သစ်ခက်သံလွင်(မိုးမခ)- တွေ့ဆုံမေးမြန်းခန်း၊ ဆရာမင်းသစ်နှင့် မာန်(တောင်လုံးပြန်) အပိုင်း (၅-၆)




ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၅-၆)

တွေ့ဆုံမေးမြန်းသူ စာရေးဆရာ မာန် (တောင်လုံးပြန်)
 
ပန်းချီမင်းဝေအောင်
ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက် ကံကောင်း လှသည်မှာ ကျနော့်ရဲ့လူသိမများလှသောဝတ္တုရှည်တပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့ တော့ မိတ်ဆက်စကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကို သိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သဘောကျကြောင်း ပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေ စက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်က လူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့် ကြို့ကြားကြို့ကြား တွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှဝါရင့်သမာရင့်များနှင့်ထပ်၍ အင်တာမဗျူးဖြစ်။ နိုင်ငံရေးသောင် သာသောကာလမို့  နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ်နှင့် ချိန်းဆိုကာ လွန်ခဲ့သော(၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှတင်ပြလိုက်ရပါတော့ သည်။
မာန် (တောင်လုံးပြန်)  
....................
ဆရာမင်းသစ်အင်တာဗျူး(၅)

မာန်။ ။ ထားပါဆရာရယ်ရပါတယ်၊ ဒါပေမဲ့ သီချင်းနာမည် လေးတွေတော့ပြောပါဆရာ

မင်းသစ် ။ ။ ရုပ်ရှင်သီချင်းတွေဗျ၊ ဓာတ်ပြားသီချင်းဆိုလို့ မြန်မာ့အသံမှာ တပုဒ်ရှိတယ်၊ ကိုတင်မိုးရဲ့ 'တသက်မှာ သည်တပွင့်'ကို ကျနော်အသံထည့်ပြီးတော့ ချစ်စပယ်ပြန်ဆိုထားတာ၊ ဓာတ်ပြားသီချင်း ကတော့ ပိုက်ဆံလိုချင်လို့ ရေးခဲ့တာပါပဲ၊ တကဲ့ကို ခပ်တုံးတုံးပေါ်တင်ကြီး ရေးရတာ၊ ရည်းစားရှိရင် ခွင့်လွှတ်ပါသီချင်း၊ တွံတေးသိန်းတန်ဆိုခဲ့တာပေါ့။
ရုပ်ရှင်သီချင်းတွေကတော့ အများကြီးပဲ၊ အဲဒီထဲမှာမှ ကျနော်အားရတာက 'မေတ္တာသည်သာ အလှတရား' သီချင်းပါ၊ အပြတ်မပြောနဲ့မချောရုပ်ရှင်ကားထဲကသီချင်း၊ အဲဒီကားထဲမှာ ကျနော် လေးငါးပုဒ်လောက် ရေး တယ်၊ ပြီးတော့ တွံတေးသိန်းတန်ရဲ့ဆရာဆိုပြီးတော့ စန္ဒရားဆရာယောင်ဆောင်ပြီး ဝင်ရိုက်လိုက်သေး တယ်၊ စန္ဒရားလည်း ကောင်းကောင်း တီးတတ်တာ မဟုတ်ဘူး။
ဝတ္တုဇာတ်ညွန်းရေးတာလည်း ဖောင်နှစ်ဆယ်ကျော်လောက်ရှိမယ်၊ ကန်တော်လေးက ကျုံပျော် ကိုတင်လှိုင် စက်မှာ ရိုက်တာ၊ ရေးပြီးရိုက် ရေးပြီးရိုက်နဲ့၊ အဲဒီလိုလုပ်ခဲ့တယ်၊ ကျနော်နာမည်မခံဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဇာတ်လမ်းကျောရိုးက သူငယ်ချင်းဟာ ဖြစ်နေလို့။

မာန်။ ။ ဂီတလောကကိုဆက်ပါဦးဆရာ၊ အဲဒီလောကမှာ အကြာကြီးဆက်နေသေးလား

မင်းသစ်။ ။ နေနိုင်ဘူးဗျကျနော်

မာန်။ ။ ပိုက်ဆံရတယ်မို့လားဆရာ၊

မင်းသစ်။ ။ ရတာပေါ့ဗျာ၊ တစ်ပုဒ်နှစ်ရာလေ၊ အဲဒီတုန်းက ခင်ဗျားကလည်း ဘီအီးတစ်ပက်မှ ပြား သုံးဆယ်၊ ရမ်တစ်လုံးမှ ခုနှစ်ကျပ်ခွဲ၊ ကျနော့်အဖို့ အက်စ်အေပီလစာထက်တောင် ပိုသေးတယ်၊ အက်စ်အေပီလစာက မှ ၂၉၇ ကျပ်၊ သို့သော် ရွေဈေးက ၃၈၀ ၊ ငွေနှစ်ရာဆိုတာ သုံးမတ်သား လောက်ရတဲ့ခေတ်၊ ကျနော်က တစ်လတစ်လကိုဓာတ်ပြားသီချင်းနဲ့  ရုပ်ရှင်သီချင်း နှစ်ပုဒ်လောက် ရေးဖြစ်တယ်၊ တစ်လကိုလေးရာ၊ ရွေတစ်ကျပ်သား ကျော်သေးတယ်၊ ခုခေတ်သီချင်းရေးဆရာ တွေ ပိုက်ဆံရတယ်ဆိုတာ ရယ်တာပေါ့ဗျာ၊ ရွေဈေးနဲ့တွက်ရင် ပြောပါတယ်။ ဒါပေမဲ့ ကျနော် မနေနိုင်ဘူးဗျ၊ မနေနိုင်ဘူးဆိုတာ အဲဒီ ဘလက်တွေဒဏ်ကိုမခံနိုင်တာ၊ စာမဖတ်ဘူးဗျ၊ ကိုယ်နဲ့စကားပြောဘက်လည်း မရှိဘူး၊ ကျနော့်နားမှာ စာဖတ်တာဆိုလို့ တွံတေးသိန်းတန်ပဲ ရှိတယ်၊ သူကလည်း နောက်ပိုင်းအလုပ်အရမ်းများတော့ စာ မဖတ်နိုင်တော့ဘူး၊ ဒါပေမဲ့ သူက ဂန္တဝင် အရမ်းကျေတယ်၊ ရှင်မဟာရဌသာရ၊ ရှင်မဟာသီလဝံသ၊ နတ်ရှင်နောင်တို့၊ ရတု၊ ပျို့ အကုန်အလွတ်ရတယ်၊ အလွတ်ရတာ၊ တခါတလေ ရွတ်နေတာ၊ ဘိလိယက်ထိုးရင်းလည်း ရွတ်နေတာ၊ ရှင်မဟာရဋ္ဌသာရ ရွတ်ချင်ရွတ်နေတာ၊ နတ်ရှင်နောင် ရွတ်၊ နဝဒေးရွတ်နဲ့၊ သူနဲ့တော့ ပြောလို့ဆိုလို့ ရပါတယ်။
ဒါပေမဲ့ ကျန်တာတွေက မကောင်းဘူးဗျ၊ ဘလက်တွေ၊ ကြာတော့ ကျနော်အဲဒီဒုက္ခကြီးကို မခံနိုင်တော့ ဘူး၊ နောက်ပြီးတော့က ဒီလ ငါ့ရုပ်ရှင်သီချင်း ဘယ်နှပုဒ်မှရပါ့မလဲ၊ အပ်ကြပါ့မလဲ၊ အဲဒါကြီးက လည်း မျှော်နေရတာ၊ အဲဒါကြီးကလည်း ဘယ်ပေါ်မှာမူတည်မျှော်နေရသလဲဆိုတော့ တွံတေးသိန်းတန် ရိုက်တဲ့ကားပေါ်မူတည်ပြီး မျှော်နေရတာ၊ ဒါတောင်မှ ဒါရိုက်တာတွေက တွံတေးသိန်းတန်ကားဆိုရင် သီချင်းတွေ ဇွတ်ထည့်တာလေ၊ ထမင်းချက်လည်း သီချင်းပဲ၊ ရေချိုးလည်း သီချင်းပဲ၊ အဲဒါတွေ တွေ့ဖူးမှာပေါ့။

မာန်။ ။ တေးသရုပ်ဖော်ကားမျိုး ဖြစ်နေမှာပေါ့ဆရာ

မင်းသစ်။ ။ အဲဒီလိုဗျာ၊ အဲဒါနဲ့ ကျနော်ကျူရှင်ဆရာဖြစ်လာတာ။ ရန်ကုန်တမြို့လုံးမှ ကျူရှင်ဆရာ က လေးယောက်လောက်ရှိတာ၊ ၁၉၆၉ ကာလပေါ့၊
လှည်းတန်းမှာ ဦးအောင်ဖေညွန့် ရှိတယ်၊ ဓာတ်ပုံဆရာကြီး။ သူက Physics သင်တာ၊ နောင်ပြီးတော့ စမ်းချောင်းမှာ ဦးဘဌေးရှိတယ်၊ သင်္ချာသင်တာ။ နောက်တခါ သိမ်ဖြူမှာ ဦးဖေဌေးရှိတယ်။ ပုဇွန်တောင်မှာ ဦးနု ရှိတယ်။ မြို့လယ်မှာ တကျောင်းကျန်သေးတယ်၊ ဦးဆလမ်မန်၊ ဆလမ်မန်ဟိုက်စကူးဆိုပြီးဖွင့်တာ။ ရန်ကုန်တမြို့လုံး ဒါပဲရှိတာ။

အဲဒီမှာ ကျနော်တို့က ရမ်းသန်းစမ်းပြီးတော့ ကျူရှင်ထောင်ကြတယ်။ လေထန်ကုန်းနဲ့ မျက်နာချင်းဆိုင်မှာ။  ၃၃ လမ်း၊ အမှတ်(၁၄၈)မှာ ကျနော်တို့ကျူရှင်ထောင်ကြတော့
ကျနော်နဲ့မောင်သာနိုးနဲ့။ မောင်သာနိုးက အင်္ဂလိပ်စာ၊ ကျနော်က Bio ဆိုပြီးလုပ်ကြတာ၊ ဖွင့်စ ကကျောင်းသား ငါးယောက်လောက်မလာရင် ထွက်စောင့်နေရတာ၊ အဲဒီမှာ နိုင်ငံရေး သမားသားသမီးတို့၊ စာရေးဆရာသားသမီးတို့ဆိုရင် free ၊ တခါတလေ free တွေ ထွက်မျှော်နေရတာ။ ဘယ်သူတွေတုန်း ဆိုရင် သခင်မြသန်းသမီး၊ စည်သူမြသန်းရဲ့အစ်မနေမှာပေါ့၊ နောက်ဦးလှခင်ရဲ့သမီးတို့။ ကျနော်ကထွက်မျှော်နေရတာ။ သူတို့လာမှလူစုံပြီဆိုပြီး သင်ရတာ။
နောက်တော့ ကျနော့်ကျူရှင်က အရမ်းအောင်မြင်သွားပြီးတော့၊ ထားပါတော့။ ထွင်လိုက်တာလည်း ပါတာပေါ့ Bio ကို ကလေးကြိုက်သီချင်းနဲ့သင်တာ။
၉ တန်း ၁၀ တန်းသင်တယ်။ စတီဒီယိုခေတ်ဦးလောက်မှာ ပလေးဘိုင်းအဖွဲ့နဲ့၊ သိန်းတန်တို့ သန်းနိုင် တို့၊ နွဲ့ယဉ်ဝင်းတို့၊ ကေဂျာနူးတို့ တင်မိုးခိုင်တို့၊ အောင်ကိုလတ်တို့နဲ့၊ အဲဒီတုန်းက နာမည်ကြီးအဆိုတော် မှန်သမျှပေါ့ဗျာ၊ အဲဒါတွေနဲ့စီးရီးထုတ်တာ၊ စီးရီးထုတ်ပြီးတဲ့အချိန်မှာ သင်တန်းသား သုံးထောင်ကျော် သွားတယ်။

မာန်။ ။ ဘယ်လိုများထုတ်တာလဲဆရာ၊ လုပ်ပါဦး

မင်းသစ်။ ။ ဟိုခေတ်ကသီချင်းစီးရီးထုတ်သလိုပဲလေ ၊သင်ခန်းစာတွေကိုသံစဉ်နဲ့ထုတ်၊ ဆိုင်တွေ ကိုလိုက် တင်လိုက်ဖြန့်တာ၊ အဲဒါ ဒုတိယစီးရီးထုတ်ပြီးတော့ ကျောင်းသားငါးထောင် ကျော်သွား တယ်၊ ကျနော်စက် ရှင်(၂၁)ရှင်ထိ ခွဲသင်ရတယ်။

အဲဒီတုန်းက သူကငယ်သေးတယ်ဗျ၊ သူ့မိဘတွေနဲ့ပဲသိတာ၊ ကျနော့်ကျူရှင်က အမှတ်(၁၃၀)၊ ဆူးလေ ဘုရားလမ်း၊ လှေကားကတက်သွားပြီး ညာဘက်ဝင်လိုက်ရင် ကျနော့်အခန်း၊ ဘယ်ဖက် ဝင်လိုက်ရင် မင်းအောင်လှိုင်(ယခုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်)တို့အခန်း၊ ဒါပေမဲ့ သူက ငယ်သေးတော့ မခင်ပါဘူး၊ သူ့အဖေတို့ဘာတို့တော့ ခင်တာပေါ့၊ သူ့အဖေက ကျနော့်တို့ကို ပန်းချီသင်ပေးခဲ့ဖူးတယ်၊ ၁၉၅၂ မန္တလေးမှာ ပန်းချီသင်တန်ကျောင်းဖွင့်တဲ့အချိန်တုန်းကပေါ့၊ သူ့ကြောင့် ကျနော်ဟိုက်စကူးဖိုင်နယ်မှာ ပန်းချီနဲ့အောင်တာ၊ အနုပညာက အဲဒီလိုမျိုးဗျ၊ စာကျက် ရတာ တစ်ဘာသာသက်သာတာပေါ့။ အဲဒီတုန်းက မင်းအောင်လှိုင်က မမွေးလောက် သေးဘူးဗျ၊ သူကြီးလာတဲ့အခါကျတော့လည်း စစ်တက္ကသိုလ်တက်တာဆိုတော့ မတွေ့ပါဘူး၊ တခါတလေကျတော့လည်း သူကျောင်းပိတ်ရက်ပြန်လာတဲ့အခါ ဒေါက်ဖြူလေးနဲ့၊ကျနော့်ကျောင်းသူလေးတွေ က ဝိုင်းငေးကြလို့ တံခါးထပိတ်ရတာပေါ့၊ သူက လူငယ်အရွယ် ချောချောလေး၊ ဒေါက်ဖြူလေးနဲ့ကိုး၊ ကျနော့်ကျူရှင်လောကကတော့ အဲဒါပါပဲဗျာ။

ဆရာမင်းသစ်အင်တာဗျူး(၆)
(ပိုက်ဆံကြောင့်ပျက်စီးရတဲ့ ကျနော့်အနုပညာ)

မာန်။ ။ ဆရာစာရော မရေးသေးဘူးလား


မင်းသစ် ။ ။ ရေးပြီလေ၊ နောက်ပြီးတော့ ကျူရှင်သင်ရင်းတန်းလန်းနဲ့ မဂ္ဂဇင်းထုတ်နေပြီ၊ ၁၉၇၀ မှာ မိုးဝေမဂ္ဂဇင်းကို နတ်နွယ်နဲ့ပေါင်းပြီးထုတ်နေပြီ၊ နောက် ကုန်တော့လည်း ရပ်သွားတာပေါ့လေ။ စာတော့ရေးဖြစ်တယ်၊ ဒီလကဗျာဆို နောက်လဝတ္ထု၊ နောက်လ ကဗျာ၊ နောက်လဝတ္တု၊ အဲဒီမှာ
မောင်မြင့်မြတ်(အညာတက္ကသိုလ်)ကနေ မောင်နဲ့နောက်က တက္ကသိုလ်ပြုတ်သွားတယ်၊ မြင့်မြတ် ဖြစ်သွား ပြီ၊ ၁၉၇၀ ဩဂတ်စ်လမှာ ကျနော့်ရဲ့ပထမဆုံးဝတ္တုတို'လန်ဒန်မိုးခါးရေ'၊ နောက်ပိုင်းကျတော့ ကျနော်မင်း သစ်လို့ ကလောင်အမည် ပြောင်းပစ်လိုက်တယ်၊ ၁၉၇၀ စက်တင်ဘာလမှာ၊ မိုးဝေမဂ္ဂဇင်းထဲ'ကူးစက် တတ်သောခေတ်' ဆိုတဲ့ကဗျာမှာမင်းသစ်နဲ့စရေးတာ။

ကျနော်ပြောပြချင်တာက ဒီလိုပါ၊
ကာရန်ကို ဇွတ်ရှောင်နေရင်လည်း မရိုးသားတာပဲ၊ ဇွတ်ရှာနေရင်လည်း ညံ့ရာကျတယ်၊ အညံ့စား ကဗျာဆရာပဲ၊ နောက် ပြီးတော့ ခေတ်သစ်ကြီးဖြစ်လာလို့၊ ခေတ်ပေါ်ကြီးဖြစ်လာလို့၊ ခေတ်သစ်မှာပေါ် တဲ့စကားလုံးတွေ၊ ကာရန်တော့မနိုင်တော့ဘူးထင်ရင် မရေးကြနဲ့၊ အဲဒါကြောင့် အဲဒီကဗျာကျနော်ရေးတာ။


မာန်။ ။ပြောပါဦးဆရာအဲဒီကဗျာအကြောင်း..

မင်းသစ်။ ။ဂီတအသုံးအနူန်း အင်္ဂလိပ်စကားလုံးတွေကို  ကျနော်ကာရန်နဲ့ရေးပစ်တာ၊
(ဆရာက ကဗျာကို ခပ်အေးအေး ရွတ်ပြပါသည်)


တေးရေးမယ်လို့
အတွေးကလေးဈာန်ဝင်ပြီး
ကာရန်တွင်သံစဉ်နှော
အတောကလေးရှာဖွေ၊
တျာထံ၊ မြန်မာသံစစ်စစ်လေးတွေနဲ့
ခေတ်ရေးကိုတခါသီလို့၊
သာယာကြည် မဖောက်ပြန်သဘောရယ်နဲ့
မြန်မာပီ အနောက်ဟန်မနှောလေတဲ့
တေးကြောကိုတျံထာနဲ့
ရေးဖွဲ့မယ်လေ
ပယတ်၊ ဋ္ဌာန်၊ ဟန်၊ ကရိုဏ်းရယ်နဲ့
လမိုင်းမကွာ မပြတ်တီးသော်လည်း
မြည်ဟီးတာ ဘယ်လိုအသံလဲ
မြန်မာသံပျောက်ပြန်ထင်ထင့်
အောက်ပြန်မဝင် ဖလက်တဖန် ဟပ်(ဖ်)တွေနဲ့
ဖောက်ပြန်ချင် ကလပ်(ပ်)မမှန် ရှပ်(ပ်)တွေမို့
ဖြတ်ချင်ပါရဲ့ငါ့လက်တွေ။
အခက်သားလေ
ရတက်ပွားဗျာပွေလို့
အဖြေအရှာခက်လှချည်ရဲ့
စက်မပျော် ထိုင်လိုထလိုနဲ့
ချစ်သူကိုတိုင်တည်ညည်းကာ
အဖြေရှာတကယ်တွေ့ပြီပဲ
မနက်က နှစ်ကိုယ်ဆုံတော့
သင်းထုံထုံ ချစ်သူပါးမှာလ
သနပ်ခါး ဘယ်မမြင်ဘု
ဒီဇင်ဘာ ဆူဇင်မာ မိတ်ကပ်မွှေးတွေနဲ့
ဆေးနီခြယ်သူ့နူတ်ခမ်းကို
ချစ်သူရေ
ဗိုလ်လိုနမ်းခဲ့မိလို့လား။ ။


ကျနော်ပြောချင်တာက ရေးလို့ရပါတယ်ကွ၊ မင်းတို့ကြိုးစားကြပါ၊ အားထုတ်ကြပါဆိုတာ

မာန်။ ။ကောင်းလိုက်တဲ့ကဗျာဆရာရယ်၊ (အသံဖိုင်အား သီးသန့်စီဒီကူးထားပါသည်)၊ ဆရာအလွတ်ရွတ်သွားတာတော်တော် အရသာရှိတယ်၊ စကားလုံးတွေကိုကိုယ်ကြိုက်သလို သုံးလို့ရတာပဲနော်၊ ဒီတော့ဆရာရယ်၊ ဆရာတို့ အဲဒီခေတ်ကာလက စာပေမှာကာရန်မဲ့တာနဲ့ ဘာနဲ့ တော်တော်ပြင်းထန် ကြတယ်နော်

မင်းသစ်။ ။ စပြီ၊ စနေကြပြီ။ အဲဒီတော့ ရှုမဝအုပ်စုက ကာရန်နဲ့ ရေးတယ်၊ မိုးဝေအုပ်စုက လွတ်လပ်ကာရန် နဲ့ ရေးတယ်၊ ကာရန်တော့ ပါတယ်၊ free verb ပေါ့၊ အဲဒါကို ရန်လုပ်ခံရတာနော်၊
ဒါ ကာရန်ပါသေးတယ်။ ထားတော့။ အဲဒီမှာ ကျနော်စာ တော်တော်ရေးဖြစ်ပါပြီ။ ကဗျာ၊ ဝတ္တု၊ ကဗျာ၊ ဝတ္တု၊ ရေးတယ်။ နောက်ကျနော်မရေးတော့ဘူး။


မာန်။ ။ အကြောင်းရင်းက…

မင်းသစ်။ ။ အကြောင်းက ဘာမှမဟုတ်ဘူး။ ကျနော်ပိုက်ဆံရှာတာလေ။ ဟုတ်ပြီနော်။ တနည်းပြောလို့ရှိရင် ကျနော်ပိုက်ဆံတွေအများကြီးရတဲ့အချိန်မှာ ကျနော့်အနုပညာ ပျက်စီးသွားတယ်။ ကျနော့်ရဲ့ကာရိုက်တာလည်း ပျက်စီးသွားတယ်။ ပိုက်ဆံ အရမ်းရတယ်။ အနုပညာအလုပ်များလုပ်ဖို့သတိကိုမရတာ။ ပေဖို့တေဖို့ သုံးဖို့ဖြုန်းဖို့ပဲ။ ကျူရှင်နဲ့ရတဲ့ပိုက်ဆံ
တွေပေါ့။
အဲဒီမှာအရက်မူးမူးနဲ့ ရန်ကုန်ကနေ မန္တလေးကိုလေယာဉ်နဲ့နေ့ချင်းပြန် မြီးရှည်သွားစားတာတို့ ဘာတို့ပေါ့။ အဲဒါအမှန်တော့ ကျနော့်ကာရိုက်တာ ပျက်စီးသွားတာပဲ။ ပိုက်ဆံ၊ပိုက်ဆံကြောင့်၊ အနုပညာလည်း မလုပ်ဖြစ်ဘူး။ ဘယ်လောက်နာသလဲ။ စာမရေးပြန်ဘူး။ ဆယ်နှစ်လောက် ကြာသွားတယ်။


မာန်။ ။ ဆရာအိမ်ထောင်ကျတဲ့ကာလလေးပြောပါဦး

မင်းသစ် ။ ။ အိမ်ထောင်ကျတာ ၁၉၇၁ ၊ မင်္ဂလာဆောင်တာတောင်မှ ဇာတ်ညွန်းရေးခလေးနဲ့ ဆောင်ရတာ။ ခင်မောင်ချင်းနဲ့ စန်းစန်းဝင်တို့ရဲ့ စပယ်မွှေးမွှေးအထွေးဖို့ဇာတ်ကားကို ကျနော် ဇာတ်ညွန်းရေးတယ်။ အဲဒီရတာလေးနဲ့ဆောင်ရတာ။ ဇာတ်ညွန်းရေးခလေးနဲ့ မင်္ဂလာဆောင် စရိတ်လုပ်ခဲ့ရတာ၊၊ တီးဝိုင်းကပလေးဘိုင်းက အလကားတီးပေးတယ်၊ အဆိုတော်တွေကလည်း အလကားဆိုပေးတယ်။ မင်္ဂလာဩဘာဖတ်တာက မြန်မာ့အသံက အဘဦးသန်းမြင့်။ အဲဒါက အိမ်ထောင်ကြတာပေါ့၊

မာန်။ ။ ဟုတ်ပါပြီဆရာ၊ဆရာကျူရှင်သင်ပြီးတော့ပိုက်ဆံတွေတအားရ၊ အဲဒီမှာ စာပေဘက်မှာ မလှည့်နိုင်၊ လူကလည်း ပျက်စီးတယ်

မင်းသစ်။ ။ဟုတ်တယ်၊ ကာရိုက်တာပျက်စီးတယ်။ အနုပညာပျက်စီးတယ် အနုပညာအလုပ်ကို မလုပ်တော့ဘူး။ သီချင်း ကဗျာ ဘာမှမရေးတော့ဘူး။ ရေးဖို့လည်း မလိုတော့ဘူး။
အဲဒါက ပိုက်ဆံက လူကိုဖျက်ဆီးတယ်ဆိုတာ တနည်းအားဖြင့် ကိုယ်ညံ့လို့၊ ကိုယ်ညံ့တာပဲ။ လူငယ်တွေကို အဲဒီလိုမဖြစ်စေချင်ဘူး။ ဆိုပါစို့ ကဗျာဆရာလေးတယောက်နေ့ချင်းညချင်း သိန်းထောင်ချီပြီး ချမ်းသာသွား ရင် ကဗျာရေးဖြစ်ပါ့မယ်လို့ သူအာမခံရဲလား၊ မလွယ်ဘူး။ အဲဒီလိုဗျာ၊ နောက်၊ ဆယ်နှစ်လောက်ကြာတဲ့ အခါကျတော့လည်း ကျနော်မနေနိုင်ပြန်ဘူး၊ ဒီပိုးကြီးကရှိနေတာပဲ၊ ဟုတ်တယ်မို့လား၊ ဘယ်လောက် ပျက်စီးပျက်စီး၊ အဲဒါနဲ့ ကျနော် ငါးနှစ်လောက် ပြန်ရေးတယ်၊ မိုးဝေ၊ မြဝတီ၊ စစ်ပြန်။ တောင်းတဲ့နေ ရာတွေပေါ့၊ စစ်ပြန်ဆိုရင်တက္ကသိုလ်နန္ဒမိတ်၊အောင်သာမိုးရှိလို့ရေးဖြစ်တာ၊ မြဝတီမှာတော့ အောင်ပြည့်ရဲ့ညီ၊ ကိုကောင်းညွန့်ရှိလို့၊ မိုးဝေကတော့ထားတော့။


(ဆက်ရန်)
တွေ့ဆုံမေးမြန်းခန်း၊ ဆရာမင်းသစ်နှင့် မာန်(တောင်လုံးပြန်) (အပိုင်း -၁-၂) http://www.jojar.net/2016/11/blog-post_32.html
တွေ့ဆုံမေးမြန်းခန်း၊ ဆရာမင်းသစ်နှင့် မာန်(တောင်လုံးပြန်) အပိုင်း (၃-၄) http://www.jojar.net/2016/11/blog-post_29.html

Comments