သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ထက်လူအောင်၊ အာကာဦးနှင့် မောင်ထိန်လင်း(မြို့သာ) တို့၏ ကဗျာများ

ညကလပ်ရှေ့က လမ်းမ
KT#
ကျမ်းကျိန်ပြောသမျှဟာ ချစ်ပါတယ်ဆိုတဲ့အကြောင်းတွေ
ဒီခေတ်ဒီအခြေအနေက သွေးနွေးသတ္တဝါလိုနေထိုင်မှ
ရောင်းမှားဝယ်မှားတွေ သိပ်များတယ်
အရောင်းအဝယ်မှန်တာဆိုလို့ သွေးသားကိစ္စသာရှိတော့
မြို့ပြလမ်းမထက် ပွက်ပွက်ဆူလူငယ်သွေးတွေ
ချောကလက်ရနံ့တွေ ပျံ့လွင့်နေတဲ့ဖိနပ်များ
မီးရောင်အောက် ဘယ်ညာနင်းတာမှန်နေတယ်
လူမရသေးရင် ဈေးတွေကျတော့မယ်
ညလုံးပေါက် သောက်မယ့်ရမ္မက်တွေ
အခုမှ ဒီရေတက်တုန်း ။
အရက်ခွက်ထဲ အတိတ်တွေသာလက်ကျန်ထားခဲ့
ပြသနာတက်ရင် ရိုက်ရမယ့်ခေါင်းတော့မမှားခဲ့
ပြေးတဲ့သူနောက် လိုက်ခုတ်တဲ့ပဓားမှာလည်း
ပိုက်ဆံမရရင် မဖြစ်တဲ့ဘဝပါတယ်
အနုပညာပါပါ ဖြစ်တဲ့ရန်ပွဲမှာ
ဘယ်သူ အိမ်တံခါးပေါက်နဲ့လွဲမလဲ
မိုးမလင်းခင် အားလုံးအဆင်ပြေခဲ့ပြီ
လမ်းမသာ မနက်ခင်းနဲ့ အထီးကျန်လို့။

ထက်လူအောင်
ခေတ်ကြီး
KT#
တွန်းထုတ်လွှတ်လိုက်လို့
ပွန်းပဲ့လာတဲ့အမှန်တရားဟာ
နေ့စဉ်ဘဝထဲဝင်လာတယ်။
တောင်တွေဟာငိုကြရဲ့
မျက်ရည်ခမ်းတဲ့အထိ။
လမ်းမတွေဟာမလုံခြုံဘူး
ခြုံခိုတိုက်ခိုက်ခံရတဲ့အထဲ
အမေ့အတွက်သိမ်းထားတဲ့
ဆေးဖိုးလေးပါသွားတယ်။
ငတ်ခြင်းဟာ
ပင်လယ်ဖြစ်ပြီး
ထမင်းစားပွဲဟာမြစ်ဖြစ်တယ်
ဘယ်လောက်ဖြည့်ဖြည့်
ပြည့်မဲ့ပုံမပေါ်ဘူး။
စက်ခေါင်းဟာတည်ငြိမ်သလောက်
နောက်တွဲတွေရမ်းခါနေတဲ့ရထား
သံလမ်းပေါ်ဖြတ်သွားတယ်။
အဟောင်းဆိုင်ထဲက
ထွက်လာတဲ့ဖက်ရှင်ဟာ
လမ်းပေါ်မှာကြွေကျလို့။
ဒီရာသီမှာ
အလင်းငတ်နေတဲ့သီချင်း
ကိုယ်တို့ဘယ်လိုဆိုကြမလဲ။
ဟိုးရှေ့မှာမြင်နေရတဲ့
စိန်ပန်းနီနီတွေ
အဘိဓမ္မာဆန်နေလိုက်ပုံများ
မြို့ကြီးတောင်တုန်ဟီးလို့ ။
အပူအပင်ကင်းဖို့ဆိုရင်
လက်ထဲကပုလင်း
ဖွင့်သောက်တာပဲကောင်းလိမ့်မယ်။
ခလုတ်တိုက်ပြီးထွက်ထွက်လာတဲ့
အာမေဋိတ်မှာတောင်
သွေးညှီနံ့တွေ ထောင်းထောင်းထတယ်။
ရှင်းရှင်းလင်းလင်းမြင်ရဖို့
ပါဝါအားတွေတိုးကြစို့။
ဘာပဲဖြစ်ဖြစ်
လှနေတဲ့ကမ္ဘာဟာ
သူ့အလိုလိုရလာတာမဟုတ်ဘူး။
ကဲ
ငါတို့
ထွန်ယက်ကြရအောင်။
အာကာဦး
မိမိကိုယ်ကို ခြေထိုးခြင်း
 
KT#
 ကမ္ဘာ့မြေဆွဲအားနဲ့ ကင်းလွတ်ခွင့် 
အမြင့်ပေ နာနိုစက္ကန့် အရေအတွက်
အသက် ဒိတ် ဒိတ် တိုး
မိုးကောင်းကင် မျက်တောင်မခပ်
သွေးမပျက်ဘူး။

ရှူ သွင်း ရှူ ထုတ်ပေါင်း များစွာနဲ့
တကမ္ဘာတည်ခဲ့
ရှူ သွင်းပေါင်း များစွာနဲ့
နှလုံးသွေး နီခဲ့
ရှူ ထုတ်ပေါင်း များစွာနဲ့
ဆံပင်ဖွေးဖြူခဲ့
ခေါင်းစဉ်ပေါင်း များစွာနဲ့
ကျားကန်ခဲ့
လက်ညှိုးပေါင်း များစွာနဲ့
အားမာန်ဖွဲ့
ဘဝဆိုတာ...များစွာနဲ့ များခဲ့တယ်။

အသက်ရှူ နည်း သင်တန်းဆင်း
ဒီပလိုမာ၊ ဘွဲ့တံဆိပ်၊ ပီအိပ်ခ်ျဒီ...
ရင်ဘတ်ပေါ် ညီညာတင်ပြီး
ငါ သေနေတာ
ခုနှစ်ပေါင်းများစွာ...
ဒါလည်း များစွာပဲ။

မောင်ထိန်လင်း(မြို့သာ) 

Comments