သစ်ခက်သံလွင်ကဗျာစင်မြင့်၊ မြင့်အောင်သန့်၊ မင်းလွင်၊ သိင်္ဂါလှိုင်နှင့် ကိုခြူးလေး (MP) တို့၏ကဗျာများ

မာယာ
Pinterest
  ဒေးဗစ်ကော့ပါးဖီးက
သိန်းငှက်လို လေဟုန်စီးပြတယ်။

ဗင်ဂိုးက
အပျက်မတယောက်ကို
သူ့ နားရွက်တဖက် ဖြတ်ပေးခဲ့တယ်။

ဝင်စာမြို့စားက
နှစ်လင်ကွာမိန်းမအတွက်
ထီးနန်းကိုစွန့်ရခဲ့တယ်။

မိခင်က
ကလေးငယ်ကိုရင်ခွင်ထဲ ပွေ့ချီထားတဲ့
ပန်းချီကားချပ်
သူမထံအပ်နှံပြီး နှင်းမသည်းမီ
ကျနော်တို့လက်ထပ်ထိမ်းမြားလိုက်ကြတယ်။

မြင့်အောင်သန့်
ဖုန်းဖြူဖြူမည်းမည်း ဆက်ရရင်ပြီးတာပဲ
www.pinterest.com
ခုတော့ ကိုယ်ဟာ ရထားသံလမ်းပေါ်
တင်ထားခံရတဲ့ ကျောက်ခဲတတုံးလို
ကွဲအက်ဖြာထွက်ဖို့ အသင့်ဖြစ်လို့

ပင်လယ်ရေအောက် လီပေါင်းတစ်သောင်းက
မငြိမ်မသက် ဂျယ်လီငါးတကောင်လို
ဘယ်သူမှမသိတဲ့ လင်းလက်မှု တလွင့်လွင့်နဲ့

တွင်းနက်ထဲက ခေါင်းလောင်းသံလို
သန်ခေါင်ယံ အိပ်ရာဝင်တေးသံလို

ဖုန်းဖြူဖြူမည်းမည်း ဆက်မရလည်း
မင်းမျက်လုံးကို မှိတ်ပါ အသက် ပုံမှန်ရှူပါ
ကိုယ့်အတွေးလှိုင်းကို ဖမ်းယူနားဆင်ပါ။


မင်းလွင်
 ညတုန်းက မျက်လုံးတွေ လော့မကျခဲ့ဘူး
Pinterest
 မိုးလင်းသွားတဲ့မျက်လုံးက
ပျော်စရာတွေ မှည့်ဝင်းနေလား ရှာကြည့်တယ်
အိပ်စက်ခဲ့သမျှ အိပ်ရာလိပ်က
မြေကြောပျက်ရွေ့လှုပ်ရှား
မအိပ်စက်ခင်က ပုံစံမဟုတ်တော့
အိပ်စက်ခြင်းအခွံသက်သက်မှာ
စက္ကန့်တန်လေး ခြေသံကြားနေရတယ်
အိမ်မြောင်အစာခွဲသံ တတောက်တောက်နဲ့
ညမအိပ်တဲ့စိတ်တွေ
စိမ်းလန်းသောဘဝကို အိပ်မက်ထဲခေါ်ကြည့်
တန်စတင်ပျက်တဲ့မီးလုံးမှ
ခလုတ်ခဏခဏ မီးဖွင့်နေမိတဲ့နေတဲ့ည
အဝေးက လင်းကြက်တွန်သံပဲ ကြားနေခဲ့ရပေါ့။

သိင်္ဂါလှိုင်
မင်းတို့ ငါတို့ ရဲ့ကမ္ဘာ...  
Design Shovel
 ငါနဲ့ မဆိုင်ပါဘူးကွာဆိုပြီး
တိမ်တွေကိုငေးကြည့်တယ်။
အဲဒီအချိန်
ငှက်ကလေးတွေ
ပြေးနေတာ မြင်ရတယ်။
လေယာဉ်တစီး
ဖြတ်သန်းပျံလွှားနေတာလည်း
ကြုံရတယ်။
ငါနဲ့မဆိုင်တာတွေလည်း အများသားပါလားလို့
ငါ စဉ်းစားတယ်။
ခဏတာ အချိန်ကြာတော့
ငါ့ခန္ဓာကိုယ်ပေါ် မိုးစက်တွေကျလာတယ်။
ဒါဆို...ငါသိပြီ။
အဲဒီလိုနဲ့ ကမ္ဘာကြီးတခုလုံးကို ငါ ရလိုက်တယ်။  ။

ကိုခြူးလေး(MP)

Comments