သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဝါကျဖြူ နှင့် လင်းမိုးစွေတို့၏ ကဗျာများ

ကျမရယ်...ညရယ်...အမှောင်ရယ်
Art Tattler
ကျမရဲ့နဘေးမှာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ညဟာ
ဉာဏ်ရည်ဉာဏ်သွေးအစွန်းထွက်တွေထဲက
တချက်တချက် ခွေးအူသံလို
ထောင့်စွန်းကျ ဟောက်သံတွေကလွဲလို့ပေါ့ ။

ကျမရယ်...ညရယ်...အမှောင်ရယ်
အိပ်ရာခွဲအိပ်လိုက်ပြီးကတည်းက
အချိန်ရဲ့လေးလံမှု လျစ်လျူရှုမှုတွေ
တစုံတခုကို တစုံတရာက
မှားယွင်းပြစ်လိုက်ပြီး
မသိမသာ ဖိနပ်ဦးလှည့်လိုက်တယ်
အမှန်တရားဆီလိုလိုမေးတင်ရင်း
ညဟာ ညှီနံ့ထဲ စိုက်ကျသွားပြန်ပြီ။

တနေ့တာရဲ့ဆာလောင်နေတဲ့ ညှို့ယူဖမ်းစားမှုတွေ
အလင်း အစိုးရရုံးစိုက်ရာတွေဆီက ထွက်လာကြပြီလား
ကျမရယ်...ညရယ်...အမှောင်ရယ်
အိပ်မပျော်ခြင်းပုံသဏ္ဍာန်ပြုလမ်းကြောင်းထဲမှာ
ရေဒီယိုရဲ့နံနက်ဦးကြက်တွန်သံကို နားစွင့်နေခဲ့ကြရ။ ။


ဝါကျဖြူ
 ...
 ပြတ်စဲခြင်း
Squarecylinder.com
တန်ဖိုးဆိုတာ
မြတ်နိုးမှု ၊ အသုံးဝင်မှုအပေါ်မှာ
မူတည်တယ်။

ပြန် မကောက်ဖြစ်တော့ပါဘူး
နံဘေးမှာချထားတဲ့
စာရွက်လိပ်လေး
မျက်နှာကျက်က
ပန်ကာလေကြောင့်
အပေါ်ကနေ
အောက်
လွင့်ကျသွားတယ်၊

ကောက်ပေးမယ့်သူမရှိဘဲ
အောက်ကနေအပေါ်ကို ရောက်မလာနိုင်ဘူးလေ။

တနင်္ဂနွေနေ့ဟာ
စာရွက်လိပ်လေးလို
လွတ်လပ်ပေါ့ပါးနေပါပြီ။

လင်းမိုးစွေ
၁၈.၁၂.၂၀၁၆
 

Comments