သစ်ခက်သံလွင် အက်ဆေး၊ သင်းရည်လွင်၏ " လေချွန်နေသော တိမ်တွေ"



လေချွန်နေသော တိမ်တွေ
boards.fireden.net
           သည်နေ့အဖို့ ကောင်းကင်နှင့်ဆင်ဆင်တူသောမြင်ကွင်းတို့  ငေးကြည့်ဖြစ်သော နေ့ ဖြစ်လေ သည်။
          ခုချိန်တွင် အသက်ရှုရန်မေ့နေသော အသက်ရှုရန် သတိမရသော အချိန်လည်းဖြစ်သည် ။
          လူအများသည် မိမိကျင်လည်ရာ နှစ်သက်ရာ မိမိဆန္ဒရှိရာ မိမိဆန္ဒမရှိရာ မိမိဆုံးဖြတ်ရာ ဖြစ်သင့် ရာတို့ အလွဲလွဲအချော်ချော် တီးမှုတ်ကခုန်နေကြသည်။ ပန်းပင်တချို့နှင့် သစ်ပင်တို့လည်း အလိုရှိသလို ဖူးပွင့်နေကြဆဲ။  မြက်ပင်လို ယိမ်းတတ်သူတို့မှာ နေသားတကျ။
          စိတ်ပျက်နေသောတောအုပ်တခု။ ထိုင်ငိုင်နေသော မြစ်တစင်း။          အလိုက်သင့်စီးမျောရသောနေ့။
          ခုတ်ထစ်လှီးဖြတ်ခံ စွန့်စားခန်းများ။ နေ့တဓူဝမြည်းကြည့်နေရ။ မစားရဝခမန်းအပျော်တို့ ဝေဝေဆာဆာ။ ဓားကို ဓားအိမ်ထဲ သံချေးတက်စေလိုက်သည်။
          တောင်ခါးပန်းလေးကို လှေကားထစ်ထားသော တဲကလေးတည်ရာသည် အထီးကျန်ဆန်ခြင်း မှာပျော်မွေ့နေခဲ့။ သူ့အဖို့ရပ်တည်နေရခြင်းကိုသာ ကျေနပ်သူ ဖြစ်သည်။ ကမ္ဘာကြီး အရေးခင်းကိစ္စ
ဟူသမျှ သူနှင့်မဆိုင်သလိုနေသည်။ ဒါကို ဘဝတခုဟု သူမသတ်မှတ်။

          နေဝင်နေထွက်တို့သည်အလို အလျှောက် ပွင့်သောခလုပ်တခုသာ ။
          တောအုပ်ကလေးသည် တနေ့လုံးတညလုံးအလုပ်လုပ်နေသော ပျားတို့ကို ချစ်ခင်လျက် ရှိသည်။ နေ့စဉ်မအားရသောပျားတို့ မပျင်းမရိ ။ တခါတရံ အမောင်ပျားတို့သည် ရန်သူကို အုပ်စုဖွဲ့ တိုက်ခိုက်တတ်ပြီး စုရုံးမှုကိုလည်း သဘောကျနေသည်။
          အရိပ်သေးသေးတခုထဲ အိပ်မပျော်ဖြစ်နေသော သမင်တကောင်ကိုတော့ တောအုပ်ကလေးက သနားနေပြန်ရော။ ရေတပေါက်သောက်ရဖို့ မိုင်အတန်ငယ်ဝေးသော ခရီးကိုလည်း သတိရနေ သည်။ လူမျက်နှာဖုံးတတ်ထားသူအချို့ကိုတော့ အမုန်းဆုံးဟု တောအုပ်ကလေးက ညဉ်းညူပြော တတ်သည်။
          နေ့စဉ်သစ်ပင်ကြီးငယ်တို့ ကျိန်စာသင့်သည်။
          တောအုပ်ကလေးအသည်းဟက်တက်ကွဲလို့။
          သည်အခါမျိုးဆိုလျှင် တောင်ခါးပေါ်ရှိ လှေခါးထစ်တဲအိမ်ကလေးသည် သူ့တီးတိုးဖော် ဖြစ် သွားပြန်သည်။
          စမ်းချောင်းလေးကလည်း ထပ်တူခံစားသူသာဖြစ်နေတော့သည် ။
          တဖြေးဖြေး ခြောက်သွေ့ လာသောအိပ်မက်နှင့်တူသည့် သူ့ ရင်ဘတ်ကိုသူနာကျင်လာသည်။ ပြန်လည်တုံ့ပြန်လိုသော စကားများအုံကျင်းဖွဲ့နေသည်။
          စကားဝိုင်းတခုကြုံလာတိုင်း သည်လိုသာဆိုရင်တော့ကွာဆိုသည့်စကားသည် သူ့ခံစားချက်အတွက် မလုံလောက်မှန်းသိသိ သူခံစားနေသည်။
          သီချင်းသံသည် ဝါးရွက်တို့ဆီမှကြားရသည်။
          ငိုသံနှင့် ဆင်တူပြန်သည်။ ငှက်ကလေးတွေ ပျောက်နေကြောင်း သတင်းရသည့်နေ့က ငိုမိသည့် အကြောင်းအမှတ်ရမိသည်။ သူ့မှာ မျက်ရည်ကျရမည့်ကိစ္စ တော်တော်များနေသည် ထင်သည်။
          နွေညများတွင် တော်လဲသံလို အသံတွေကြား သေဆုံးသွားသော သူ့အပေါင်းအဖော်တွေ အကြောင်း ပြန်မတွေးချင်လည်း ပြန်တွေးနေဖြစ်သည် ။
          အတ္တများကြောင့် ပျက်ခဲ့သော ဘဝတွေအကြောင်း တေးဆိုတတ်သော ငှက်ကလေးတွေ အကြောင်း ပြေးပြေးလွှားလွှား ကစားရင်းငြင်းခုန်ပျော်ရွှင်နေတဲ့ ရှဥ့်ကလေးဖိုးထူးတို့အကြောင်း အမြဲရန်ဖြစ်နေတဲ့ မျောက်ညိုညီအကို စသည်ဖြင့်။
          အရာအားလုံးဖြစ်ခြင်းသည် အမှတ်တမဲ့မဟုတ်ကြောင်း တယောက်ယောက်ကို ပြောပြချင်သည်။ အရာအားလုံးပျက်ခြင်းသည် တစုံတယောက်ရဲ့စနစ်တကျကြံစည်မှုဖြစ်ကြောင်း သိစေချင်သည်။
          သို့သော် သူသည် တောအုပ်ကလေးသာဖြစ်သည်။
          တိမ်တွေ မိုးမရွာတာ လေပြင်းတွေတိုက်တာ တောအုပ်တွေမရှိတော့လို့ပေါ့လို့ပြောသံကြားတိုင်း သူ့ ရင်ဘတ်တနေရာက စူးစူးနစ်နစ် ဖြစ်သည်။
          တချို့သည် ကိုယ်ချင်းစာတရား နွမ်းပါးလွန်းသည်။ ရိတ်သိမ်းချင်သူတွေများသည်။ လေပူတွေ ထဲအပူတွေ ကြီးလာသည်ထင်သည်။ သစ်ရွက်ခြောက်အချို့ကြွေလက်စနေသည်။ စမ်းချောင်းလေးရှိရာ သူပြေးထွက်လိုက်သည်။ ရေတို့အဖြစ် စီးဆင်းပြသည်။ သို့သော် တုံ့တုံ့ဆိုင်းဆိုင်း။  အချို့သစ်ပင်အမြစ်နှင့်ငြိနေသောသစ်ရွက်ကြွေတွေ မြင်ရသည်။ အနာဂတ်လို
ရှင်သန်ရန် ခက်နေတာမျိုးဖြစ်သည်။
          စိတ်ပျက် လက်ပျက်စမ်းချောင်းလေးဘေးမှာ သူငိုကြွေးလိုက်သည်။ အချိန်ဘယ်လောက်ကြာပြီမမှတ်မိသည်အထိ။ 
          ကျယ်လောင်သော အသံတခုကြားမိသလို ရှိသည်။
          ယဉ်ပါးနေကျ အသံဖြစ်တာသိသည်။ လူတို့ပြန်လာကြပြီ။ အတုံးအရုံးလဲကျနေသော သစ်ပင်တို့ကိုသယ်ယူကြတော့မည်။ ရင်တခုလုံး ဆူပွက်လာသည်။
ခံစားနေကြ ခံစားမှုရနံ့များ လွင့်ပျံ့လာသည်။
ထူးဆန်းသည်က သူငိုကြွေးရန် မျက်ရည်မရှိတော့တာဖြစ်သည်။
          တောအုပ်တခုလုံးငြိမ်သက်သွားပြီ။ သူတို့သည် နေ့အဖို့ ကျေကျေနပ်နပ် ကစားခဲ့ကြပြီး ဖြစ်သည်။ အသေကောင်တခုလို သူရပ်နေသည်။ စိတ်ပျက်ခြင်းကိုတောင် မငြီးတွားနိုင်အောင် ဖြစ်သည်။
          သည်အချိန်မှာပဲ လေချွန်သံတခုကို နားထဲသေသေချာချာ  ကြားလိုက်ရသည်။ သေချာသည်
အရောင်ပြောင်းတတ်သော တိမ်တွေဟု ထင်သည်။


သင်းရည်လွင်
၂   ၀   ၁    ၆


Comments