဉ်ကတည်းက ခေတ်ပေါ်ကဗျာတွေကို  အနုပညာ စံ၊ နိုင်ငံရေးစံဆိုတဲ့စံနဲ့ တိုင်းတာပြီး ရေးခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့် ရဲ့ခေတ်ပေါ်ကဗျာ ဝေဖန်ရေးတွေဟာ နိုင်ငံရေးစံကို ပိုအလေး ထားမိပါတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒါကလွန်ခဲ့ပြီးသော နှစ်နှစ်ဆယ်ကျော်ကာလက ခံစားချက်တွေပါ။ အခုအချိန်မှာတော့ စစ်အာဏာ ရှင်ခေတ်က ရုန်းထွက်နိုင်ခဲ့ပြီ။
ဆိုတော့…
လွတ်လပ်လာတဲ့ဒီမိုကရေစီခေတ်ကိုတည်ဆောက်နေတဲ့ခေတ်ရောက်လာခဲ့ပြီ။ ခေတ်တခေတ်ကိုပြောင်းလဲလာတဲ့ကဗျာတွေဟာ ပိုပြီးလန်းဆတ်နေလိမ့်မယ်လို့ထင်ပြီး ခေတ်ကိုပြတင်းတံခါးဖွင့်ပြီး ကြည့်လိုက်မိပါတယ်။ ဇာခန်းဆီးဟာ လှုပ်ခတ်သွားပါတယ်။ ညင်ညင်သာသာလေး မဟုတ်ပါဘူး။ ကာရန်တွေက ခေတ်နံရံကိုခပ်ကြမ်းကြမ်းတိုက်မိလိုက်သံတွေနဲ့အတူ ကျွန်တော်တို့ရင်ဘတ်ထဲကို လာဆောင့်ပါတယ်။
ပထမဦးဆုံးကြားလိုက်ရတာက မိုးမခအွန်လိုင်းပေါ်က နှင်းခါးမိုးရဲ့အသံတွေပါ။

ဂဏန်းကမငြိမ်သေးဘူး
သွေးစက်တွေကအိုင်နေပြီ
ဒဏ်ရာတွေနဲ့ အဲဒီမြစ်ကလေးဟာ
ကြီးလာရင် ဘယ်ကို စီးဆင်းသွားမလဲ။


ဒီလိုကလေးလေးတယောက်ရဲ့ခံစားနေမယ့်အသံနဲ့စပြောလိုက်တယ်။ ကျွန်တော်ရင်ထဲကို ဒိုင်းခနဲ လာဆောင့်ပေမယ့် မတွေးနိုင်သေးဘူး။
ဆက်နားထောင်ကြည့်လိုက်ပါတယ်။

လုပ်ဖို့လိုလို့လုပ်တယ်
သေဖို့ဖြစ်လာလို့သေတယ်။
ဆုံးရှုံးရတယ်ဆိုရင်တောင်
ဆုံးရှုံးရမှုသက်သက်တော့မဟုတ်ဘူး။


ဒီလောက်အထိတော့ သိပ်မဆန်းကျယ်သေးပါဘူး။ ဒါမျိုးးတွေ ဖြစ်တတ်ပါတယ်။ ခေတ်ကြီးကိုဘယ်လိုဆက်ပြောမလဲဆိုပြီး ဆက်နားထောင်လိုက်တယ်။

ကလေးတွေအပေါ်ကို
ဗုံးတွေကျလာတယ်
ပြခန်းနံရံက ပန်းချီကားတွေပေါ်
သွေးစက်တွေလာစင်တယ်
မြေးကလေးကိုနမ်းနေတုန်းမှာ
လောကကြီးမှောင်ကျသွားတယ်။


ဟာ။ တော်တော်ထိတ်လန့်စရာပါလားလို့တွေးလိုက်မိတယ်။ ဒီခေတ်ကြီးကလူတွေအတွက် မလုံခြုံတော့သလို ခံစားလိုက်မိတယ်။
မလုံခြုံတော့တဲ့ အနိဋ္ဌာရုံတွေကိုဆက်ဖွဲ့တဲ့အသံကို ကြားနေရတုန်းပါလား။

လူကုံထံရပ်ကွက်လည်း မလုံခြုံဘူး
မြို့စွန်ခြံဝန်းလေးလည်းမအေးချမ်းဘူး
တစ်ယောက်ထဲနေတယ်
တိုက်ခန်းလေးထဲ လက်သည်မပေါ်ဘူး
အိမ်ကြီးရခိုင်နဲ့အခြွေအရံနဲ့နေတယ်
အိပ်ခန်းထဲမှာ အကုန်မရှုမလှ
လူမမယ်သားသမီးလေးတွေလည်း
အလွတ်မပေး
အဖေ့ဘေးမှာတယောက်
အမေ့ဘေးမှာတယောက်
ဓာတ်ပုံတွေက မြင်မကောင်းဘူး
တရားခံက ဘယ်မှာလဲ။


လူသတ်တရားခံတွေဘယ်မှာလဲ။ ခေတ်ကိုသတ်နေတဲ့တရားခံတွေလားလို့ကျွန်တော်ဆက်တွေးနေမိတယ်။ တွေးမရ။ မဟုတ်ဘူး။ တွေးကြည့်ရင်တဖြေးဖြေးပေါ်လာနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ တွေးရုံပဲ တွေးနိုင်ပါတယ်။ တရားခံအစစ်ကိုလက်ထိပ်ခတ်ပြီး တရားရုံးကိုမတင်နိုင်သေးဘူး။ တကယ်ဆို ကျွန်တော်တို့ နိုင်ငံဟာ သဲလွန်စပျောက်နေတဲ့ကန္တာရထဲရောက်နေသလို ခံစားမိတယ်။ ခေတ်ကြီးက တော်တော်ရက်စက်တာလား။ လူတွေကရက်စက်တာလား။ ကျွန်တော်တွေးရင်း ကန္တာရထဲမှာ တစ္ဆေအခြောက်ခံနေရတယ်။

တစ္ဆေတွေကခြောက်လှန့်နိုင်တယ်
လူတွေက ရှင်သန်နိုင်တယ်
ပန်းတွေမပို့ဖြစ်လည်း
သူတို့သွားမယ့်လမ်းက ဖြောင့်ပါတယ်။


ဒီနိုင်ငံရဲ့လူတယောက်အနေနဲ့တာဝန်ကျေခဲ့သူတွေသွားမယ့်လမ်းကတော့ ဖြောင့်နေမှာ သေချာပါတယ်။
ကျန်ရစ်ခဲ့တဲ့လူတွေမှာတော့ မလုံခြုံမှုတွေကို ရင်ဆိုင်နေရဦးမယ်။
ကျွန်တော်ငေးငိုင်နေမိတယ်။ ငေးငိုင်နေရင်းကပဲ အသံတွေကို နားစွင့်နေမိတယ်။ အဲဒီအသံက စားပွဲဝိုင်းကလွင့်လာတဲ့တယ်။ ခေတ်ရနံ့မဂ္ဂဇင်းထဲက ဆလိုင်းနွေ မင်းတပ်က ကာရန်တွေလာပြီး ပစ်ထည့်လိုက်တယ်။

သူတစ်ကျပ် ကိုယ်တစ်ကျပ်ကိစ္စ
မွှေသမျှ မနှံ့သေးဘူးထင်ပါ့
ဇာတ်မျောကြီး အံ့သြခြင်းတွေနဲ့
ခေါင်းချင်းဆိုင် ခေါင်းညိတ်
ခေါင်းအေးရမယ့်ကိစ္စ
ခေါင်းချင်းပြိုင် ခေါင်းခါ
ခေါင်းမာကြတဲ့ အခါ။


အော် ခေတ်ကြီးခေါင်းမာနေတုန်းပါလား။ စားပွဲဝိုင်းမှာအတူထိုင်ပြီး လက်ဆွဲနှုတ်ဆက် လိုက်ကြရင် နွေးထွေးမှုရနိုင်တာပေါ့။ ခေါင်းမာနေကြမယ်ဆိုရင်တော့ နိုင်ငံတော်ကြီးဟာ ကလေးတယောက်အနာဂတ်ပျောက်လို့ ငိုနေရမှာပေါ့။ မခက်တဲ့အဖြေကိုမရနိုင်တဲ့နည်းနဲ့ရှာဖွေနေပါလားလို့ တွေးမိရင်းစားပွဲဝိုင်းက ထွက်လာတဲ့ အသံကို ဆက်နားထောင်လိုက်တယ်။

ကောက်ရိုးပုံထဲက အပ်တချောင်း
စပါးခွံကြားက နှမ်းတစ်စေ့
အရှည်ကြာဆုံးသောလွန်ပွဲ
ကြက်လည်းမော ယာလည်းညက်ခဲ့
ပျားလည်းစွဲ ရှဥ့်လည်းလျှောက်ပါစေ
မတူတာတွေဘေးဖယ်
အဲဒီသီအိုရီအတိုင်း
အဲသလိုဖြေရှင်းလိုက်ကြရာ
တူတာမရှိခဲ့တဲ့ စားပွဲဝိုင်းဟာ
ခုထိ
ဘဲဥပုံပေါက်လို့။

 
စောစောက ကျွန်တော်တွေးမိသလို အဖြေကိုမရနိုင်တဲ့နည်းလမ်းနဲ့ရှာဖွေနေရင် အစရှာမရတဲ့စားပွဲဝိုင်းဟာ ဘဲဥပုံပေါက်နေမှာပါပဲ။ ဒါကြောင့်လည်း သဲလွန်စတွေပျောက်သွားတဲ့နိုင်ငံတော်ကြီးဖြစ်နေ မှာပါ။ ခေတ် ကြီးကပဲ စိတ်ပျက်စရာကောင်းနေတာလား။ လူတွေကပဲစိတ်ပျက်စရာကောင်းနေတာလား။
ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး။
မစဉ်းစားချင်တော့တာပါ။
အဲဒါနဲ့ခေတ်အသံတွေကို ဆက်နားထောင်လိုက်တယ်။
ခေတ်ရနံ့မဂ္ဂဇင်းထဲကနေ နေစိမ့်ရဲ့ကာရန်တွေ မျက်နှာဖုံးရှင် အနေနဲ့လွင့်ပျံလာတယ်။

ရောက်ရာအရပ်က နောက်ပြန်လှည့်ကြည့်မိတဲ့အခါ
ရှင်သူတွေ ပျော်ရွှင်ဖို့ သေသူတွေ ငိုကြွေးခဲ့ရတယ်
ကြယ်ငေးသူသက်သက်ပါ
နှစ်ကာလများလအကန့်အသတ်မှာ
အမှန်တရားအတွက် ဘယ်သူကများ အရေပြားခွာချရဲခဲ့သလဲ
အတိုင်းအဆမရှိ
လှည့်ဖျားကောက်ကျစ်ယုတ်မာရက်စက်မှုတွေရဲ့
သိပ်သည်းဆ


ကျွန်တော်နားထောင်နေတဲ့အသံကို ခဏမကြားလိုက်မိသလိုဖြစ်သွားတယ်။ အတွေးတွေက အဝေးဆီကိုလွင့်မျောသွားတယ်။
ဒီခေတ်ဟာ ခေတ်ဟောင်းကပြန်ပြီးချောင်းမြောင်းတာခံနေရတယ်လို့ စိတ်ထဲခံစားနေမိတယ်။


တခုခုဟာ အရေပြားအောက်က
ဖြဲထွက်လာတော့မယ့်အတိုင်း
ချောင်းမြောင်းနေပုံပဲ
မျက်နှာမှာ မျက်နှာဖုံးတပ်ထားပေမယ့်
မျက်နှာမှာ မျက်နှာဖုံးရှိမနေခဲ့ပါ
ခေတ်ကြီးက ဆွေးမြည့်တော့မယ်လို့ ကောလဟလဖြစ်နေပြီ
အကျောက်အကန်ငြင်းဆန်နေတုန်း
ဒါတောင်
ကြယ်တွေကိုနာမယ်တပ်ပေးမယ် တကဲကဲ။


နေစိမ့်ရေ…
မျက်နှာဖုံးရှင်ဟာ ဘယ်သူဆိုတာ ခေတ်က သိနေတယ်လေ။ ကြောက်စရာကောင်းတဲ့မျက်နှာဖုံးကိုတပ်ထားပေမယ့် ခေတ်ဆိုးထဲကထွက်လာတဲ့လူတွေက မျက်နှာဖုံးတွေ ကွာကျကုန်ပါပြီ။ ဒါကိုကြယ်တွေနာမယ်တပ်ပေးမယ်ဆိုတာကိုတော့ ဘယ်သူမှ လက်ခံကြမယ်မထင်ပါဘူး။ နောက်ဆုံးတော့မြို့ပြရဲ့ညည်းသံကိုပဲကြားနေမိတယ်။
ယောဟန်အောင်က မိုးမခအွန်လိုင်းပေါ်က ပြောနေတယ်။


ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူး တဲ့
ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူး
ငါတို့ကြားထဲ ဆူးခံ
သူစိမ်းဆန်ဆန်
ဖြစ်လာကတည်းကပေါ့။


ဟုတ်တာပေါ့။ သူစိမ်းဆန်လာတဲ့မြို့ထဲမှာ ဘယ်နေလို့ကောင်းတော့မှာလဲ။
ပျော်ရွှင်စရာတွေလည်းပျောက်ကွယ်နေမှာပေါ့။

ဒီမြို့ဟာ တတိယကမ္ဘာဆန်ဆန်
မွမ်းမံထားတဲ့မြို့ပါ
ဆင်းရဲသားနဲ့ကျူးကျော်ထူပေါတယ်
ရောဂါဘယနဲ့တပွဲထိုး ကုထုံး reform တွေပေါတယ်
ကားလမ်းချိုင့်ခွက်ပေါတယ်
အပြောညာမီးပြပြီး အလုပ်ဘယ်ဖက်ကွေ့ချသွားတဲ့ကားတွေများတယ်
လာဘ်ခေါ်ပါးစပ်တွေပေါတယ်
အိပ်ကပ်ဖောင်းရေး ပိုက်ဆံထည့်ဖို့လောက်ပဲ
ကြည့်နေတဲ့သူတွေများတယ်
မုဆိုးတွေတောလည်တယ်
လက်ညှိုးးတကွေးမှာ မနက်ဖြန်တွေ
ထွေးခနဲ ပုံကျသွားတယ်


အသံတွေတောင်စိတ်ပျက်သွားတဲ့၊ ဒီမြို့ထဲက ထွက်ခဲ့တယ်။ နောက်ကျေးလက်ဖက်ကိုလမ်းလျှောက် ထွက် လာခဲ့တယ်။ ကျေးလက်တောလမ်းတနေရာမှာ ကလောကရှမ်းကြီးရဲ့အသံသြသြကြီးကိုကြားမိပြီး နားစွင့်လိုက်တယ်။
လွမ်းမရတဲ့သီချင်းကိုဆိုနေပါလား။

ရင်ကျပ်နေတဲ့တိတ်ခွေ

ခွေးသွားစိပ်ကြွေနေတဲ့ကက်ဆက်
အခန်းပျက်နေတဲ့ဘက်ထရီအိုး
ရွာရိုးတလျှောက်အမောဖောက်နေဆဲ

ကျေးလက်ရဲ့နားရွက်ထဲကို
ဆူးလှည်းကြီးတွေ အကြိမ်ကြိမ်ဖြတ်မောင်းသွားခဲ့ပေါ့။


ကျွန်တော်ခေါင်းကိုခါယမ်းလိုက်မိတယ်။ အေးချမ်းမယ်ထင်ရတဲ့ကျေးလက်တောင်မအေးချမ်းဘူး။
ငြိမ်းချမ်းရေးဆိုတာ ဘယ်ကရောက်လာမလဲ။ မမျှောာ်လင့်ရဲတော့စရာပါပဲ။
ကျွန်တော်လည်း ခေတ်ကို စိတ်ပျက်ပြီး ပြတင်းတံခါးကို ပိတ်လိုက်တယ်။


ကိုနိုင်း 

အတွဲ(၁၃)၊အမှတ်(၆)၊ ၉-၁၅၊ဖေဖော်ဝါရီ၊၂၀၁၇

ရန်ကုန်တိုင်းမ် ဂျာနယ်
+ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။

Comments