သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မင်းချောမြင့် ရဲ့ " လူသားတခြမ်း ပြီးတော့ ကမ္ဘာကြီးက တခြမ်း "

လူသားတခြမ်း

  ပြီးတော့ 

ကမ္ဘာကြီးက တခြမ်း

 
Art Canyon 

မြို့လေးကို
အစာရေစာ ဖြတ်ရမယ့်လမ်းမှာ ကင်း ကျနေတယ်
ရက်ကြာရှည်လာတာနဲ့
မြို့လေးဟာ နေထိုင်မကောင်းတော့
လုံးပါး ပါးလာတဲ့ ပုံ

ရန်သူမှာလည်း မိသားစုတွေ ရှိတယ်
မိသားစုတွေကလည်း ဆာလောင်မှာပဲ
ငတ်မွတ်မှုဟာ
တော်လှန်ရေးကို ဆုံးမှာမဟုတ်ဘူး

မယုယဖြစ်လည်း
မြို့လေးက
ပုပ်သိုးတော့မှာ

မြို့လေးပေါ်မှာ
ကြယ်တွေ ကျေ  ကွဲ
လူမမယ်လေးတွေ လန့်လန့် အော်သံဟာ
ဒါပဲ

အလိုမတူတာနဲ့
အလိုတူတာပဲ ကွာတယ်

ချီးမွမ်းခန်း ဖွင့်လေ့မရှိဘူး
ကင်းကျနေတဲ့ စစ်သားလေးဟာ ချောက်ချား လာတယ်
အစာရေစာက
သူ့အတွက်ကျည်ပဲ

ရေဘူးကို ထုတ်သောက်တယ်
ပြီးတော့ စီးကရက် ဖွာတယ်
အစာရေစာ အတွက် အသက်စွန့်လာသူတွေကို
သုတ်သင်ရဦးမယ်
ဦးခေါင်းက လေ့ကျင့်ထားခြင်း ခံရ

ရိက္ခာကို လက်နက်နဲ့ လဲရင် ကောင်းမလား
လက်နက်က ရိက္ခာ ရှာရမယ်
မြို့လေးထဲက အသေခံ ထွက်လာကြတယ်

ဇာတ်လမ်းအရ
အားကြီးတဲ့ဘက်က အောင်ပွဲခံ
သွားတဲ့ပုံစံ

သမိုင်းဆရာတွေကတော့
အလုပ်ရှုပ်သွားတော့တာပါပဲ

ကင်းသမားက သူ့နားထင်
တေ့ဖြုတ်သွား
မြို့လေးက မကြာခင် သေဆုံးသွားတော့တာပါပဲ


မင်းချောမြင့်

Comments