သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းခါး၊ ကိုပွေး နဲ့ နိုင်ထက်နိုင်တို့၏ ကဗျာများ

ပိုးဟပ်ဖြစ်လာမယ့်နေ့ကို စောင့်နေတယ်
....... စောင့်နေတုန်းပဲ
Chriss Pagani Art
ပိုးဟပ်ဖြစ်သွားတဲ့ ငါ့ကိုကြည့်ပြီး
ပိုးဟပ်တွေကို ငါ မမုန်းပေမယ့်
ပိုးဟပ်တွေကို မြင်ရရင် ငါ စိတ်မသက်မသာဖြစ်နေမှာ
ငါတော့ ခွကျမှာ အမှန်ပဲ
ငါက ရထားပေါ်က ထွက်ကျလာတဲ့ လိမ္မော်ခွံမှ မဟုတ်ဘဲ
ငါက မဟုတ်တာကို အဟုတ်လုပ်ပြောတဲ့
စိတ်ကူးယဉ်စာသားတွေမှ မဟုတ်ဘဲ
ငါက ပိုးဝက်တယောက်လေ
ပိုးဟပ်ကောင်တွေကို
ကဗျာရဲ့ဘယ်နေရာမှာထည့်သွင်းရမယ် ဆိုတာ
ငါ သိတာပေါ့
သိတယ်ဆိုပေမယ့် စင်းလုံးချောတော့ ဘယ်ဟုတ်မလဲ
ပိုးဟပ်ပက်လက်လှန်ထားသလို
ယက်ကန်ယက်ကန်နဲ့ လည်နေတာမျိုး
ငါ့အဖြစ်က အဲဒီလိုပါ
ထိုစဉ် ပိုးဟပ်များရောက်လာကြသည်
ပြောပါဦး ပိုးဟပ်ကိုမြင်ပြီး စိတ်ညစ်သွားတဲ့အကြောင်းလေး
မင်းကိုယ်မင်း ပိုးဟပ်ဖြစ်သွားမယ်ထင်တာ ပြဿနာမဟုတ်ဘူး
ပိုးဟပ်တကယ်ဖြစ်သွားရင် ဘာလုပ်ရမှာပါလိမ့် လို့
တွေးနေရင်တော့ မင်းအပြစ်ဖြစ်သွားပြီ
စသဖြင့်ပေါ့။ ။

လင်းခါး
ဒီဇင်ဘာ ၂၀၁၆
ဆူးများစူးပြီးနောက်
Bug Squad
 နှုတ်မရတဲ့ ဆူးပဲ
ဘယ်ဘဝက  စူးခဲ့လည်းမသိ
ဖျတ်ခနဲ ထထပျံရမတတ် နာတယ်
တခုတ်တရ ပြာပြာသလဲ ငိုမိတယ်

တိမ်ပြာတွေ လွှင့်သလိုပါပဲ
စိတ်တွေစုစည်းပြီး အားကုန်ရွာချတယ် ပြီး
ဇီဝဇိုးလို အန်တယ်
အသွေးအသားဟာ ဆေးဝါးဖြစ်ပါစေဆိုပြီး
နှလုံးသားထဲ ပွင့်တဲ့ပန်းတွေ မျိုးယူတယ်
တဆစ်ဆစ်အော်နေတဲ့ကမ္ဘာမြေထဲ
အဆက်မပြတ် ကြဲတယ်

မိုးများ တဖြုတ်ဖြုတ်ကြွေပြီးနောက်
ရွက်သစ်တွေဟာ ဆူးလို ဖောက်ထွက်
ဝေနေကျနှင်းကြား တအားအားအော်ရင်း
ခြစ်ခြစ်တောက်နေကို ကြိုကြတယ်

နှုတ်မရတဲ့ဆူးဟာ ပြောမရတဲ့အဆုံး
သုံးရာသီလုံးကို တူးပြီး မြေမြှုပ်တယ်

ပိရမစ်တွေဟာ ဂူသင်္ချိုင်းဆိုပြီး
လပြည့်တိုင်း လကိုကြည့်လို့ တမ်းတသသ
လွမ်းရပုံများ ဝပ်နေတဲ့ယုန်ကလေးကို
သေသလားရှင်သလားမသိ စွဲငြိခဲ့ပုံများ
ဝေးလွန်းပါတယ်
တမလွန်က သစ်ရွက်တိုးသံများတရှပ်ရှပ်
ဝိညာဉ်ဟာ လိပ်ပြာလို ဝဲတယ်
ပြီး တဟုန်ထိုး စိုက်ချလိုက်တယ်
တစ်သက်နဲ့တစ်သက် ဒဲ့လဲလိုက်သလိုမျိုး
ဓြးမိုး လှံမိုးများ အောက်မှာ
ပျော်ပျော်ကြီး ကနေပုံများ  ။   ။  

ကိုပွေး    
တရွေ့ရွေ့လမ်းဟာ ရွေ့တယ်ဆိုရုံ
 
Pinterest
 ဟိုမှာကြည့်စမ်း
ညနေရီ
အိမ်အပြန် အဝေးပြေးကားကြီးတွေ
ဇောချွေးတွေနဲ့အိပဲ့လေးလံနေပုံ
နေညိုညို ရောင်နီရဲ့ပိုက်ကွန်မှာ
ငြီးငွေ့နေသလိုမျိုး ။
တဖွဲဖွဲကြွေနေဆဲ ပြတင်းများ
အမျှော်မှာ ဆာလောင်မှုတွေ
မျက်ရည်လို တွဲလွဲခို ။
ငိုနေဆဲ အိမ်ကလေးရဲ့နောက်ခံမှာ
ကောင်းကင်းဟာ ရဲညို့မှိုင်းနီ။
အရိပ်ရှေ့ ဖျပ်ခနဲမျက်ဝန်းဟာ
ကျင့်သားရအနေအထားနဲ့
အထိတ်တလန့် ခတ်ထုတ်လိုက်တော့
အိမ်ခေါင်းမိုး အပေါက်တွေကနေ
အမှောင်တွေစီးကျနေရဲ့။
သုံးရာသီ ပိတ်ကားပေါ်
ကြယ်တစ်စင်းတလေရဲ့
အလင်းတစ်စက်တောင်
တွေ့မြင်ခွင့်မရသော ဘဝများ 
ခိုက်ခိုက်တုန်ပြာရီ။ ။ 

နိုင်ထက်နိုင်

Comments