သစ်ခက်သံလွင် ကဗျာရှည်၊ ဒီလူည ရဲ့ "စသဖြင့် "

စသဖြင့်

Pinterest

၁။

သူ ဖြတ်သန်းသွားစဉ် သန်းဝေမှုကို ကြားလိုက်ရတယ်
အဟောင်းတွေဖြစ်လွန်းတဲ့နံရံကို ဆေးသုတ်ဖို့
သန့်ရှင်းလတ်ဆတ်တဲ့ စိမ်းစိမ်းစိုစို ကွင်းပြင်လေးတခုကို မ ' လာတော့
"စ နေ ၊ တနင်္ဂနွေ "ဟာ အိတ်ကပ်ထဲက ထွက်ကျသွားမှန်း
မသိလိုက်ဘူးလို့ လူကူးမျဉ်းကြားပေါ် လွင့်စင်သွားတဲ့
ချွေးစက်တွေက ပြောတယ်
ခုနစ် ရက်တပတ်ဟောစာတွေထဲမှာ ပျော်နေတဲ့ ခဏတာတွေဟာ
နေ ရောင် ထွက်လာလို့ နှင်းစက် လေးတွေ ပျောက်သွားသလိုမျိုး
လိုက်ကာကို တင်လိုက်တာနဲ့
မ နေ့က ကျန်နေတဲ့ ခြေ ရာတွေထဲ
ကွက်လပ်ဖြည့် ဖို့ အစ ဟာ ပြန်ရောက်လာ တယ်
မဆုံးနိုင်သေးတဲ့ ခရီးထဲ ရိုးသားနေတဲ့ အစ
ထုံထိုင်းမှုဟာ စက္ကန့်တံတွေကြားမှာ ကူးစက် မြန်လွန်းနေ တယ်။

၂။

နေ့စဉ်နှိပ်နေတဲ့ ခလုတ်တွေဟာ အံမကျဘူး
သူ ရပ်စောင့်နေတာ
ကားမှတ်တိုင် မဟုတ်မှန်း မသိလိုက်ဘူး
စာရွက်ပေါ် ချရေး ရ အလွယ်ကူ ဆုံးစကားလုံး ကို
သူ ရွေးချယ်လိုက်တယ်
နေကြာပန်းတွေ မပွင့်သေးတဲ့ အိပ်မက် ဆီ
ရောက်နေခဲ့တာ လက်ဆုပ်လက်ကိုင် ပြဖို့
သက်သေပြချက်တွေက လက်ထဲ အငွေ့ပျံနေတယ်
ဆောင်းရာသီထဲ ရေမှာကူးခတ် သွားလာ နေတဲ့
ငါးကလေးတွေကို ငေးကြည့်နေတုန်း ပေါ့။

၃။

ဖြစ်ပွားနေတဲ့ အဖြစ်အပျက် တွေဆီ
သူဟာ ခဏခဏ ကျွံကျနေတယ်
သတင်းထဲမပါတဲ့ သူ့နာမည်ကို လက်က ဆွဲပြီး
လမ်းလျှောက်ထွက်နေတဲ့ ည နေခင်း ထဲ
နှုတ်ဆက်မိတဲ့ ရယ်မောခြင်းတွေက လူမှား တာနဲ့ ကြုံနေရတယ်
ဖုန်းနံပါတ်တချို့ကို သူ အကြိမ်ကြိမ် ခေါ်နေ ပေမယ့်
ဆက်သွယ်မှုဧရိယာ ပြက် ပဆီ ရောက်နေတဲ့ ငိုက်မျဉ်းမှုတွေဟာ
ပင် လယ် လေ ရှူ နေတာ ဖြစ်နိုင် တယ် လို့
ဖန်သားပြင် ပေါ်က လိုရာပြည့်နေတဲ့
ကြော်ငြာတွေကို ကြည့်တိုင်းတွေးမိတယ်
ခဏတဖြုတ်သာ ခြားထားတဲ့ ငေးမော မှုတွေထဲ
ပိုးအိမ်တွေက ဦးခေါင်းတစ်ခုလုံး တွယ်စိုက် နေတယ်။

၎။

ထိုင် စောင့်နေတဲ့ ည တွေကများနေပြီ
သွေးပူလေ့ကျင့်ခန်း လုပ်နေတဲ့ မနက် တွေက များနေပြီ
ပြန်လာမယ့် လမ်းကို ငေးမျှော်နေတဲ့ ညနေဆည်းဆာ တွေကများနေပြီ
နေရိပ်အလာဆီ သွားနေတဲ့ ၉၀ဒီဂရီ ဖြာကျနေတဲ့ နေရောင်တွေက များနေပြီ
မြေပုံမပါဘဲ လျှောက်နေတဲ့ ခြေထောက်တွေလည်း
သင်ခန်းစာ သင်ယူနေရတာ များနေပြီ
အမိထိတိုင်း ခလုတ်ဖြစ်နေတာလည်း များနေပြီ
များလာတဲ့ အရက်ခွက်တွေထဲမှာ
လူနာမည် မှတ်မိလာတာလည်း နည်းလာပြီ
သိပ်ပြီး မထူးဆန်းဘူးလို့ ဖြေသိမ့် တွေး တော့
သူဟာ သဘာဝလွန် သိပ္ပံ ဇာတ်ကားတခုထဲ
ရောက် နေသလို ခံစားရတယ်
လွင့်နေတဲ့ တိမ်တွေ ထဲမှာ
တအုံတမကြီးပျံသန်း နေတဲ့ ငှက်တွေဟာ
ကိုယ့်နာမည် ကိုယ် ကျယ်ကျယ်အော်နေ ကြတယ်။

၅။

မှတ်မှတ်ရရ
အဲ့ဒီညတုန်းက သူဟာ ချန်နယ်တခုက လာတဲ့
Breaking news ကိုကြည့်နေတာ
မိုးစိုလာတဲ့ ရေစိုအဝတ်တွေကိုတောင် မလဲရ သေးဘူး
ခေါင်းရင်းဘက် အိမ်က လင် မယားနှစ်ယောက်ရဲ့
အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံကိုတောင် ကြားမိသေးတယ်
တဖြည်းဖြည်းနဲ့ အသံဟာ ကျယ်လာပြီး နားနဲ့မဆံ့တော့လို့
ဖွင့်ထားမိတဲ့ ပြတင်းပေါက်ကို  ပိတ်လိုက်ပြီး
တလက်လက်တောက်ပ နေတဲ့ အမှောင်ထဲက
ကြယ်ကလေးတွေကိုတောင် တဒင်္ဂငေးကြည့် နေမိသေးတယ်
အဲ့ဒီအချိန်အထိ
ညဟာ သူ့ဗီဇအတိုင်း ငြိမ်သက်လို့ပါပဲ
သူ မှတ်မိနေပါသေးတယ်
ဒီအထိ အဖြစ်အပျက်တွေက အေးအေးဆေးဆေးပါပဲ
နံရံမှာချိတ်ထားတဲ့
မတီးတာ ကြာပြီဖြစ်တဲ့ ဖုန်တွေတက်နေတဲ့ ဂစ်တာကိုတောင်
သူသန့်ရှင်းရေးလုပ် လိုက်သေးတယ်
ပြီးတော့
ပျင်းစရာကောင်းတဲ့ ခပ်ဝေးဝေးက
ဆွဲဆွဲငင်ငင်အူနေတဲ့ ခွေးတကောင်ကိုတောင်
စိတ်ထဲက မိမိရရ ကျိန်ဆဲလိုက်တယ်
အနှေးပြကွက်တခုလိုပါပဲ
အဲ့ဒီညက အကြောင်းတွေဟာ သူ့မှတ်ဉာဏ်ထဲ
ကြည်ကြည်လင်လင် ရှိနေတယ်လေ
နောက်တော့
ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တွေလွှင့်နေတဲ့
ချန်နယ်တခုထဲကနေ လေးလံစွာထွက်လာပြီး
မီးခလုတ်ကို ပိတ်လိုက်တယ်
မနက်ရောက်တော့
သတင်းစာတစောင်ထဲ သူ့နာမည်နဲ့
လူပျောက်ကြော်ငြာပါလာတယ်
သူဟာ အဲ့ဒီသတင်းကို လမ်းဆုံလမ်းခွမှာဖတ်ပြီး
လေကလေး ချွန်နေတယ်။

၆။

မြင်ကွင်းထဲမှာ ချစ်တဲ့စိတ်တွေက ရှုပ်ထွေးနေတယ်
ခေါ်ရာအရပ်ဆီ မရောက်နိုင်တဲ့ဆာလောင်မှုတွေက
သူတို့နဖူးပေါ် စာလုံးကြီးကြီးတွေကပ်ပြီး
တလမ်းဝင် တလမ်းထွက် လမ်းသလား နေတယ်
ခန်းစည်းလိုက်ကာကို ဖွင့်လိုက်ပေမယ့်
ပန်းရနံ့လေးတွေက ဆွံ့အနေကြတယ်
အခန်းသော့ကို ဖွင့်လိုက်ပေမယ့်
သီးချင်းသံက တိုးလျလွန်းနေတယ်
တကယ်မရောက်သေးတဲ့ လိပ်စာတခုမှာ
သူရဲကောင်းဟာ ဆိုက်ရောက်မယ့် ပန်းတိုင် ဆီ
မနားတမ်း ခုတ်မောင်းနေပေမယ့်
သူရဲကောင်းတွေက ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတယ်လို့
မှတ်တိုင်တွေမှာ စပီကာကို ရှိသမျှ အရပ်မျက်နှာတွေဆီ
ဖွင့်
ထား
တယ်။

၇။

မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ တိတိ ရှိပါပြီ
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မအားလပ်ပါသဖြင့်
ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရန်
လိုအပ်သောအချက်အလက်များသည် အ မှောင်ရိပ်တွင် ကျရောက်နေသောကြောင့်
Data များထွန်းပြီး ရှာဖွေရန်မှာ
သင် ၏လက်ကျန် ငွေသည် ၂၀၀ ကျပ် အောက် လျော့နည်းနေပါပြီ
သူသည် ဒိုင်အောဂျနီးစ် နှင့် အထက်ပါ အကြောင်းအရာများကြား
မီးအိမ်ကလေးကို ပိတ်ပြီး ငြင်းခုံနေသည်
မိုးခိုနေထသော ဇာတ်ဝင်ခန်းတခုထဲတွင်
သူတို့၏ထီးများသည်
အ ပေါင် ဆိုင် ၌ သံချေး တက်နေ သည်။

၈။

စသဖြင့်
စသဖြင့်
ကျန် ရှိသေးတဲ့ လက်ကျန် သက်တမ်းထဲ
အိပ်ရေးပျက်နေတဲ့ ည တွေက
စုဗူးလေးထဲ မျိုးပွားနှုန်းတွေ မြန်နေတယ်။
 

ဒီလူည

Comments