Saturday, December 3, 2016

k

သစ်ခက်သံလွင်အက်ဆေး၊ မင်းလွင် ၏ " ရှင်သန်နေထိုင်ခြင်းနှင့် ပတ်သက်၍ ရောက်တတ်ရာရာ "



ရှင်သန်နေထိုင်ခြင်းနှင့် ပတ်သက်
ရောက်တတ်ရာရာ

မင်းလွင်
POS
 ဘဝဟာ မှတ်ဉာဏ်ပေါ်မှာ တည်မှီတယ်

ခင်ဗျားဟာ ဒီနေ့မှာ နေထိုင်တယ်ဆိုပေတဲ့ ခင်ဗျားရဲ့အတိတ်နေ့ရက်တွေ မှတ်ဉာဏ်တွေကြောင့်သာ ခင်ဗျားဟာ ခင်ဗျားအဖြစ် ဒီနေ့မှာ နေထိုင်နိုင်တာ။ ခင်ဗျားရဲ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားရင် ခင်ဗျားကိုယ်ခင်ဗျား တွေးတောစဉ်းစားလို့မရရင် ခင်ဗျားဟာ ပျောက်ဆုံး။ ခင်ဗျားဟာ ခင်ဗျားမဟုတ်တော့တဲ့ ခင်ဗျား။ 

မေ့ပစ်ချင်စရာ ဆိုးဝါးခါးသီးတဲ့ အတိတ်မှတ်ဉာဏ်တွေ ခင်ဗျားဆီမှာ ရှိကောင်းရှိနိုင်ပေတဲ့ အဲဒါတွေ ဖယ်ထုတ်လိုင်ရင် ခင်ဗျားဟာ ခင်ဗျားမဟုတ်တော့ပြန်ဘူး။ တချို့ကတော့ ဆိုးဝါးတဲ့မှတ်ဉာဏ်တွေကို ဖယ်ထုတ်ချင်လွန်းလို့ (မှတ်ဉာဏ်သက်သက်ကို ဖျက်ဆီးဖို့မဖြစ်နိုင်တော့) မှတ်ဉာဏ်တည်မှီရာ ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ ကြံမိရှာတယ်။ 

တချို့များကျတော့ အကြောင်းတခုခုကြောင့် အတိတ်မှတ်ဉာဏ်တွေ ပျောက်ဆုံးကုန်လေတော့ ဒီတသက်မှာပဲ နောက်ဘဝ တခုရသွားသလိုမျိုးဖြစ်သွားတယ် 
လူတွေအနေနဲ့သေရမှာကြောက်ကြတယ်ဆိုတာကလည်း သေသွားရင် ဒီဘဝက မှတ်ဉာဏ် အကုန်လုံးကိုစွန့်လွှတ်လိုက်ရမှာကိုကြောက်ကြတာပါပဲ။ ခင်ဗျားရဲ့အမည်ကအစ၊ အလုပ်အကိုင်၊ သူငယ်ချင်း၊ မိသားစု၊ ချစ်သူ၊ ရန်သူ၊ ပိုင်ဆိုင်မှုတွေ၊ ကျော်ကြားမှုတွေစသဖြင့် ဒီဘဝမှာ ခင်ဗျားတည်ဆောက်ထားတဲ့ အတ္တတခုလုံးကို ခင်ဗျားမေ့လိုက်ရတာကိုး။

ပြောရရင် မှတ်ဉာဏ်ဟာ ဘဝပဲ။

တနေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ချိန်အတွင်း ရောက်လာသော အမည်မသိအလောင်း တလောင်း၏ သေဆုံးရခြင်းအကြောင်းရင်း Cause of death ကိုရှာဖွေရန် ရင်ခွဲရုံသို့ ရောက်ခဲ့ လေသည်။
မော်ကျူရီအတွင်း၌ လူတယောက်သည် ကျွန်ုပ်ရှိရာဘက်သို့ကျောပေး၍ရပ်နေရာမှ 
အလုပ်ရှုပ်မခံပါနဲ့တော့ဗျာ။ သေသူဟာ အသက် ၄၅ ပတ်ဝန်းကျင် ခြံအလုပ်သမားတယောက် အိမ်ထောင်မရှိ ဒါမှမဟုတ် အိမ်ထောင်ကွဲနေသူ အရက် ဆေးလိပ်အလွန်အကျွံသောက်သူ ဆိုင်ကယ်စီးလေ့ရှိသူ တယောက်ပါပဲ။

ခုသေဆုံးတာက Acute pancreatitis ကြောင့်ပဲဗျ။ အဲဒါသေချာတယ်။ ဘာကြောင့်ပြောနိုင်လဲလို့ ရှင်းပြရင် ခင်ဗျားရဲ့အသိဉာဏ်ကို စော်ကားသလိုဖြစ်မှာစိုးလို့ မရှင်းပြတော့ဘူး။

အထက်ပါစကားများကို ပြောရင်း ကျွန်ုပ်ဘက်သို့လှည့်လာသူမှာ ကျွန်ုပ်၏မိတ်ဆွေကြီး မောင်စံရှား ဖြစ်ကြောင်းတွေ့ရလေသည်။

ကျွန်ုပ် ။  စော်ကားတဲ့ အနေနဲ့ ရှင်းပြပါဦးဗျာ။

ရှား ။   ရှင်းပြရတာပေါ့လေ။ တဆိတ်ဗျာ လူတယောက်သေပြီဆိုမှ ခင်ဗျားတို့ဟာ ဘာကြောင့် ဘယ်လိုသေတယ် သေသူဟာ ဘယ်သူဆိုပြီး လိုက်စုံစမ်ဖော်ထုတ်ကြတယ်။ အဲသည့်လူ အသက်ရှင် နေတုန်းက ဘာကြောင့်စိတ်မဝင်စားတာလဲ။

ကျွန်ုပ် ။   ဒါကတော့ဗျာ သွေးရိုးသားရိုးသေခြင်း ဟုတ်မဟုတ်သိအောင် စစ်ဆေးရတာပဲလေ။ ခင်ဗျားလည်း ဘဝတလျှောက်လုံး လူသေတွေကို စိတ်ဝင်စားခဲ့တာပဲလေ။

ရှား ။  ဟုတ်ပါတယ်။ လူဟာ အသက်ရှင်မယ် ပြီးရင် သေဆုံးကြမယ်။ သေတဲ့အခါကျမှ ဘာကြောင့်သေဆုံးကြောင်း cause of death ကိုရှာဖွေပြီး တဘဝလုံးအသက်ရှင်ခဲ့တဲ့ ဒါမှမဟုတ် ရှင်သန်နေထိုင်ခဲ့တဲ့အကြောင်းရင်း Cause of Living ကိုမေ့နေခဲ့ကြတယ်။

ကျွန်ုပ် ။  လူတယောက် ရှင်သန်နေထိုင်မှုအတွက်အကြောင်းပြချက်တွေက အများသားဗျ။

ရှား ။  ဟုတ်ပြီလေ၊ ခင်ဗျားဆို ဘာအတွက် အသက်ရှင်နေတာလဲ။

ကျွန်ုပ် ။   အင် ..မပြောတတ်ဘူးဗျ။ တခါမှ အဲလို ကိုယ့်ကိုကိုယ် ပြန်မမေးဖူးဘူး။

ရှား ။  ကျုပ်အသက်ရှင်မှုကတော့ ပျင်းရိမှုကို  သတ်ဖို့ကြိုးစားရင်း ရှင်သန်နေတာပဲ။ ကျုပ်မှာ အမှုအခင်းတွေ ဉာဏ်ကစားရတာတွေ  weed နဲ့ တယောထိုးတာတွေနဲ့ နေ့စဉ်ဘဝရဲ့ငြီးငွေ့မှုကို ဖြေဖျောက်နေရတယ်။ အဲဒါတွေ အားလုံးကိုကျုပ်ငြီးငွေ့သွားတဲ့တနေ့ ကျုပ်အသက်ရှင်ခြင်းကို အလိုမရှိတော့ဘူး။

ကျွန်ုပ် ။  သြော် ..ဒါကြောင့် ခင်ဗျားအတွက် ခက်ပေ့ဆိုတဲ့အမှုတွေကို ဝတ္ထုရေးဆရာက ဖန်တီးပေးနေတာကိုး။

ရှား ။  ကဲပါလေ။ ထားလိုက်ပါ ခုတော့ ခင်ဗျားသူငယ်ချင်း မြသွေးကိုခေါ်ပြီး နတ်စင်ကုန်းနားက ဆိုင်မှာ လက်ဖက်ရည် သွားသောက်ရအောင်ဗျာ။

လူတချို့ဟာ သက္ကရာဇ်တွေကို သူတို့နောက်ကျောမှာ လွယ်ပိုးထားကြတယ်။ နောက်တော့ တဖြည်းဖြည်း ခါးတွေကုန်းလာတယ်။ တချို့က သက္ကရာဇ်တွေကို ခေါင်းပေါ် ရွက်လာတယ်။ လေးလံလွန်းတဲ့အတွက် သူတို့ဟာ တဖြည်းဖြည်းမြေထဲ နစ်ဝင်ကုန်တယ်။ တချို့ကတော့ သက္ကရာဇ်တွေကို အိမ်နံရံမှာ ချိတ်ဆွဲထားတယ်။ ဧည့်သည်တွေလာရင် အကောင်းဆုံးကြွားဖို့ပေါ့။ တချို့က သက္ကရာဇ်တွေကို လက်နှစ်ဖက်လုံးနဲ့ ပွေ့ပိုက်ထားတော့ လမ်းမှာတွေ့တဲ့ ရတနာပစ္စည်းတွေ ကို မကောက်ယူနိုင်ကြတော့ဘူး။ တချို့က သက္ကရာဇ်တွေနဲ့ တံတားဆောက်ပြီး ဟိုဘက်ကမ်းက သက္ကရာဇ်တွေဆီသွားဖို့ကြိုးစားနေကြတယ်။ တချို့က သက္ကရာဇ်တွေကို ဝိုင်အရက်နဲ့ လဲသောက် လိုက်ကြပြီး ပုလင်းခွံတော်တော်များများ စုဆောင်းရရှိလိုက်တယ်။ တချို့က သက္ကရာဇ်တွေနဲ့ အိမ်ဆောက်ပြီး အထဲမှာဝင်နေကြတယ်။ ဘယ်တော့မှ အပြင်မထွက်တော့ဘူးတဲ့။ တချို့က သက္ကရာဇ်တွေကို သူတို့သိပ်လိုချင်တယ်လို့ထင်တဲ့ အရာတွေနဲ့ လဲလိုက်ကြတယ်။ ပြီးတော့ အဲသည်အရာတွေပိုက်ပြီး သက္ကရာဇ်ငတ်နေကြလေရဲ့။ တချို့က တခြားသူတွေရဲ့သက္ကရာဇ်တွေကို ခိုးယူဖို့ကြံရင်း သူတို့သက္ကရာဇ်တွေ ပျောက်ဆုံးကုန်တယ်။ 

တနေ့တော့ လူတယောက်ဟာ အမှောင်ထဲလမ်းလျှောက်လာရင်း သူ့ရဲ့သက္ကရာဇ်တွေကို ကောင်းကင်ပေါ်မြှောက်တင်ပက်ဖျန်းလိုက်တဲ့အခါ ကြယ်တွေ ပြိုးပျက်လင်းလက်လာသတဲ့။

မင်းလွင်