သစ်ခက်သံလွင် ကဗျာစင်မြင့် ၂၀၁၇ ၊ မောင်ရဲနွေ-ပလိပ်၊ မင်းလွင်နှင့် မြတ်လှိုင်းတို့၏ကဗျာများ

၂၀၁၇  
Pinterest
 သေနတ်သံတွေ ချုပ်ငြိမ်းပါစေ
ငြိမ်းချမ်းရေးတံခါး ပွင့် ပါစေ
ရေကြည်တပေါက် သောက်ပါရစေ…။ ။

မောင်ရဲနွေ-ပလိပ်
၁.၁.၂၀၁၇
….
၂၀၁၇ ပထမနေ့ 
Arshile Gorky
အားလုံးဟာ အရင်နေ့တွေက အတိုင်း
ဘယ်မှာရွာရမှန်းမသိသေးတဲ့တိမ်တွေ
ကောင်းကင်မှာ လက်လျားလက်လျားလုပ်နေ
Happy New Year 2017 လို့ မီးသွေးနဲ့ မသေမသပ်
ရေးထားတဲ့ အုတ်ခုံပေါ် ခွေးတကောင်အိပ်နေ
ချောင်းရေထဲအမှိုက်တွေ တရွေ့ရွေ့မျောနေ
၂၀၁၇ ဆီငါတို့ ရောက်သွားတာလား
ငါတို့ဆီ ၂၀၁၇ ရောက်လာတာလား
ဘယ်တုန်းကမှမရှိခဲ့တဲ့အချိန်ဟာ 
၂၀၁၇ ဝတ်ရုံကိုခြုံပြီး သေတ္တာတလုံးနဲ့ပေါ်လာ
အထဲမှာ ပြဿနာအသစ်တွေ ငြင်းခုန်မှုအသစ်တွေ
စစ်ပွဲအသစ်တွေ ပျင်းရိငြီးငွေ့မှုအသစ်တွေနဲ့အတူ
ပျော်ရွှင်မှုအသစ် မျှော်လင့်ချက်အသစ်လည်း ပါကောင်းရဲ့။

မင်းလွင်
မပြောင်းလဲတဲ့ လောက
PTG Arshile Gorky on Pinterest
 ငါတို့ပြောခဲ့ကြတယ်
ပြောနေသံတွေလည်း အမြဲကြားနေရတယ်
လောကဆိုတာအသစ်တဲ့
လောကဆိုတာအဟောင်းတဲ့
လောကကြီးပြောင်းလဲသွားပြီတဲ့
ဥခွံကျဉ်းကျဉ်းလေးထဲမှာ
ချောင်နေတဲ့ဦးနှောက်တွေ
အချိန်ရဲ့တိုက်စားခံနေရတယ်
ခေတ်ဆိုတာမြစ်လိုပါပဲ
ရေစီးကြောင်းထဲမှာ
ဝဲဂယက်နဲ့တွေ့ရင် လည်သွားတယ်
စနစ်ဆိုတာလည်း လူတွေလဲဝတ်တဲ့အင်္ကျီလိုပဲ
ဘုရင်လိုဝတ်ပြတော့ သက်ဦးဆံပိုင်စနစ်ဖြစ်တယ်
စစ်အင်္ကျီဝတ်တော့ စစ်အာဏာရှင်စနစ်ဖြစ်တယ်
ဟိုမရောက်ဒီမကျဝတ်ပြတော့
ဒီတွေကြိုသလိုလို ဒီတွေပြိုသလိုလို
ဖားတပိုင်းငါးတပိုင်းစနစ်ဖြစ်တယ်။
ဆွံ့အနားမကြားတဲ့လောကနံရံကြီးအပေါ်မှာ
စာရေးဆရာတွေတက်ရေးနေကြ
ပန်းချီဆရာတွေတက်ပြီးဆေးနဲ့ပက်လိုက်ကြ
သိုင်းဆရာတွေတက်ပြီး ဓားသိုင်းအကနဲ့ ခုတ်ထစ်လိုက်ကြ
စစ်တိုက်တမ်းကစားချင်သူတွေက လူလူချင်းပစ်ခတ်လိုက်ကြ
ဘဝဆိုတာကို လောကကြီးနဲ့ကိုင်ပေါက်ပစ်ကြ
ပြန်ဆင်းသွားတဲ့ခြေရာတွေ
အထင်းသားကျန်ခဲ့တာက အတ္တတွေပါပဲ။
နောက်ဆုံးတော့
လောကကြီးဟာ ဘာမှမပြောင်းလဲဘူး။  ။

မြတ်လှိုင်း


Comments