ခရီးကပြန်ရောက်ပြီး
နောက်တနေ့
မင်းလွင်
သယ်စရာပစ္စည်းတွေ မရှိတော့ပေမယ့် လေးလံမှုက ပိုလာတယ်။ ညှပ်ဖိနပ်စီးထားတဲ့ ခြေထောက်ဟာ
အားကစားဖိနပ်စီးပြီး ခြေနင်းကိုနင်းရတဲ့ ခြေထောက်ထက်တောင့် တင်း ညောင်းညာနေတယ်။
ခြေအိတ်ဟောင်းဆီကရတတ်တဲ့ အောက်သိုးသိုး အနံ့ကိုမရတော့ တခုခု လိုနေသလို။ ခရီးတုန်းက
အနည်းငယ်ထိခိုက်မိပြီး သွေးစို့နေတဲ့ ညာဘက်ခြေသလုံးက ဒဏ်ရာကိုကြည့်ပြီး
ငါအနည်းငယ်ပျော်ရွှင်လာတယ်။
မနက်က ကားသံတွေနဲ့ တခြားဘာမှန်းမသိတဲ့ အသံတွေကြောင့် ရုတ်တရက်
နိုးသွားတယ်။ အပြင်ဘက်ကြည့်လိုက်တော့ မနေ့ကလိုသစ်ပင်တွေ လယ်ကွင်းတွေအစား ကွန်ကရစ်တိုက်တွေ
ဝန်းရံ ထားတယ်။ ဒီနေဘာနေ့လဲဆိုတာ မမှတ်မိပေမယ့် ဘယ်နှရက်နေ့ ဆိုတာတော့ မှတ်မိတယ်။
ဂီယာပျက်လို့ ပြင်ဆိုင်ပို့ထားတဲ့ စက်ဘီးကလွဲရင် ကျန်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ
အားလုံးပုံမှန်ပဲ။
မြို့ပြကြီးက
ပလက်ဖောင်းပေါ်မှာ ငါ့ခြေထောက်တွေ ကောင်းကောင်းအလုပ်မလုပ်ဘူး။
အထပ်မြင့်တိုက်ခန်းတွေပေါ်တက်ရတာ ကုန်းတက်တွေကို ဂီယာကြီးနဲ့ နင်းတက်ရတာထက်
ပိုပင်ပန်း တယ်။ လမ်းပေါ်က လူတွေရဲ့မျက်နှာဟာ ခရီးတလျှောက်တွေ့ခဲ့ရတဲ့ သစ်ပင်တွေနဲ့ မတူဘူး။
ခရီးတလျှောက် ငါ့ဘေးက ကပ်ကပ်ပြီး အပြင်းမောင်းသွားတဲ့ ကားတွေလိုပဲ။ အားလုံးဟာ ခေါင်းထဲမှာ
ပရိုဂရမ်တစ်ခုရိုက်ထည့်ပြီး သတ်မှတ်ထားတဲ့နေရာကို ရောက်အောင်သွားနေကြသလို။ ခရီးမှာ
ငါနှုတ်ဆက်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မျက်နှာဟာ လမ်းမှာ ငါကျပျောက်ခဲ့တဲ့
ဇစ်ပိုမီးခြစ်နဲ့အတူ တနေရာရာမှာ ရှိနေပါလိမ့်မယ်။ ဒီမှတော့ ကျောင်းသွားတဲ့ ကလေးတွေဟာ
ခရီးမှာ ငါမကြာခဏ မြင်ခဲ့ရတဲ့ သိုးလေးတွေလိုပဲ။
လမ်းပေါ်က ကားတွေနဲ့ လမ်းထောင့်က လူတွေကိုကြည့်နေရင်း ခရီးထွက်တုန်းက
မနက်ခင်း တခုကို သတိရတယ်။ ကချင်ရွာက တဲတလုံးမှာအိပ်ရာနိုးပြီး လမ်းပေါ်ထွက် မြောက်ဘက်ကိုမျှော်ကြည့် လိုက်တော့
မြူတွေ နှင်းငွေ့တွေကြားက ကျောက်တုံးတင်းကြမ်းနဲ့ လမ်း။ အလင်းရောင်မမွေးဖွားသေးတဲ့ အဲဒီအချိန်က အဲသည်မြင်ကွင်းဟာ လျှို့ဝှက်စိတ်ကူး ယဉ်ဆန်ပြီး
စိန်ခေါ်မှုအပြည့်နဲ့ မြင်ကွင်းပဲ။
မြို့ထဲက ကုန်တိုက်ကြီးတွေ ဈေးဝယ်နေရာကြီးတွေကို ငါမြန်မြန်ဖြတ်ခဲ့တယ်။
ညနေမှောင်စပျိုးချိန်မှာ ကချင်ရွာတရွာအဝင်က (ရိုးရာကိစ္စတခုခု လုပ်ထားပုံရတဲ့)
တိရစ္ဆာန် ကြီးငယ်တွေ ရဲ့ခေါင်းတွေချိတ်ဆွဲထားတဲ့ သစ်ပင်တန်းကို တအားနင်းပြီး
ဖြတ်ခဲ့သလိုမျိုးပဲ။
ခရီးကပြန်ရောက်ပြီး နောက်တနေ့ဟာ ဘာနေ့လဲဆိုတာ ငါမသိဘူး။ ဘယ်နှရက်နေ့လဲဆိုတာတော့
ကောင်းကောင်းသိတယ်။ မြင်ကွင်းတွေ အသံတွေ အနံ့တွေ ခံစားမှုတွေ ဟာ နှစ်ထပ်တွေဖြစ်နေတယ်။
လက်ရှိခံစားမှုနဲ့ ခရီးကရတဲ့ အာရုံတွေဟာ တခုနဲ့တခု ထပ်နေ ရက်ဖောက်နေကြတယ်။ မြို့ကြီးထဲမှာထိုင်ပြီး
ငါမသိတဲ့လူတွေကိုကြည့်နေရင်း ခရီးတုန်းက ငါဖြတ်ကျော် ခဲ့တဲ့သစ်ပင်တန်းတွေကိုပဲ
သတိရနေတယ်။ ခရီးတုန်းက စက်ဘီးနင်းနေရင်း ငါဘာတွေးနေလဲဆိုတာ
ခုပြန်စဉ်းစားမိတယ်။
ခင်ဗျားသာ စက်ဘီးနဲ့ ခရီးရှည်တခုထွက်ဖူးခဲ့ရင် ခရီးကပြန်ရောက်ပြီး
နောက်တနေ့ကို ပိုနား လည်နိုင်လိမ့်မယ်ထင်တယ်။
မင်းလွင်
Comments
Post a Comment