သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ တေဇလင်းနည်းပညာတက္ကသိုလ်နှင့် ဒီလူညတို့၏ကဗျာများ

ဘယ်လောကမှ ဆေးမမီတော့ဘူး
Art Cocktai
 အသိဉာဏ်အထီးဟာ သင်းကွပ်ခံရပြီး
အသိဉာဏ်အမက သားအိမ်ထုတ်လိုက်ရတယ်။
ဘယ်လောကမှ ဆေးမမီတော့ဘူး။
စာပေဟာလည်း စာပေအလျောက်
နိုင်ငံရေးဆိုလည်း နိုင်ငံရေးအလျောက်ပေါ့
ဘယ်လောကမှ ဆေးမမီတော့ဘူး။
မျှော်လင့်ချက်မနက်စာတိုင်းဟာ
အရင်နေ့က ညစာအသိုးတွေချည်းပါ။
ဘယ်လောကမှ ဆေးမမီတော့ဘူး။
အဟောင်းက ပြင်မရအောင် ယိုင်ရွဲ့နေပြီး
အသစ်ဆောက်ဖို့ ဘာမှမရှိ၊
ဘယ်လောကမှ ဆေးမမီတော့ဘူး။
အသေစောလို့လည်း နှမြောမနေပါနဲ့။
အိပ်ရေးပျက် ဇာတ်ဆောင် ပြောသလို
မြန်မြန် သေ မြန်မြန် အေးပေါ့။
ဘယ်လောကမှ ဆေးမမီတော့ဘူး။
ဒီအချိန် ဒီနေရာမှာ
မွေးလာကတည်းကိုက မှားယွင်းခဲ့တာလို့ပဲ
သဘောထား။
ဘယ်လောကမှ ဆေးမမီတော့ဘူး။
ကိုယ်ခံအားက နည်းလွန်းပြီး
ရောဂါပိုးက အားကြီးလွန်းတယ်
ဘယ်လောကမှ ဆေးမမီတော့ဘူး။
အပြတ်မြင်ကြည့်ရင်
အပြင်မြတ်ပေမယ့်
အထဲမှာ ပုပ်စော်နံနေတဲ့
အဘွားကြီးတစ်ယောက်ကို တွေ့ရမယ်။
ဘယ်လောကမှ ဆေးမမီတော့ဘူး။
စုံလုံးကန်းသွားတာ မဟုတ်၊
စုံလုံးမှိတ်ချပစ်လိုက်ရတာ
သဘောပေါက်ပါ။
ဘယ်လောကမှ ဆေးမမီတော့ဘူး။

နရီမင်း
၎- ၂- ၂၀၁၇
...
ကမ္ဘာကြီးဟာ ငါတို့မပါတဲ့ ဇာတ်ဝင်ခန်း

Artist Laurie Justus Pace
စဉ်းစားရဖန်များတော့လည်း … 
ဒီလိုသာအစကကြိုသိခဲ့ရင်တွေနဲ့ဖြေသိမ့်တတ်ခဲ့
လူတွေရဲ့အိပ်မက်ကိုက …
ဆန်းကြယ်ကြီးမြတ်ထူးဆန်းလိုက်မမီတာများနေ
ဒီအခန်းတွေကျော်ပစ်လိုက်လည်း …
ကမ္ဘာဟာမိုက်မဲသူတွေသယ်ယူရူးနမ်းစွာလည်မြဲ
လူတွေရဲ့အယူအဆကိုက …
ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျဖို့ဆိုတာမဖြစ်နိုင်စရာပဲ
စဉ်းစားရဖန်များနေတဲ့လူတွေလည်း …
ဘုန်းဘုန်းလဲလက်မှိုင်ချပြီးသွားမှာပါပဲသံဝေဂတွေနဲ့
လူတွေရယ်တာလည်းခဏပဲ …
ကမ္ဘာလည်တာလည်းလှမြဲ ။။

တေဇလင်း
 ...
နံရံဟာ လေးလံလာတယ်
Invaluable.com
ငါ ရပ်ကြည့်နေတုန်း မျက်နှာကြက်မှာ ကပ်ထားတဲ့
မီးချောင်းတွေက တချောင်းပြီးတချောင်း ကျကွဲကုန်တယ်
ဖန်ကွဲစတွေပေါ် လှမ်းဖို့ ငါ့ခြေထောက်တွေ တုန်ရီနေတုန်း
လက်ငါးချောင်းအပြည့် ကြယ်တွေတပ်ထားတဲ့အခန်းထဲ
အိပ်ပျော်နေတဲ့ဇီးကွက်တကောင်ဟာ နိုးထလာပြီး
တောင်ပံတဖျပ်ဖျပ်ခတ်ကာ ကျယ်ကျယ်လောင်လောင်
သမ်းဝေလိုက်တယ်
ငါ့သွေးတွေ ပိုခုန် သွားတယ်
မိုးတွေသည်းလာတဲ့မြင်ကွင်းတခုဟာ ငါ့မိုးကာ အင်္ကျီထဲရောက်လာ
ပလပ်ပေါက်ထဲမှာ လေထုဟာမှောင်လို့ကောင်းတုန်း
ငါ့ စနေ တနင်္ဂနွေတွေက ပင်လယ်နံ့တွေ ပျောက်ဆုံးနေတုန်း
ညက ငါ့အတွေးထဲသာယာခဲ့တဲ့ စော်တဗွေဟာ
ငါ့ရှေ့က နေ မီးနီကို ဖြတ်မောင်းသွားတဲ့ ကားပေါ်ပါသွားတာ
တွေ့လိုက်တယ်
ငါ့သွေးတွေပူလာတယ်
ငါ့လက်ထဲရောက်လာတဲ့ရေသန့်ဗူးတွေက တံဆိပ်မျိုးစုံ
ရေခဲရိုက်ထားတဲ့အတိုင်း အငွေ့ကလေးတွေထွက်နေတုန်း
နံရံက စိမ့်ထွက်လာတဲ့အသံတွေဟာ
ငါ့နားကို လာ လာကိုက်ခဲတယ်
ငါ့မျက်လုံးတွေရောက်သွားတဲ့ ကောင်တာမှာတော့
ဇီးကွက်တကောင်က ပြုံးပြုံးကြီးနဲ့ ခန့်ခန့်ကြီး။   ။

   ဒီလူည

Comments