Thursday, December 15, 2016

k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ ကိုပွေး နှင့် ဝေယုတို့၏ကဗျာများ

မကောင်းတဲ့ အမှန်တရား
KT#
 မတရားမှုတွေတောထလာတဲ့အခါ
အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့
တန်ပြန်တာတွေ ဖြစ်လာမြဲ။
ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးက
အသေအကျေ ပြန်ကိုက်မှာပဲ။
ငြိမ်းချမ်းရေးကို မတရားမှုနဲ့
တည်ဆောက်လို့ရသလား။
မတရားသဖြင့်သေသွားရတဲ့ ဝိညာဉ်တွေက
အမှန်တရားကို အကြွေးတောင်းသလို တောင်းနေတယ်။
ကောင်းကင်ဘုံရော ငရဲမှာပါ
အခွင့်ထူးခံတွေမရှိဘူး။
တမလွန်ကျမှ အမှန်တရားနဲ့တွေ့ရမယ်ဆိုတာမျိုးက
ဘယ်သူ့အတွက်မှ မကောင်းဘူး။

နရီမင်
၁၅- ၁၂- ၂၀၁၆
ဖြောင့်ချက် 
KT#
ပိတ်ထားတဲ့လူ့ဘုံတံခါးကို
အမေက တွန်းဖွင့်လိုက်တယ်
စစ်က လူသေကောင်တွေ  စုတယ်
နံရံလေးပဲခြားတော့ မြင်ရတယ်
တဘုံနဲ့တဘုံဟာ ပါးပါးလေးနဲ့နီးနီးလေး
အမေ့လက်နဲ့ထိမှ အသက်ကမီးလိုလင်းတယ်
အတိတ်ကြောင့် ငိုမိတယ်
စိတ်ကို တိမ်ကဖိတယ်
မိုးက မြိနေတဲ့ ဓားပဲ
သွေးဟာ နှင်းလို တစက်စက်
ပါးစပ်ကို အားကုန် ဖွင့်ထားလိုက်တယ်
မှတ်မိတာ ဒါအကုန်ပါပဲ ။ ။ ။

ကိုပွေး 
အလင်းနဲ့ အမှောင်ကြား ငါ
KT#
 အမှောင်ဟာ နိမ့်ဆင်းလာတယ်
သူဟာ သူနဲ့မတူအောင်ကိုပေါ့
သူ့မျက်နှာ
အမျိုးမျိုးပြောင်းလဲတပ်ဆင်ပြီး
သူမတူအောင်
အမှောင်ဟာ ရွပ်ရွပ်ချွံချွံ နိမ့်ဆင်းလာတယ်
အလင်းက
နဘေးနားကွက်တိကွက်ကျားရစ်သီရစ်သီနဲ့
ကြိုးနဲ့ဆွဲခေါ်လာသလား ထင်မှားရ
အလင်းက
အမှောင်ကိုအမှောင်ရှိတဲ့ဆီဆွဲခေါ်ပြီး
အမည်ပေးကင်ပွန်းတပ်ပွဲလုပ်တယ်
အမှတ်တရပွဲတွေဘာတွေကျင်းပတယ်
သူ့အမည်ဟာ
မာကျောတဲ့အရာဖြစ်စေတယ်
အလင်းက ဗုံသံတွေကိုအမှောင်နဲ့အတူ နားစွင့်တယ်
ဗုံသံတွေ တဖြည်းဖြည်းအက်ကြောင်းရာထလာတယ်
အလင်းက ငြိမ်းချမ်းရေးကိုတောင်းဆိုတယ်
အမှောင်က
စစ်ပွဲတွေကိုပုလင်းအလွတ်တလုံးထဲမှာထည့်ပြီး အဖုံးဖုံးထားတယ်
အမှောင်ဟာ အလင်းနားမှာရို့ရို့လေးရပ်လို့
အမှောင်ဟာ ပန်းပွင့်တွေကိုပုံပြင်ပြောချော့သိပ်ပြီး
ကျေကျေနပ်နပ်အပြုံးမျိုး ပြုံးတယ်
အမှောင်ဟာ နှင်းထုကိုပို၍သိပ်သည်းစေကြောင်း
အလင်းက သူ့အမြင်အားနဲ့ကောင်းကောင်းသိခဲ့ တခါတခါမှာအမှောင်ဟာနာနာကျင်ကျင်အသံကိုလည်း ပြုတတ်သေးတယ်
ငါကတော့ အလင်းနဲ့အမှောင်ကြား တကွက်ချင်း နင်းကစားလို့
အလင်းက ကျောခိုင်းပေးလိုက် အမှောင်က ဖြတ်ပြေးသွားလိုက်
အလင်းက တတီတီထမြည်လိုက်
အမှောင်က ခေါင်းငုံ့ထားလိုက်
အလင်းနဲ့ အမှောင်ကြား ငါ ယားစိတ်ကိုသိမှတ်လို့ ။ ။

ဝေယု